ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်က ဆာဖာရီ တိရစ္ဆာန်ဥယျာဉ် ဝန်ထမ်းတစ်ဦးဟာ ခြင်္သေ့တွေ ဝိုင်းကိုက်လို့ သေဆုံးသွားခဲ့ပါတယ်။
အသက် ၅၈ နှစ်အရွယ် ဝန်ထမ်းဟာ ခန်နာရောင် ခရိုင်ထဲက ဆာဖာရီ ဥယျာဉ်မှာ လုပ်သက် နှစ် ၃၀ လောက် ကြာမြင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ စက်တင်ဘာ ၁၀ ရက်နေ့ ဖြစ်စဉ်မှာတော့ သူဟာ ဆာဖာရီ ဥယျာဉ်ရဲ့ လုံခြုံရေးဆိုင်ရာ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မိခဲ့တယ်လို့ တိရစ္ဆာန် ဥယျာဉ်ဖက်က ထုတ်ပြန်ခဲ့ပါတယ်။
ထိုင်းမီဒီယာတွေက ဂျီအန်လို့ နာမည်ဖော်ပြခဲ့တဲ့ ဝန်ထမ်းဟာ ဆာဖာရီ ဥယျာဉ်ထဲမှာ သူကျကျန်ခဲ့တဲ့ ပစ္စည်းတစ်ခုကို ကောက်ယူဖို့အတွက် ဂျစ်ကား တံခါးကို ဖွင့်ပြီး အပြင်ထွက်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ ပစ္စည်းကို ကောက်ယူတဲ့အချိန် ခြင်္သေ့တွေ ရှိတဲ့ဖက်ကို ကျောလှည့်ထားခဲ့မိပြီး ၁၀ မီတာလောက် အကွာမှာ ရှိနေတဲ့ တောရိုင်းတိရစ္ဆာန် တစ်ကောင်က အလစ်ဝင်ဆွဲတာ ခံခဲ့ရပါတယ်။
အဲဒီဝန်ထမ်းကို ခြင်္သေ့က ဂျစ်ကားနဲ့ အဝေးဆီ ဆွဲယူသွားပြီး နောက်ထပ် ခြင်္သေ့ သုံးလေးကောင်ကလည်း အဲဒီဝိုင်းဝန်း ကိုက်ဖဲ့ခဲ့ကြပါတယ်။ သွေးသံရဲရဲတွေ ဖြစ်နေတဲ့ မြင်ကွင်းကို ထိုင်းနိုင်ငံသားတွေရော၊ နိုင်ငံခြားသားတွေကပါ ၁၅ မိနစ်လောက် ကြာတဲ့ထိ ဘာအကူအညီမှ မပေးနိုင်ဘဲ ကြည့်နေခဲ့ရပါတယ်။ သူတို့တွေဟာ စီးနင်းလာတဲ့ ကားတွေထဲက မထွက်ရဲကြဘဲ အော်ဟစ်ကြ၊ ဟွန်းတွေတီးကြပြီး ခြင်္သေ့တွေကို မောင်းထုတ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

Public Service Announcement
အစောပိုင်းတုန်းက ကားပေါ် ပါလာသူတွေဟာ ခြင်္သေ့တွေက သူတို့နဲ့ ယဉ်ပါး အကျွမ်းဝင်တဲ့ တိရစ္ဆာန်ရုံ ဝန်ထမ်း တစ်ယောက်ယောက်နဲ့ ဆော့ကစားနေတာလို့ ထင်နေခဲ့ကြကြောင်း မျက်မြင်တစ်ဦးက ဆိုပါတယ်။ နောက်မှ အခြေအနေကို သတိထားမိကြ၊ အော်ဟစ် အကူအညီတောင်းကြနဲ့ ဗြောင်းဆန်ကုန်ပြီး တခြားတိရစ္ဆာန်ရုံ ဝန်ထမ်းတွေက ခြင်္သေ့တွေကို ခြောက်လှန့် မောင်းထုတ်နိုင်ခဲ့ကြပါတယ်။ ပြင်းပြင်းထန်ထန် ဒဏ်ရာတွေရပြီး သေလုမြောပါး ဖြစ်နေတဲ့ ဂျီအန်ကို ဆေးရုံ အမြန်ဆုံး တင်ပို့ခဲ့ပေမယ့်လည်း ဆေးရုံရောက်ချိန်မှာ အသက်မမီတော့ပါဘူး။
ဂျီအန်ဟာ တိရစ္ဆာန်တွေကို အစာကျွေးဖို့အတွက် ခြင်္သေ့တွေ ရှိနေတဲ့ ဇုန်နေရာဆီ ရောက်နေခဲ့တာလို့ စုံထောက် အရာရှိတွေက ပြောပါတယ်။ တိရစ္ဆာန်ရုံမှာတော့ အခုလို ဖြစ်စဉ်မျိုးကို ပထမဆုံး ကြုံတွေ့ဖူးတာ ဖြစ်ပါတယ်။ လူသေတဲ့ထိ တိုက်ခိုက်ခဲ့တဲ့ ခြင်္သေ့တွေနဲ့ ပတ်သက်ပြီး ဘယ်လို စီမံမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ကိုးကား: Khaosod



















































