သတိုး၊နေ့သစ်/People’s Spring
ပြီးခဲ့တဲ့ ၄နှစ်ကျော်လုံး လက်နက်ကိုင်တွေခြံရံပြီး မန္တလေးတိုင်းမှာ စစ်တပ်အတွက်ကူတိုက်ပေးမယ့် ပျူစောထီးတွေမွေးထုတ်ပြီး ၊တော်လှန်ရေးအင်အားစုတွေ နဲ့ ပြည်သူတွေကိုတိုက်ခိုက်သတ်ဖြတ်ဖို့ လှုံ့ဆော်ခဲ့တဲ့ ပျူခေါင်းဆောင် သင်္ဃန်းဝတ်ပေါက်ကိုယ်တော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်သွား ရောက်ခဲ့ပါတယ်။
ဘန်ကောက်ရောက်ခရီးသွားတွေ အမှတ်တရဓာတ်ပုံရိုက်ကူးကြတဲ့ ဝပ်အာရွှန်(Wat Arun)ဘုရား ရောက်နေတယ်ဆိုပြီး ပေါက်ကိုယ်တော်က စက်တင်ဘာ ၇ရက် နေ့စွဲနဲ့ တယ်လီဂရန်မှာတင်ထားပါတယ်။ အဲဒီနောက် ဘန်ကောက်မြို့လယ်က ပန်းခြံ၊ စတားဘတ်ကော်ဖီဆိုင် နဲ့ မြန်မာလုပ်သားတွေ အများဆုံးရှိနေတဲ့ မဟာချိုင်ဒေသကို သွားတယ်ဆိုပြီး ပေါက်ကိုယ်တော်က အသိပေးထားပါတယ်။
ဘန်ကောက်ကိုသွားပြီးထိုင်းအမျိုးသားရေးအစွန်းရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)က နှုတ်ခမ်းမွှေး(နာမည်ပြောင်)နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အကြောင်းက နွေဦးတော်လှန်ရေး ထောက်ပို့လုပ်နေတဲ့ မြန်မာလုပ်သားတွေကို ရန်ရှာဖို့ နဲ့ စစ်မှုထမ်းဖို့ နေရပ်ပြန်ပို့ဖို့အတွက် ထိုင်းအာဏာပိုင်းတွေကို ဖိအားပေးဖို့ဖြစ်တယ်လို့ ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီဆောင်ရွက်နေသူတွေက သုံးသပ်ပါတယ်။

Public Service Announcement
ပေါက်ကိုယ်တာ်ဟာ ထိုင်းရောက်မြန်မာလုပ်သားတွေ သတိထားကြဖို့နဲ့ မကြာခင် အကုန်ပြန်ပို့ခံရမယ် စောင့်ကြည့်ကြလို့လည်း ခြိမ်းခြောက်ထားပါသေးတယ်။
ဘန်ကောက်မြို့တော်ကိုလာပြီးမြန်မာလုပ်သားအချို့ကို လိုက်လံရန်ရှာတဲ့ သင်္ဃန်းဝတ်ပေါက်ကိုယ်တော်ကို ဝင်ရောက်ခွင့်ပေးတဲ့ ထိုင်းအာဏာပိုင်းတွေအပေါ် ထိုင်းရောက်မြန်မာလုပ်သားများအရေးကူညီဆောင်ရွက်နေသူတွေက မေးခွန်းထုတ်လိုက်ပါတယ်။
“သေနတ်တွေကိုင်ပြီးတော့ တိုက်ခိုက်ကြဖို့အကြောင်းကိုကြမ်းကြမ်းတမ်းတမ်းပြောနေတဲ့ ဘုန်းကြီးကို ထိုင်းကဝင်ခွင့်ပေးတယ်ဆိုတော့ လုံခြုံရေးအတွက်လည်း မကောင်းဘူး”လို့ ထိုင်းရောက်မြန်မာလုပ်သားတွေအရေး ကူညီပေးနေတဲ့ အေအေစီမဟာမိတ်အဖွဲ့က ဦးခိုင်ကြီးက သင်္ဃန်းဝတ်ပေါက်ကိုယ်တော်ကို ဝင်ရောက်ခွင့်ပေးတဲ့ ထိုင်းအာဏာပိုင်းတွေအပေါ် ပြောပါတယ်။ ထိုင်းအစိုးရဟာ ထိုင်းရောက်ထောက်ပို့သမားတွေ နယ်စပ်ရောက်နေတဲ့ ဓာတ်ပုံတွေလူမှုကွန်ရက်တင်ပါက လုံခြုံရေးကြောင့်ဆိုပြီး ဖမ်းဆီးလေ့ရှိတယ်လို့လည်း ဦးခိုင်ကြီးက ပြောပါတယ်။

ပေါက်ကိုယ်တော် ထိုင်းဘာကြောင့်လာသလဲ
နွေဦးတော်လှန်ရေးရဲ့ အဓိက ထောက်ပို့ဖြစ်တဲ့ ပြည်ပရောက်မြန်မာတွေရဲ့ နိုင်ငံတွေထဲက ထိုင်းနိုင်ငံဟာ အရေးပါဆုံးပါ။ ထွက်ပြေးတိမ်းရှောင်သူတွေ၊ ရွှေ့ပြောင်းလုပ်ကိုင်သူတွေ အများဆုံးရှိတာတွေနဲ့ အိမ်နီးချင်းဖြစ်တာကြောင့်ပါ။
ပေါက်ကိုယ်တော်ဟာထိုင်းနိုင်ငံမှာရှိနေတဲ့ထောက်ပို့တွေနဲ့ နွေဦးတော်လှန်ရေးတက်ကြွစွာပါဝင်သူတွေကို နှိမ်နှင်းဖို့လာတာလို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတွေက ပြောပါတယ်။
“အနေကြပ်အောင်လုပ်တာတော့မဟုတ်ဘူး။ တကယ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ကို လုပ်တာ။ အနေကြပ်လောက်အောင် လုပ်တဲ့သဘောဆိုရင် သူတို့ အဲဒီလောက်ထိအောင်တော့ ရုပ်ထွက်မပြဘူး။ သူတို့လည်း လုပ်လို့ရတာပဲလေ။ သူတို့လည်း ဒီဘက်မှာ အာဏာပိုင်တွေကို ပိုင်တာပဲ။ အခုတခါက ထိုင်းမှာရှိနေတဲ့ အစိုးရအဖွဲ့အစည်းနဲ့သူတို့နဲ့ တကယ်ကို လက်တွဲထားတယ်။ ထိုင်းအစိုးရဘက်ကနေပြီးတော့ ငါတို့နဲ့ ထိုင်းအစိုးရ ဒီလို Safe ဖြစ်တယ်ဆိုတာကို ပေါ်တင်လာပြတာ။ အစိုးရအဆင့်ကပြမရတော့ ဘုန်းကြီးကိုပြခိုင်းတာ။ ဒါပေမယ့် ဒီ့ထက်အခြေအနေ ဆိုးလာဖို့ရှိတယ်”လို့ ဦးခိုင်ကြီးက သုံးသပ်ပါတယ်။
ပေါက်ကိုယ်တော်ဟာ ထိုင်းရောက်မြန်မာတွေထဲက အဓိကထောက်ပို့ဖြစ်တဲ့ “ကိုစည်”ဆိုသူကို ဖမ်းဆီးပြီး နေရပ်ပြန်ပို့ခံရအောင် ဖိအားပေးဖို့လာတာလို့လည်း ဦးခိုင်ကြီးက သုံးသပ်ပါတယ်။
ပေါက်ကိုယ်တော်ဟာ ထိုင်းနိုင်ငံက ထောက်ပို့တွေပြိုလဲအောင်မျှားနေတာဖြစ်ကြောင်း၊ပေါက်ကိုယ်တော်ကို ခွေးနဲ့ခိုင်းနှိုင်းပြီး အစာလာမျှားတာလို့ ကိုစည်က တုံ့ပြန်ပြောကြားတဲ့ ရုပ်သံဖိုင် သူ့ရဲ့ လူမှုကွန်ရက်မှာ ဒီကနေ့ စက်တင်ဘာ ၉ရက်ရက်မှာ တင်ထားပါတယ်။ အစာလာမျှားရင် ပေါက်ထက် အကောင်ကြီးတဲ့ သူနဲ့ လာမျှားဖို့လည်း ကိုစည်က ပြောပါတယ်။
ကိုစည်ကို လိုက်လံရှာနေကြောင်းနဲ့ မဟာချိုင်အထိရောက်ခဲ့တယ်လို့လည်း ပေါက်ကိုယ်တော်က ဆိုပါတယ်။
” မင့်ရဲ့ဒေတာတွေကို အကုန်လုံးစုပြီးမှ လာခဲ့တာနော်။ မကြာခင် မင်းမြန်မာပြည်ကို ပြန်လာရလိမ့်မယ်နော်။ မင်းရှိတဲ့နေရာကိုသာ သေချာပြောနော် ငစည်။ ငစည်နောက်ကို လိုက်နေတဲ့ ငစည်ရဲ့ သံယောင်လိုက်နေတဲ့ သူတွေလည်း သတိထားကြပါဗျ”လို့ ပေါက်ကိုယ်တော်က ကြုံးဝါးပါတယ်။
ပျူခေါင်းဆောင်ဟာ စက်တင်ဘာ ၆ရက်က ဘန်ကောက်မြို့ကိုရောက်ပြီး စက်တင်ဘာ ၈ရက်နေ့အထိ လည်ပတ်နေတယ်လို့ ဆိုပါတယ်။ဒါပေမယ့် အဲဒါဟာ လှည့်ကွက်တခုသာဖြစ်ပြီး မြန်မာပြည်ပြန်ရောက် လုံခြုံဘေးကင်းမှ ပေါက်ကိုယ်တော်က အသိပေးတာဖြစ်နိုင်တယ်လို့ ဦးခိုင်ကြီးက သုံးသပ်ပါတယ်။
“ဟိုနေရာသွားတယ် ၊ဒီနေရာသွားတယ်ဆိုတာတော့ဗျာ ၊ လိုင်းပေါ်မှာ၊ အခုချိန်မှာ ကျွန်တော်တို့ ခန့်မှန်းချက်ဆို မြန်မာပြည်ထဲရောက်နေပြီ။ သူက ဒီက ဗီဒီယိုတွေရိုက်ထားတာ။ ရိုက်ပြီးတော့မှ သူလုံခြုံတဲ့နေရာရောက်မှ တင်တဲ့သဘောရှိတယ်”လို့ ဦးခိုင်ကြီးက ပြောပါတယ်။
ဒါ့အပြင် ပေါက်ကိုယ်တော် ဘန်ကောက်ရောက်လာတာဟာ ထိုင်းအာဏာပိုင်တွေရဲ့ လက်ချက်မကင်းကြောင်းနဲ့ ထိုင်းအာဏာပိုင်တွေထဲမှာ စစ်ကောင်စီနဲ့ ပနာသင့်ပြီး အမျိုးသားရေးလုပ်နေသူတွေရှိတယ်လို့လည်း ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်ကြာနေထိုင်ပြီး မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတဦးက ပြောပါတယ်။
” အခုတော့ ပေါ်တင်ကြီးခေါ်ချလာတာလေ။ ထိုင်းအစိုးရဘက်က မလုပ်သင့်ဘူး။ မလုပ်သင့်တဲ့အလုပ်။ ကျွန်တော်တို့ ဒီမှာရွှေ့ပြောင်း အလုပ်သမားတွေက သူတို့နိုင်ငံမှာ သန်းနဲ့ ချီပြီးတော့လေ။ ရွှေ့ပြောင်းအလုပ်သမားတော်တော် များများကလည်း (၇၀) ရာခိုင်နှုန်းလောက်က ဒီလိုတိုင်းပြည် မွန်းကြပ်နေတဲ့ ဒဏ်ကိုခံနေရတာ။ပြည်တွင်းလည်း ပြန်ချင်ကြတယ်။ တော်လှန်ရေးမှာလည်း အတတ်နိုင်ဆုံးပါဝင်နေတဲ့ အလုပ်သမားတွေ ဖြစ်တယ်။ သူတို့နိုင်ငံအတွက်လည်း အကျိုးအမြတ်တစ်စုံတစ်ရာရနေတဲ့ လူတွေအပေါ်မှာ သူတို့ လုံးဝငဲ့ကွက်မထားပဲနဲ့ ဒီလုပ်ရပ်ကြီး လုပ်လိုက်တာပေါ့။ အဲဒါကြီးကတော့ ဆိုးတာပေါ့”လို့ သူက ပြောပါတယ်။
ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ စစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ပေါက်ကိုယ်တော်ဟာ မန္တလေးတိုင်းအတွင်းက ပြည်သူ့စစ်တွေကို အဓိက ဦးစီးကိုင်တွယ်နေသူဖြစ်ပါတယ်။ စစ်တပ်နဲ့ ပြည်သူ့စစ်တွေရဲ့ ရှေ့တန်းစခန်းတွေဆီသွားပြီး တိုက်ခိုက်သတ်ဖြတ်ဖို့၊ နောက်မဆုတ်ကြဖို့နဲ့ အသေခံတိုက်ခိုက်ကြဖို့ မြှောက်ပင့်လှုံ့ဆော်နေသူဖြစ်ပါတယ်။
ပေါက်ကိုယ်တော်က ဦးသိန်းစိန်အစိုးရလက်ထက်ကမျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး)၏ အဖွဲ့ဝင်ဖြစ်ပါတယ်။ ၂၀၁၈မှာ ဒီချုပ်အစိုးရပြုတ်ကျရေး မန္တလေးမြို့မှာ ဆန္ဒပြခဲ့သူလည်းဖြစ်ပါတယ်။ လက်ဦးဆရာဖြစ်တဲ့ ဦးဝီရသူဟာ စစ်တပ်အာဏာသိမ်းချိန်မှာ အကျဉ်းထောင်အတွင်းရောက်နေလို့ ပေါက်ကိုယ်တော်က ၂၀၂၁မှာ ရှေ့ထွက်လာခဲ့သူပါ။
ပေါက်ကိုယ်တော်ဟာ မန္တလေးတိုင်းမှာ ပျူစောထီးတွေနဲ့ ပြည်သူ့စစ်တွေ စတင်ဖွဲ့စည်းပြီးနောက် ၂၀၂၄ ဇန်နဝါရီ ၁၆ ရက်က ပြင်ဦးလွင်မြို့မှာ စစ်တပ်ထောက်ခံရေးဆန္ဒပြစဉ် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုကာ ဒုချုပ်စိုးဝင်းနဲ့ အစားထိုးဖို့ တောင်းဆိုဆန္ဒပြပြီးတဲ့နောက်မှာ ပေါက်ကိုယ်တော်ရဲ့ သြဇာက ပိုကြီးလာခဲ့ပါတယ်။ဒါပေမယ့်စစ်ကောင်စီက သူ့ကို ခေါ်သတိပေးခဲ့ပါတယ် ။
●ထိုင်း နှုတ်ခမ်းမွှေးဆိုတာ ဘယ်သူလဲ
ပေါက်ကိုယ်တော်ဟာ ဘန်ကောက်ရောက်စဉ်မှာ ထိုင်းအမျိုးသားရေးအစွန်းရောက်အဖွဲ့ဖြစ်တဲ့ ပြည်သူ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကော်မတီ(PDRC)က နှုတ်ခမ်းမွှေး(နာမည်ပြောင်)နဲ့ တွေ့ဆုံခဲ့ပါတယ်။ ထိုင်းနှုတ်ခမ်းမွှေးဆိုသူဟာ ထိုင်းရောက်မြန်မာလုပ်သားတွေ အနေကြပ်အောင် ထိုင်းအာဏာပိုင်တွေအပေါ် လိုက်လံဖိအားပေးလိုက်လံဖမ်းဆီးခိုင်းနေသူ ဖြစ်ပါတယ်။
ထိုင်းရောက်မြန်မာလုပ်သားတွေကတော့ ထိုင်းမဘသလို့ ခေါ်ကြပါတယ်။
ထိုင်းနှုတ်ခမ်းမွှေးဟာ ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာ ၂၃ရက်မှာ ဘန်ကောက်မြို့က စစ်ကောင်စီရဲ့မြန်မာသံရုံးရှေ့ ဆန္ဒပြတာက အစပြုပါတယ်။ ထိုင်းရောက်မြန်မာတွေ နှင်ထုတ်ဖို့နဲ့ စစ်ကောင်စီအနေနဲ့ နေရပ်ပြန်ခေါ်ကြဖို့ ဆန္ဒပြတောင်းဆိုခဲ့တာပါ။
အဲဒီနောက်ပိုင်းစကြီး နှုတ်ခမ်းမွှေးနဲ့အဖွဲ့ဟာ ထိုင်းရောက်မြန်မာလုပ်သားတွေအပေါ် သိသိသာသာဖိအားပေးလာခဲ့ပါတယ်။ အဓိက အကြောင်းအရာက နွေဦးတော်လှန်ရေးအားပေးနေကြလို့ပါ။
နှုတ်ခမ်းမွှေးနဲ့အဖွဲ့ဟာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်လာတဲ့အပေါ် ဧပြီ ၅ရက်က ကုလသမဂ္ဂ UNရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြတဲ့သူတွေကိုပါ ကိုယ်ထိလက်ရောက် ထိုးကြိတ် ရန်ရှာခဲ့တဲ့တာ နှုတ်ခမ်းမွေးနဲ့ အဖွဲ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်၊ဇူလိုင်က နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်မြို့မှာ တရားမဝင်မြန်မာတွေ ဖမ်းဆီးရေးစီမံချက်အတွင်းမှာလည်း နှုတ်ခမ်းမွှေးနဲ့ အဖွဲ့ကမဲဆောက်သွားပြီးသွေးထိုးလှုံ့ဆော်မှုတွေလုပ်ခဲ့ပါသေးတယ်။
ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ ကျော်ကြာနေထိုင်ပြီး မြန်မာလုပ်သားတွေအရေးကူညီနေသူတွေ ပြောပြချက်အရ နှုတ်ခမ်းမွှေးနဲ့အဖွဲ့ကို စစ်ကောင်စီရဲ့ မြန်မာသံရုံးက ထောက်ပံ့ပေးထားတယ်လို့ ပြောပါတယ်။

ဘန်ကောက်မြို့Saint Louis ဘူတာအနီးက မြန်မာသံရုံးအဟောင်းအဆောက်အဦထဲကို နှုတ်ခမ်းမွှေးနဲ့အဖွဲ့က မကြာခဏလာလေ့ရှိတယ်လို့လည်း သူကပြောပါတယ်။
“နှုတ်ခမ်းမွှေးကို မြန်မာသံရုံးက ထောက်ပံ့ပေးထားတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေတာပဲလေ။ အဖြစ်နိုင်ဆုံးက မြန်မာတွေ ဆန့်ကျင်ရေးထက် တော်လှန်ရေးလုပ်နေတဲ့သူတွေ အားပေးနေတဲ့သူတွေကို ဆန့်ကျင်နေတာ။အဲဒါကထိုင်းနိုင်ငံသားတယောက်အနေနဲ့ ဘာဆိုင်လို့လဲ”လို့ ထိုင်းနိုင်ငံမှာ နှစ်ပေါင်း ၂၀ကျော်ကြာနေထိုင်ပြီး မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတဦးက ပြောပါတယ်။
စစ်ကောင်စီသံရုံးက မြန်မာ−ထိုင်း ချစ်ကြည်ရေးအသင်းအဖွဲ့အစည်းဖွဲ့ပြီး အဲဒီအဖွဲ့ကနေ ထိုင်းနှုတ်ခမ်းမွှေးအဖွဲ့ကို ထောက်ပံ့ပေးနေတာလို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးကလည်း ပြောပါတယ်။
အဲဒီအဖွဲ့မှာ မြန်မာ−ထိုင်း ဘာသာပြန်တွေခန့်ထားပြီး နှစ်နိုင်ငံအမုန်းစကားတွေပြန့်ပွားအောင်လူမှုကွန်ယက်ကနေဖြန့်ချီတာတွေလုပ်ခဲ့သလို ၊ပြင်ပမှာလုပ်နေကြတယ်လို့လည်းစုံစမ်းသိရပါတယ်။
သူတို့ကမြန်မာတွေက ထိုင်းနိုင်ငံနဲ့ပတ်သက်တာတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တင်တဲ့အခါ အဲဒီစာသားတွေနဲ့ အကောင့်တွေကို ဘာသာပြန်ပြီး ထိုင်းအမျိုးသားရေးအဖွဲ့တွေဆီ ပေးပို့နေတာလို့လည်း ပြောပါတယ်။
“သူတို့ ဦးတည်တာက တော်လှန်ရေးအဖွဲ့တွေ ထောက်ခံသူတွေကို ဦးတည်တာ။ သူတို့ ခလုတ်နှိပ်တဲ့အခါ အဲဒီအဖွဲ့ကလုပ်ပေးရတာ”လို့လည်း မြန်မာလုပ်သားအရေးကူညီဆောင်ရွက်သူတဦးက ပြောပါတယ်။

●နှုတ်ခမ်းမွေးနဲ့ ပေါက်ကိုယ်တော်အန္တရာယ်
နှုတ်ခမ်းမွေးနဲ့ ပေါက်ကိုယ်တော်တွေ့တဲ့ရုပ်သံမှတ်တမ်းလည်း လူမှုကွန်ယက်မှာ ဒီနေ့ပျံ့နှံ့လာပါတယ် ။
“မကောင်းတဲ့မြန်မာနိုင်ငံသားတွေ ဥပမာပေါ့။ လမ်းမပေါ်မှာပေါ့ ဒီအကြမ်းဖက်ဖို့ နှိုးဆော်နေတဲ့သူတွေကို သူကိုယ်တိုင်လိုက် လုပ်နေတာတွေ လိုက်ပြီးမှပေါ့နော် ဒါတွေကို နှိမ်နှင်းနေတာတွေ တွေ့ရတော့အတိုင်းထက်ဝမ်းသာတယ်”လို့ ပေါက်ကိုယ်တော်က နှုတ်ခမ်းမွှေးကိုပြောပါတယ်။
တကယ်တော့ ၂၀၂၅ ဧပြီ ၅ ရက်နေ့မှာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် ဘန်ကောက်လာတဲ့အပေါ် ထိုင်းမှာရှိတဲ့တက်ကြွလှုပ်ရှားသူတွေကထိုင်းရဲတပ်ဖွဲ့ဆီမှာ ခွင့်ပြုချက်တင်ပြီး ကုလသမဂ္ဂ UNရုံးရှေ့မှာ တရားဝင် ဆန္ဒပြဖို့ စီစဥ်နေချိန်မှာ နှုတ်ခမ်းမွေးအဖွဲ့က ကိုယ်ထိလက်ရောက် ထိုးကြိတ်ရန်ပြုခဲ့တာပါ ။ဒါကို မကောင်းတဲ့မြန်မာတွေကို နှိမ်နင်းတယ်ဆိုပြီး ပေါက်ကိုယ်တော်ကတလွဲပြောတာဖြစ်ပါတယ်။ဒါကိုနှုတ်ခမ်းမွေးကလည်းသူ့လုပ်ရပ်မှန်နေသလိုတုံ့ပြန်ခဲ့တာပါ။
သူတို့ ၂ ယောက်တွေ့ဆုံစဥ်မှာ နှုတ်ခမ်းမွေးက ပန်းရောက်ကတ်နဲ့ နေထိုင်လုပ်ကိုင်တဲ့ မြန်မာလုပ်သားကို စစ်ကောင်စီကထုတ်ပေးတဲ့မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)လုပ်ပေးဖို့ ပြောပါသေးတယ်။ ထိုင်းအစိုးရက ပန်းရောင်းကတ် ထုတ်ပေးထားတဲ့ အလုပ်သမားတွေကို မြန်မာအာဏာပိုင်တွေက CIလက်မှတ်ထပ်မံ ထုတ်ပေးရတာ ဖြစ်ပါတယ်။ CIလုပ်ခအတွက် တဦးကို ဘတ် ၁၂၀၀ လောက်ပေးရတယ်။ အဲဒါဟာ မြန်မာစစ်ကောင်စီကိုပေးရတာပါ။ စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ အဓမ္မစစ်သားသစ်စုဆောင်းတာအပါအဝင် စစ်တပ်ရဲ့ဖိနှိပ်မှုတွေကြောင့်ထိုင်းကိုလာအလုပ်လုပ်သူတွေ ၊ထွက်ပြေးပြီး အလုပ်လုပ်နေရသူတွေအတွက် စစ်ကောင်စီဆီမှာ CI လုပ်ရတာဟာ ငွေကုန်သလို ၊ အချိန်ကုန် ၊အလုပ်များစေတဲ့ အပြင် လုံခြုံရေးအရပါ ခြိမ်းခြောက်ခံရတာရှိပါတယ် ။
ဒါ့ကြောင့် ထိုင်းလွှတ်တော်အမတ်တွေနဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေက လုပ်သားတွေ အပိုကုန်ကျငွေမရှိရအောင် CIလက်မှတ်ထုတ်မပေးဖို့ ကန့်ကွက်တောင်းဆိုထားကြပါတယ်။ဒါကို နှုတ်ခမ်းမွှေးက စစ်ကောင်စီလိုလားချက်ဖြစ်တဲ့ CIလက်မှတ်ထုတ်ပေးတာကိုပိုကြိုက်တယ်လို့ စစ်ကောင်စီကိုယ်စားပြောလာတာဖြစ်ပါတယ်။
“ဒီနိုင်ငံမှာရှိတဲ့အလုပ်သမားတွေက Cl စာအုပ်အစိမ်းကိုလုပ်ဖို့ အတွက်ကို သူတို့က ကန့်ကွက်ကြတယ်။ ကန့်ကွက်တဲ့အခါ သူတို့ကကြတော့ အဲဒီ Cl ကို ရှိစေချင်တယ်။ အဲဒီ Cl ကကြတော့မြန်မာအစိုးရကရတဲ့ အခွန်ပေါ့နော်။ ဒီဥပမာ အလုပ်သမားတွေ ဝင်လာတယ်ဆိုလို့ရှိရင်တော့ ဒီပန်းရောင်ကတ်သုံးမယ်။ အလုပ်ပါမစ်လုပ်မယ်ဆိုလို့ရှိရင် ဒီထိုင်းအစိုးရဘက်က ပဲရတယ်။ အဲဒီအခွန်က ထိုင်းအစိုးရက ပဲရတယ်။ မြန်မာပြည်ဘက်ကကြ ဘာမှမရဘူးပေါ့နော်”လို့ နှုတ်ခမ်းမွှေးက ပြောပါတယ်။
ဒါကြောင့် နှုတ်ခမ်းမွှေးနဲ့ စစ်တပ်လက်ကိုင်တုတ် ပေါက်ကိုယ်တော် ပေါင်းမိသွားတဲ့အတွက် ထိုင်းရောက်မြန်မာတွေ ပိုသတိထားပြီး နေထိုင်ကြရမယ်လို့လည်း သူက သတိပေးပါတယ်။ ဥပဒေနဲ့အညီ နေထိုင်ကြဖို့လည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက အကြံပြုပါတယ်။
■စစ်ကောင်စီ လက်ကိုင်တုတ်တွေရဲ့အန္တရာယ်ကိုဘယ်လိုတုံ့ပြန်ကြမလဲ
ထိုင်းနိုင်ငံဟာ ဥပဒေအရစနစ်တကျ အကာအကွယ်ပေးထားတဲ့အတွက်ကြောင့် အရမ်းကြီး စိုးရိမ်ဖို့မလိုကြောင်းလည်း အလုပ်သမားအရေးဆောင်ရွက်သူတွေက ပြောပါတယ်
ထိုင်းရောက်မြန်မာလုပ်သားတွေအနေနဲ့ စည်းလုံးညီညွတ်ကြဖို့လည်း ဦးခိုင်ကြီးက တိုက်တွန်းပါတယ်။ဥပမာ ပေါက်ကိုယ်တော်က ပစ်မှတ်ထားရန်ရှာနေတဲ့ ကိုစည်ကို ဖိအားပေးဖမ်းဆီးတာမျိုးလုပ်လာပါကအကုန်ဝန်းရံပြီး ဝိုင်းဝန်းဆန္ဒပြကန့်ကွက်တာတွေ လုပ်ကြဖို့ ဦးခိုင်ကြီးက အကြံပြုပါတယ်။ အဲဒီလိုပဲ မြန်မာလုပ်သားတွေ မတရားဖိနှိပ်ခံရရင် တရားနည်းလမ်းတကျ ဝန်းရံပေးပြီး သွေးစည်းမှုကိုပြရမယ်လို့သူကပြောပါတယ်။
ဆန္ဒထုတ်ဖော်လို့ ထိုင်းအစိုးရအနေနဲ့ အရေးယူမှုတွေ လုပ်လာပါက ထိုင်းဥပဒေအရ အလုပ်သမားတွေ တရက်နားရင် အလုပ်ဖြုတ်မခံရဘဲ သုံးရက်ဆက်နားမှ အလုပ်ဖြုတ်ခံရတာကြောင့်တရက်ခြားနား ဆန္ဒထုတ်ဖော်ပြီး ပြန်ဖိအားပေးရတဲ့နည်းလမ်းတွေရှိတယ်လို့လည်း အကြံပြုပါတယ်။ ဒါ့အပြင် အင်္ကျီတရောင်တည်း ဝတ်တာပြီး ဖိနှိပ်ခံရသူ ၊မတရားလုပ်ခံရသူကို ဝန်းရံတာမျိုးတွေ ပြုလုပ်သင့်တယ်လို့လည်း ဆိုပါတယ်။ ထိုင်းမှာ မြန်မာအလုပ်သမားတွေရဲ့ အခန်းကဏ္ဍဟာအရေးကြီးတဲ့ အတွက် မတရားဖိနှိပ်ဖမ်းဆီးတာတွေလုပ်လာရင် မြန်မာလုပ်သားတွေဟာ စည်းစည်းလုံးလုံးဥပဒေနည်းလမ်းတကျ တုံ့ပြန်ဖို့ သူကအကြံပြုပါတယ် ။
“ထိုင်းရောက်အလုပ်သမားတွေ အနေနဲ့ ငြိမ်နေဖို့မသင့်ဘူး။ ဝုန်းဝုန်းနဲ့ ထလုပ်ရမှာ။ အလုပ်ရုံထဲမှာ အလုပ်နားပစ်တာမျိုးတွေပေါ့ဗျာ။ မထိခိုက်နိုင်တဲ့ အလုပ်မျိုးပေါ့။ ကျွန်တော်တို့ အလုပ်သမားတွေ အတွက်လည်း မထိခိုက်ဘူး”။ ။
