Scorpio/People’s Spring
၂၀၂၅ ခုနှစ် သြဂုတ်လမှာ အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ မောင်ဇင်ကိုကိုဟာ ဒီနှစ်ဆန်းမှာ ကံဆိုးမိုးမှောင် ကျခဲ့တာပါ။ ဧရာဝတီတိုင်းထဲက မြို့ငယ်လေးတမြို့မှာနေတဲ့ မောင်ဇင်ကိုကိုဟာ ၆ တန်းပဲ ရှိပါသေးတယ်။
မွေးချင်း ၆ ယောက်ရှိတဲ့အနက်မောင်ဇင်ကိုကိုက ၅ ယောက်မြောက်ပါ။ကျောင်းတက်နေရင်းအိမ်ကအဆင်မပြေတော့ ကျောင်းပိတ်ရက်တွေမှာမောင်ဇင်ကိုကိုဟာ စပါးထွက်ထမ်းခဲ့တယ်။ တည။ အဲဒီညဟာ မောင်ဇင်ကိုကိုအတွက် ဒီတသက် မေ့မရမဲ့ညပဲ။
စပါးထွက်ထမ်းရင်း ည ၉ နာရီထိုးသွားခဲ့တယ်။ အိမ်အပြန်မှာ လူနှစ်ယောက် သူ့ကို ဆွဲခေါ်တယ်။

Public Service Announcement
တစ်ယောက်က အသက်ကြီးတယ်။တစ်ယောက်ကတော့ လူငယ်ပိုင်း။ သူ့ကိုလက်ထိပ်ခတ်ပြီး တခါတည်းကားနဲ့ခေါ်သွားခဲ့တယ်။သူ့ကို ၂၁ ရက်ကြာခဲ့တယ်။
စစ်ထဲ မဝင်ဘူးလို့ ဇွတ်ငြင်းတယ်။ မဝင်ဘူးပြောတော့လက်ထိပ်ခတ်ရက်သားနဲ့ရိုက်တယ်။ နောက်တရက်မှာ ဝင်မှာလားမဝင်ဘူးလားထပ်မေးတယ်။ မဝင်ဘူးဆိုရင် ထပ်နှိပ်စက်တော့မယ်။ ဒါနဲ့ပဲ မောင်ဇင်ကိုကိုဟာ စစ်တပ်ထဲ ဝင်ခဲ့လိုက်ရတော့တယ်။
မောင်ဇင်ကိုကိုထွက်ပြေးချင်ခဲ့တယ်။ ဒါပေမဲ့ထွက်ပြေးမယ်ဆိုရင်လည်း သူတို့ကအိမ်ကို ဒုက္ခသွားပေးတေ့ာမယ်။ စစ်ပြေးဆိုရင် ကျန်ခဲ့တဲ့မိဘတွေကို ဒုက္ခပေးလေ့ရှိတယ်ဆိုတာ မောင်ဇင်ကိုကို ကြားဖူးခဲ့တယ်။အိမ်ကိုဒုက္ခရောက်မှာစိုးလို့ ထွက်မပြေးခဲ့ပါဘူး။ဒါနဲ့ပဲ သူတို့ထားရာနေ စေရာသွားဘဝကို မောင်ဇင်ကိုကို ရောက်ရှိသွားတော့တယ်။
မောင်ဇင်ကိုကို ကိုစုဆောင်းရေးထဲပို့တယ်။ စုဆောင်းရေးထဲရောက်တော့ အိမ်ကို ဖုန်းဆက်လို့ရတယ်။ အမေ့ကို “အမေ ကျနော်စစ်ထဲရောက်နေပြီ”လို့ ဖုန်းဆက် ပြောလိုက်တယ်။အမေဟာငိုနေခဲ့တယ်။ နောက်တော့အမေဆေးရုံတင်လိုက်ရတယ်တဲ့။
စုဆောင်းရေးမှာရက်၂၀ ကြာခဲ့တယ်။အဲဒီနောက် သင်တန်းကျောင်းကို ထပ်ပို့တယ်။ တောင်တွင်းကြီး အမှတ် ၇ စစ်အခြေခံ လေ့ကျင့်ရေးတပ်မှာ တက်ခဲ့ရတယ်။ သူ့လိုသင်တန်းသားတွေ အများကြီးပဲ။ တိတိကျကျပြောရရင် ၁၈၂ ယောက်။ တက်ရတာက ၁/၂၀၂၅။ ၆ လပိုင်း ၂၇ ရက်နေ့မှာ သင်တန်းဆင်းရတယ်။ကျောင်းဆင်းပြီးတော့လည်း သင်တန်းကျောင်းမှာ ထပ်နေခဲ့ရတယ်။ ကားလမ်းပိုင်းအခြေအနေမကောင်းလို့တဲ့။
နောက်တော့ ရန်ကုန် စစ်ကြောရေး ၁ ကို ပို့တယ်။ ရန်ကုန် စစ်ကြောရေး ၁ မှာ ၂၁ ရက်ကြာတယ်။ အဲဒီနောက် လှေဆိပ်ကို ခေါ်ပါတယ်။ သင်္ဘောကြီးတစ်စီး လာခေါ်တယ်။ အယောက် ၈၀၀ ကျော် ခေါ်သွားခဲ့တယ်။ သင်္ဘောပေါ်မှာ ၂ ညအိပ်ခဲ့ရတယ်။ ၂ ညအိပ်ပြီး စစ်သင်္ဘောနှစ်စီး လာခေါ်တယ်။ အဲဒီနောက်လှေဆိပ်ရောက်တယ်။ကားနဲ့လာခေါ်တယ်။ ခမရ ၄၀၅ ကိုရောက်တယ်။ ခမရ ၄၀၅ ဆိုတာတနင်္သာရီတိုင်း၊သရက်ချောင်းမြို့နယ်မှာ အခြေစိုက်တာပါ။
တစ်ပတ်သင်တန်းတက်ရတယ်။တစ်ပတ်ပြည့်လို့ မနက်လင်းတော့ လှုပ်ရှားထွက်ရမယ်တဲ့။ မောင်ဇင်ကိုကိုတို့ ဘာမှလည်းမပါဘူး။ဆန်တစ်ပတ်စာထုတ်ပေးတယ်။တစ်ပတ်စာအပြည့်မဟုတ်ပါဘူး။ တစ်ယောက်ကို နို့ဆီဘူးလေးနှစ်လုံးတည်း။ကျန်တာဆီ ၊ဆားရယ် ဒီလောက်ပါပဲ။
သူတို့ တောထဲမှာ ထမင်းငတ်ခဲ့ရတယ်။ တောထဲဲကို ၁၅ ရက်လောက် ခရီးထွက်ရတယ်။ ဥတ္တူကျေးရွာ၊ စော်ဖျားကျေးရွာ၊ မိုးရွှေကုန်းကျေးရွာတွေကို စစ်ကြောင်းထိုးခဲ့ရတယ်။ လမ်းက ရွာကို မီးရှို့ခိုင်းတယ်။လေယာဥ်နဲ့လည်း ကြဲခိုင်းတယ်။ လေယာဥ်ကြဲတော့ မောင်ဇင်ကိုကိုတို့ တောင်ပေါ်ရောက်နေပြီ။ လေယာဥ်ကကြဲတာ ၇ လုံးလောက်ရှိတယ်။ နောက်တခေါက်ဆင်းပြီး အဲဒီရွာတွေကို စက်လက်နဲ့ထပ်ပစ်တယ်။
အဲဒီရွာထဲကိုဝင်ဖို့ တပ်ရင်းမှူးက ညွှန်ကြားတယ်။ မောင်ဇင်ကိုကိုတို့ဝင်ရတယ်။၄၀၄ တပ်ရင်းလည်းပါတယ်။သူတို့ကဒရုန်း ၄ စီးလည်းပါတယ်။ ညနေ ၆နာရီဝန်းကျင်မှောင်စပြုနေပြီ။ ဘုန်းကြီးကျောင်းကို ဝင်ဖို့အတွက် ရှင်းလင်းတယ်။ ဘုန်းကြီးကျောင်းထဲကို MA4 က ၅ လုံးလောက်ပစ်တယ်။ စက်လက်နဲ့ စက်ကလေးနဲ့ပါ ဘုန်းကြီးကျောင်းထဲပစ်တယ်။ တစ်ညအိပ်ပြီး ခရီးထပ်ဆက်တယ်။ နောက်ထပ်ဘုန်းကြီးကျောင်းတစ်ကျောင်း ထပ်တွေ့တယ်။ အဲကျောင်းမှာ လေးညကြာတယ်။ အဲဲဒီနောက် ရွာတစ်ရွာကို မီးရှို့ခိုင်းတယ်။ အိမ်အလုံး ၇၀ ၈၀ လောက်ပါသွားတယ်လို့ပြောသံကြားတယ်။ ရွာထဲကိုလည်းဝင်ပြီး ပစ္စည်းတွေယူတယ်။
“သူတို့ပစ္စည်းတွေယူတာအများကြီးပဲဗျ။ ဆန်တွေ ဆီတွေ အင်္ကျီတွေ အကုန်ယူတာ။ ဖိနပ်တွေအကုန်ယူတာ။ စျေးဆိုင်တွေ့ရင်အကုန်ဖောက်တယ်။ အိမ်တွေ့ရင်အကုန်ဖောက်တယ်။ ပစ္စည်းရှိရင် အကုန်ယူတယ်။”လို့ မောင်ဇင်ကိုကိုက ပြောပြတယ်။
စစ်ကောင်စီတပ်ဟာ PDF တွေကို ပိုက်စိပ်တိုက်ရှာတယ်။ “တစ်ယောက်မှလည်း မတွေ့ခဲ့ဘူး။ မိလည်းမမိခဲ့ပါဘူး။”လို့မောင်ဇင်ကိုကိုကပြောပြတယ်။
တရက်မှာတော့မောင်ဇင်ကိုကိုကဘုန်းကြီးကျောင်းမှာ ထမင်းချက်ဟင်းချက် ကျန်ခဲ့တယ်။ အဲဒီအချိန် ဒရုန်းတစ်စီးလာတယ်။ ကျောင်းပေါ်အချခံလိုက်ရတယ်။ ဒါပေမယ့် ဘုန်းကြီးကျောင်းက နှစ်ထပ်ဖြစ်နေလို့အထိအခိုက်တော့ရှိမသွားဘူး။
နောက်ရက်မှာ ခရီးထက်ဆက်တယ်။ အဲဒီနေ့က သြဂုတ် ၂၅ ရက်နေ့။အဲဒီအချိန်မှာ မောင်ဇင်ကိုကိုဟာ အိမ်သာတက်မယ်ဆိုပြီး ထွက်ပြေးခဲ့တယ်။ ထွက်ပြေးတဲ့အချိန်မှာ သူတို့လိုက်ရှာကြတယ်။ သူတို့လိုက်ရှာတဲ့အချိန်မှာ မောင်ဇင်ကိုကိုက ရွာအခြေလောက် ပြန်ရောက်နေပြီ။”သူတို့ကမိရင်သတ်မှာ။တပ်ရင်းမှူးကဒေါသကြီးတယ်။”လို့ မောင်ဇင်ကိုကိုက ပြောပြတယ်။
မောင်ဇင်ကိုကိုက ဘာလို့အဲလိုပြောနိုင်လဲဆိုတော့ သူတို့ရှေ့တင် တပ်ရင်းမှူးက စစ်သားတယောက်ကို သတ်ခဲ့ဖူးတာ ကြုံခဲ့ရဖူးတာ။ သတ်တာတောင် မသန်စွမ်းတယောက်ကို သတ်ခဲ့တာ။
“ကျနော်တို့မျက်စိရှေ့တင်လည်း တယောက်သတ်ခဲ့တယ်။ စစ်သားတစ်ယောက်ကို။ သူကသင်တန်းကျောင်းမှာကတည်းက ခြေထောက်က ချိနေခဲ့တယ်။ မလိုက်နိုင်ဘူး။ အဲဒီလူကို ရိုက်နှက်ပြီးတော့ သတ်ခဲ့တယ်။”လို့ သူက ပြောတယ်။ မောင်ဇင်ကိုကို သူ့ကိုတော့ကြောက်တယ်။ မိရင်သေမှာ။ဒါကြောင့်လွတ်အောင်ပြေးခဲ့တယ်။
တပ်ရင်းမှူးတင်မကသေးဘူး။တပ်ကြပ်ကြီးတွေကလည်း တပ်ရင်းမှူးပြီးရင်သူတို့ပဲဆိုပြီး အနိုင်ကျင့်တယ်။ အဆိုးဆုံးကတော့ ဆေးသုံးပြီးတော့ပါးတွေနားတွေ ရိုက်ပါတယ်တဲ့။ “သူတို့မူးလာရင်မူးလာသလို လုပ်ပါတယ်။
တပ်ထဲမှာ သူမနေချင်တော့ဘူး။နိုင့်ထက်စီးနင်းလုပ်တာတွေ မခံစားနိုင်တော့ဘူး။ နဂိုကတည်းက ထွက်ပြေးဖို့အစီအစဥ်ကလည်းသူ့မှာရှိပြီးသား။ ဒါနဲ့သူဟာ နောက်ဆုံးတော့ ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းထံ အလင်းဝင်ခဲ့ပါတယ်။ပါလာတဲ့ MA- 1ရယ်ကျည်ဘောက်တွေရယ်ကျည်တွေရယ်ကိုလည်း အပ်နှံခဲ့တယ်။
ပြေးတုန်းကတော့ တပ်ထဲမှာ မှိုင်းတိုက်ခဲ့တဲ့စကားတွေ ပြန်ကြားတယ်။ “တပ်ထဲတုန်းက PDF ဝင်ရင် သတ်ပစ်တယ်။လည်လှီးသတ်တယ်။ဒါပေမယ့် မဟုတ်ပါဘူး။သူတို့ပြောတဲ့အတိုင်း။”လို့သူက ပြောတယ်။
ပြီးခဲ့တဲ့ ဇွန်လတုန်းက ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အစီရင်ခံစာမှာ စစ်ကောင်စီ နဲ့ မဟာမိတ် လက်နက်ကိုင် အင်အားစုတွေဟာ အသက်မပြည့်သေးတဲ့ ကလေး ၅၀၀ နီးပါးကို စစ်သားအဖြစ် စုဆောင်းထားပြီး အဲဒီထဲကအများစုဟာတိုက်ခိုက်ရေး ကဏ္ဍအတွက် အသုံးပြု ခံနေရတယ်လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့စစ်ကောင်စီအပေါ် ကုလသမဂ္ဂက ဖိအားပေးဝေဖန်တာတွေလည်း ရှိခဲ့ပါတယ်။
ဇူလိုင် ၄ ရက်နေ့မှာတော့စစ်ကောင်စီလက်အောက်ခံ Global New Light of Myanmar သတင်းစာက ရှားပါးအခြေအနေအဖြစ်ကုလသမဂ္ဂ စွပ်စွဲချက် မှန်ကန်တယ် ဆိုတာကို ဝန်ခံတဲ့ သဘောမျိုး ဖော်ပြသွားပါတယ်။ စစ်ကောင်စီဟာ ကလေးစစ်သား ၉၃ ဦးကို စိစစ်အတည်ပြုပြီးပြန်လွှတ်ပေးခဲ့သလို နောက်ထပ် စစ်ဆေးမှုတွေ အရလည်း အသက်မပြည့်သေးတဲ့ စစ်မှုထမ်းလို့ ယုံကြည်ရသူ ၁၈ ဦးသာရှိပြီး ဆက်လက် အတည်ပြုနေဆဲလို့သတင်းစာကဆိုပါတယ်။
ကုလသမဂ္ဂရဲ့ ကလေးများနဲ့လက်နက်ကိုင် ပဋိပက္ခ အစီရင်ခံစာထဲမှာတော့ စစ်ကောင်စီနဲ့ လက်အောက်ခံ၊ မဟာမိတ် လက်နက်ကိုင် အင်အားစုတွေဟာ အသက်မပြည့်သေးတဲ့ ယောက်ျားလေး ၄၆၇ ယောက်နဲ့ မိန်းကလေး ၁၅ ယောက်ကို ကလေးစစ်သားတွေအဖြစ်အသုံးပြုခဲ့ကြောင်းဖော်ပြထားပါတယ်။
တော်လှန်ရေးအဖွဲ့တွေ၊ စစ်ကောင်စီကို ဆန့်ကျင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေမှာလည်း ကလေးစစ်သားစုဆောင်းမှုတွေ ရှိပေမယ့်စစ်ကောင်စီရဲ့အရေအတွက်လောက်တော့မများဘူးလို့ အစီရင်ခံစာမှာ ထည့်သွင်း ဖော်ပြထားခဲ့ပါတယ်။ ဒါပေမယ့် ကလေးစစ်သားတွေ ရှိနေဆဲပဲဆိုတာကို မောင်ဇင်ကိုကိုဖြစ်စဥ်က သက်သေပြလို့ရခဲ့တယ်။ တပ်ထဲမှာ ကလေးစစ်သားတွေ ဘယ်လောက်ကျန်နေသေးမလဲဆိုတာ မသိနိုင်ပါဘူး။
စစ်ကောင်စီတပ်ဆီကနေ လွတ်မြောက်လာတဲ့ မောင်ဇင်ကိုကိုက တပ်ထဲကျန်တဲ့သူတွေကို အခုလိုပဲ မှာပါတယ်။
“ဒီဘက် (PDF)ကဘာမှမလုပ်ဘူး။မင်းတို့အလင်းဝင်ချင်တယ်ဆိုရင် ဝင်လာခဲ့ပါ။ ငါတို့လည်းရှိတာပဲ”တဲ့ ။
