အမေရိကန်နဲ့ ဥရောပ သမဂ္ဂ (EU)တို့ကြားမှာ ကုန်သွယ်ရေး အခွန်စည်းကြပ်မှုဆိုင်ရာ သဘောတူညီမှုတစ်ခု ရရှိသွားပြီ ဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာပေါ်မှာ အကြီးမားဆုံး စီးပွားရေး အစုအဖွဲ့ကြီး နှစ်ခုကြား၊ အရင်းနှီးဆုံး စစ်မဟာမိတ် အင်အားစု နှစ်ခုကြားက လပေါင်းအတော်ကြာ အဖြေရှာမရဘဲ လိပ်ခဲတည်းလည်း ဖြစ်နေခဲ့တဲ့ ကုန်သွယ်ရေး မူဝါဒဆိုင်ရာ အငြင်းအခုံ တစ်ခုက အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်က ကုန်သွယ်ဖက် နိုင်ငံတွေရဲ့ သွင်းကုန်တွေအပေါ် အမေရိကန်က အသစ်တိုးမြှင့် သတ်မှတ်ဖို့ လျာထားတဲ့ အခွန်နှုန်းထား အသစ်တွေ စတင် အသက်ဝင်မယ့် ဩဂုတ် ၁ ရက်နေ့ မတိုင်ခင်မှာ အမေရိကန်နဲ့ EUတို့ အခုလို သဘောတူညီမှု ရရှိခဲ့တာပါ။
စကော့တလန်မှာ သမ္မတ ထရမ့်နဲ့ EUရဲ့ အမှုဆောင် အဖွဲ့အစည်းဖြစ်တဲ့ ဥရောပ ကော်မရှင်ရဲ့ ဥက္ကဋ္ဌဖြစ်သူ အာဆူလာ ဗွန်ဒါလီယန်တို့ ဇူလိုင်လ ၂၇ ရက်နေ့မှာ အကျေအလည် ဆွေးနွေးမှုအပြီး အမေရိကန်ဆီ တင်ပို့မယ့် ဥရောပ သွင်းကုန် အားလုံးကို တန်ဖိုးရဲ့ အခွန် ၁၅ ရာခိုင်နှုန်း စည်းကြပ်ဖို့ ဆိုတာကို နှစ်ဖက်စလုံးက လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မူလက ထရမ့် ခြိမ်းခြောက်ထားတဲ့ ၃၀ ရာခိုင်နှုန်း အခွန်စည်းကြပ်မယ် ဆိုတာထက်တော့ ထက်ဝက် လျော့နည်းသွားပါတယ်။

Public Service Announcement
အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ EUဟာ သူတို့ရဲ့ စျေးကွက်ကို အမေရိကန်အတွက် အလုံးစုံ ဖွင့်ပေးမှာ ဖြစ်ပြီး တချို့သော အမေရိကန် သွင်းကုန်တွေကိုတော့ အခွန်လုံးဝ ကင်းလွတ်ခွင့် ပေးလိမ့်မယ်လို့ ထရမ့်က ပြောပါတယ်။ ဗွန်ဒါလီယန်ကလည်း အခု သဘောတူညီမှုကြောင့် မဟာမိတ် အင်အားစု နှစ်ခုကြားမှာ တည်ငြိမ်မှု အာမခံချက်မျိုး ရရှိစေလိမ့်မယ်လို့ ညွှန်းဆိုခဲ့ပါတယ်။ အမေရိကန်နဲ့ EUဟာ ကမ္ဘာ့ကုန်သွယ်ရေးကဏ္ဍ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံမှာ ပါဝင်ပတ်သက်နေပါတယ်။
ထရမ့်ရဲ့ အဆိုအရ EUဟာ စစ်လက်နက်နဲ့ စစ်သုံးပစ္စည်းတွေ ထုတ်လုပ်ရေး ကဏ္ဍအပါအဝင် အမေရိကန်မှာ ဒေါ်လာ ၆၀၀ ဘီလီယံလောက် ရင်းနှီးမြှုပ်နှံပြီး စွမ်းအင်ကဏ္ဍအတွက်လည်း ဒေါ်လာ ၇၅၀ ဘီလီယံလောက် သုံးစွဲဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်မှာ ထရမ့်က ဒုတိယအကြိမ် သမ္မတ ဖြစ်လာကတည်းက ကုန်သွယ်ဖက် နိုင်ငံတွေနဲ့ စကားပြောရာမှာ သွင်းကုန် အခွန်စည်းကြပ်မှုတွေကို မူဝါဒရေးရာ လက်နက်တစ်ခုလို အသုံးချလာခဲ့ပြီး အဲဒီ အခြေအနေဟာ ကမ္ဘာ့စီးပွားရေး ကဏ္ဍရဲ့ သွင်ပြင်လက္ခဏာအပေါ် ကြီးမားတဲ့ အပြောင်းအလဲတွေ ရိုက်ခတ် ကြုံတွေ့လာစေပါတယ်။
ဩဂုတ်လ ၁ ရက်နေ့ နောက်ဆုံး သတ်မှတ်ရက် မတိုင်ခင်မှာ အမေရိကန်ဟာ EUသာ မကဘဲ ဂျပန်၊ ဗြိတိန်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ် နိုင်ငံတွေနဲ့လည်း ကုန်သွယ်ရေး အခွန်စည်းကြပ်မှု သဘောတူညီမှု အသစ်တွေ ရရှိထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ရက်ပေါင်း ၉၀ အတွင်း သဘောတူညီမှု ၉၀ ရရှိစေမယ်ဆိုတဲ့ ထရမ့်ရဲ့ ကြွေးကြော်မှုအတိုင်း အထမြောက်မယ့် အလားအလာတော့ မရှိပါဘူး။
ထရမ့်က အမေရိကန်ရဲ့ ကုန်သွယ်ရေး လိုငွေပြမှုတွေ အရမ်းကြီးမားနေတာကို လျှော့ချဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်ဆီ တင်သွင်းတဲ့ ကုန်စည်တွေအပေါ် အခွန်တွေ တိုးမြှင့်စည်းကြပ် ကောက်ခံဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
ထရမ့်ဟာ စကော့တလန်ကို ၅ ရက်ကြာ အလည်အပတ် ခရီးစဉ် ရောက်ရှိနေချိန် တောင်ပိုင်း အာရစ်ရှိုင်းယားမှာရှိတဲ့ သူ့ကိုယ်ပိုင် တန်ဘယ်ရီ ဂေါက်ကလပ်မှာ ဗွန်ဒါလီယန်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ကီရာ စတာမာကလည်း ဇူလိုင် ၂၈ ရက်မှာ ထရမ့်နဲ့ အဲဒီဂေါက်ကလပ်မှာပဲ သီးခြားတွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ကိုးကား: New York Times











































