ဇူလိုင်-၂၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်ရွှေကူမှဗန်းမော်မြို့သို့ဆက်လက်ထွက်ခွာသည့်စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကတိုက်ခိုက်ရာ သင်္ဘောတစ်စီး ထိခိုက်ပျက်စီးသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဇူလိုင် ၂၉ရက် နံနက်တွင် စစ်သင်္ဘော ၈စီးသည် ရွှေကူမြို့မှ အထက်သို့ ဆန်တက်လာခြင်းဟု ဆိုသည်။
“တက်လာနေတာဒုမြစ်ကျဉ်းရောက်ပြီ။ ဒီမနက်တက်လာတာ ၈စီး။ တစီး ထိမှန်ပြီး မီးလောင်နေတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
စစ်သင်္ဘောထိခိုက်ပျက်စီးမှု ၊ တိုက်ပွဲ အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီဘက်က ယနေ့ နေ့လည် ၁၂နာရီခန့်တွင် ရွှေကူမြို့ဘက်သို့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ဟုလည်း သတင်းရင်းမြစ်က ပြောသည်။
KIAက မြို့သိမ်းစစ်ဆင်ရေး ဆောင်ရွက်နေသည့် ဗန်းမော်မြို့ကို စစ်သင်္ဘောများ မရောက်ရေး KIAဘက်က ရသည့်နည်းဖြင့် တားဆီးရန်ကြိုးပမ်းလိမ့်မည်ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။
“အများစု မရောက်အောင်တော့ တားကြမှာပဲ။ဒုတိယ မြစ်ကျဉ်းနဲ့ ပထမမြစ်ကျဉ်းက အရမ်းကျဉ်းတယ် အဲဒီနေရာက။ ကျဉ်းတဲ့အခါကျတော့ ရေစီးလည်း သန်တဲ့အခါကြတော့ ပစ်ကွင်းလည်း နီးနီးကပ်ကပ် ရှိတဲ့အခါကြတော့ ထိရောက်မှုအားက ပိုပြီးမှ နီးစပ်တယ်။ နီးစပ်တဲ့ ပစ်မှတ်ကိုရောက်နိုင်တယ်။ အရင်နှစ်တွေကလည်း အဲဒီလို တက်ဖူးတယ်လေ။ အဲဒီ ဗွီဒီယိုဖိုင်တွေတောင် ရှိသေးတယ်။ ထိထိရောက် ပစ်ခတ်နိုင်တယ်လေ။ အဲဒါဆိုတော့ သူတို့(စစ်ကောင်စီ)ဘက်ကလည်း အရင်နှစ်ကလို မဖြစ်အောင် ကုန်းကြောင်းနဲ့ မြစ်ကြောင်းတလျှောက် ရှင်းလင်းရေးပုံစံနဲ့ တက်တာ။ အဲဒါလည်းဖြတ်တိုက်တာ။ သူတို့လည်း အသေအပျောက်နဲ့ ပြန်လှည့်သွားတာရှိတယ်။ရောက်တဲ့ အစင်း(သင်္ဘော)တွေ ရောက်လာမှာပဲ။ ဒါပေမဲ့ မြုပ်တဲ့အစင်းတွေ ပိုများမယ်လို့ တွက်ဆထားတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီတပ်သည် ဇူလိုင် ၂၇ရက်ကလည်း ရွှေကူမြို့မှ စစ်သင်္ဘောများဆန်တက်ခဲ့သော်လည်း အဆိုပါ စစ်သင်္ဘောများနှင့် မြေပြင်စစ်ကြောင်းကိုပါ KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာပြီး နောက်ပြန်ဆုတ်သွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်အချို့က ဆိုသည်။
စစ်ကောင်စီသည် စစ်သင်္ဘောများ ရောက်ရှိလာပါက ဆိုက်ကပ်ရန်အတွက်ပါ ဗန်းမော်မြို့၌ ပြင်ဆင်မှုများ ပြုလုပ်ထားသည်ဟု သိရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။
“အခု ပို့တဲ့ ပုံက ဗန်းမော်ကမ်းနားတလျှောက်က ရပ်ကွက်တွေကို စစ်ကောင်စီက ပြန်ပြီး ထိုးစစ်ဆင် သိမ်းပိုက်ထားတာ။ ပြီးရင် အခု ဆန်တက်လာမယ့် သင်္ဘောအုပ်စုကို အဲဒီကနေ စောင့်နေကြတာ။ သိရသလောက် စစ်ကောင်စီက ဗန်းမော်ကို အပိုင်ရမယ်ဆိုပြီးတွက်ထားပုံရတယ်”ဟု ၎င်းက ပြောသည်။
ထို့ကြောင့် မြစ်ကြီးနားမြို့ရှိ Non CDM ဝန်ထမ်းများ ဗန်းမော်မြို့သို့ ရွှေ့ပြောင်းရန် သတင်းများကြားနေရသည်ဟု ဆိုသည်။ ထို့ပြင် ယခု စစ်သင်္ဘောများနှင့်အတူ ပါလာသည့် သင်္ဘောပေါ်တွင် သံဖရိန်များ၊ ရုရှားနှင့် ဘီလာရုထုတ် အသေခံဒရုန်းနှင့် ဒရုန်းများ ပါလာသည်ဟု ကြားရကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။
“သူတို့က ပြန်လည်တည်ဆောက်ရေးထက် အခိုင်အမာ ခံကတုတ်ကျင်းတွေ ပြန်တည်ဆောက်ဖို့လို့ တော်လှန်ရေးအဖွဲ့တွေက တွက်ဆနေကြတယ်”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။
ဗန်းမော်မြို့သို့ စစ်ကောင်စီတပ်သင်္ဘောများ လာရောက်ရန် ကြိုးပမ်းမှု၊ ဗန်းမော်ဒေသလက်ရှိ စစ်ရေး အခြေအနေများ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ယနေ့ ဇူလိုင် ၂၉ရက် နံနက်တွင် ဆက်သွယ်ထားဆဲဖြစ်သည်။











































