ဇူလိုင်-၂၄၊ ၂၀၂၅။ People’s Spring
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်တို့အပါအဝင် ဒီမိုကရေစီအရေးလှုပ်ရှားသူလေးဦးကို မြန်မာစစ်ကောင်စီက မတရားကွပ်မျက်မှုအပေါ် အောက်မေ့သတိရကြောင်း ရန်ကုန်မြို့ ဗြိတိန်သံရုံးက ဒီနေ့ ထုတ်ပြန်ပါတယ်။
လွန်ခဲ့တဲ့သုံးနှစ် ၂၀၂၂ ဇူလိုင် ၂၃ ရက်မှာ အာဏာသိမ်းစစ်ကောင်စီက ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ လေးဦးကို ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်း ကြိုးပေးကွပ်မျက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ မတရားကွပ်မျက်ခြင်းကိုခံခဲ့ရတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူလေးဦး၊ မြန်မာနိုင်ငံမှာ ဝမ်းနည်းကြေကွဲဖွယ် အသက်ဆုံးရှုံးခဲ့ရသူအားလုံးနဲ့ လက်ရှိအချိန်ထိ ဆက်လက် မတရားဖမ်းဆီးချုပ်နှောင်ခံနေရသူ အားလုံးကိုလည်း ဗြိတိန်အစိုးရက အောက်မေ့သတိရကြောင်း ဖော်ပြပါတယ်။

Public Service Announcement
မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံးကို အမြန်ဆုံးလွှတ်ပေးဖို့ ယူကေအစိုးရက ထပ်မံတောင်းဆိုပါတယ်။
သုံးနှစ်ကြာပြီဖြစ်ပေမယ့် မတရားကွပ်မျက်ခံခဲ့ရသူတွေရဲ့ မိသားစု၊ မိတ်ဆွေများနဲ့ တော်လှန်ရေးဘက်တော်သားများက သတိရနေဆဲဖြစ်ကြောင်း မနေ့က လူမှုကွန်ရက် စာမျက်နှာတွေမှာ ရေးသား ရင်ဖွင့်ထားကြပါတယ်။
ဦးဂျင်မီရဲ့ ဇနီး မနီလာသိန်းက “ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်အားလုံးအတွက် သွေးကြွေးမှာ ဆွေးနွေးစရာမရှိ၊ မဆုံးသေးတဲ့ခရီးလျှောက်လှမ်းလျှက်ပါ”လို့ ရေးသားထားပါတယ်။ ဦးဖြိုးဇေယျာသော်ရဲ့ ဇနီး မသဇင်ညွန့်အောင်ကလည်း “မတရားဖမ်းဆီး ဖျောက်ဖျက်ခံရခြင်း(၃)နှစ် သွေးကြွေးမှာ ဆွေးနွေးစရာမရှိ၊ ပြစ်မှုကျူးလွန်သူ စစ်ကောင်စီစစ်ခွေးများ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိ၊တရားတဲ့သူသာနိုင်ကြေးဟေ့”လို့ ရေးသားထားပါတယ်။
လက်ရှိအချိန်ထိ မတရားဖမ်းဆီးချုပ်နှောင်ခံနေရသူတွေဟာ စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဆေးမှုတွေ၊ နှိပ်စက်ညှင်းပန်းမှုတွေကြုံတွေ့ရတဲ့အပြင် လုံလောက်တဲ့ ဆေးဝါးကုသမှုရရှိပိုင်ခွင့်ကို ငြင်းပယ်ခံရခြင်းတွေနဲ့လည်း မကြာခဏ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဗြိတိန်သံရုံးက အသိပေးပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းချိန်ကစလို့ လက်ရှိအချိန်ထိ နိုင်ငံရေးအကျဥ်းသား ၂၂,၀၀၀ ကျော် ဆက်လက်ဖမ်းဆီးချုပ်နှောင်ခံထားရဆဲပါ။
ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာပဲ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အဖြစ် တက်ကြွလှုပ်ရှားသူ အသက် ၂၆ နှစ်အရွယ် မဝတ်ရည်အောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအဖွဲ့ဝင် နိုင်ငံရေးလှုပ်ရှားသူ ကိုပြည့်စုံအောင်တို့ ဖမ်းဆီးချုပ်နှောင်ခံထားရစဥ်အတွင်း သေဆုံးခဲ့ရပါတယ်။
မဝတ်ရည်အောင်နဲ့ ကိုပြည့်စုံအောင်တို့ အကျဥ်းထောင်တွေအတွင်းမှာ အသက်ဆုံးရှုံးခဲ့ရတာဟာ အချိန်မီဆေးဘက်ဆိုင်ရာကုသမှု မရရှိခဲ့ခြင်းက အဓိကအကြောင်းအရင်းတစ်ခုဖြစ်တယ်ဆိုတာ ထင်ရှားတယ်လို့ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။
