စက်တင်ဘာ-၁၀၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ ဒီကနေ့ (စက်တင်ဘာ ၁၀)မှာ “သင့်မဲဖြင့်တရားဝင်လူသတ်ခွင့်မပေးနဲ့” ကြွေးကြော်ကာ စစ်ကောင်စီရဲ့ ရွေးကောက် ပွဲကို ဆန့်ကျင်ကြောင်း အသီးသီး ဆန္ဒပြခဲ့ကြပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာ နောက်ပြန်မလှည့်ကြေးဒီတော်လှန်ရေးသပိတ်စစ်ကြောင်းဟာ “ဖက်ဆစ်ရွေးကောက် သပိတ်မှောက် တော်လှန်ရေးကိုရဲရဲလျှောက်” စာသားနဲ့ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

တော်လှန်ပြည်သူတွေဟာ “သင့်မဲဖြင့် တရားဝင် လူသတ်ခွင့်မပေးနဲ့” ကြွေးကြော်ပြီး ဖမ်းဆီးထားသောနိုင်ငံခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးချက်ချင်းလွှတ် ကြွေးကြော်သံတွေနဲ့ ချီတက်ခဲ့ကြပါတယ်။

Public Service Announcement
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းဟာ မတရားတဲ့စစ်မှုထမ်းဥပဒေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ လှုံ့ဆော်ခဲ့ပါတယ်။
ရွှေဘိုမြို့နယ်မှာလည်း သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး စစ်ကောင်စီ ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်တဲ့ လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း စစ်တပ်ကစစ်ကြောင်းတွေထိုးနေတဲ့ ကြားက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေကြပါတယ်။
