အာဖဂန် နစ္စတန်မှာ ကျန်ခဲ့တဲ့ အမေရိကန် စစ်လက်နက် အရေအတွက် ၅ သိန်းလောက်ဟာ တာလီဘန်တွေဆီကနေတဆင့် မှောင်ခိုစျေးကွက်နဲ့ နိုင်ငံတကာ စစ်သွေးကြွ အဖွဲ့အစည်းတွေဆီ ရောက်ရှိကုန်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်တုန်းက အမေရိကန်တပ်တွေ အာဖဂန်ကနေ ဆုတ်ခွာသွားတဲ့နောက် တာလီဘန် အဖွဲ့က နိုင်ငံရဲ့ အာဏာကို ပြန်လည် ထိန်းချုပ်လိုက်ပါတယ်။ အမေရိကန်ရဲ့ ကတိုက်ကရိုက် ဆုတ်ခွာမှုအပြီး အာဖဂန် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေဟာ တာလီဘန်တွေရဲ့ ထိုးစစ်ကို မခုခံနိုင်တော့ဘဲ အချိန်တိုအတွင်း အရှုံးပေးခဲ့ကြရပါတယ်။ အဲဒီနောက် အမေရိကန်က အာဖဂန် အစိုးရဆီ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေ အများအပြားဟာ တာလီဘန်တွေရဲ့ သိမ်းယူခြင်းကို ခံခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ အမေရိကန် စစ်လက်နက် အရေအတွက် ၅ သိန်းလောက်ဟာ တာလီဘန်တွေ လက်ထဲကနေတဆင့် ပျောက်ဆုံးသွားတာ၊ စစ်သွေးကြွ အဖွဲ့အစည်းတွေဆီ မှောင်ခိုလမ်းကြောင်းကနေ ရောင်းချလိုက်တာတွေ ရှိလာကြောင်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် သိထားတဲ့ သတင်းရင်းမြစ် တချို့က BBCကို ပြောကြားခဲ့ပါတယ်။
ကုလသမဂ္ဂကလည်း အဲဒီ စာရင်းပျောက်သွားတဲ့ လက်နက်တွေထဲက တချို့ဟာ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့နဲ့ ဆက်စပ် ဆဲလ်တွေဆီ ရောက်သွားတယ်လို့ ယုံကြည်နေပါတယ်။

Public Service Announcement
တာလီဘန်တွေဟာ လက်နက်ငယ် အများစုနဲ့ စစ်သုံး သယ်ယူပို့ဆောင်ရေးယာဉ်တွေ အပါအဝင် အမေရိကန် စစ်လက်နက် အရေအတွက် တစ်သန်းလောက်ကို ၂၀၂၁ ခုနှစ်မှာ သိမ်းဆည်း ရမိခဲ့ကြောင်း နာမည် မဖော်လိုတဲ့ အာဖဂန် လုံခြုံရေး အရာရှိဟောင်း တစ်ဦးက BBCကို ပြောပြခဲ့ပါတယ်။
အမေရိကန်တပ်တွေ ရုပ်သိမ်းသွားတဲ့အချိန် အာဖဂန် စစ်သားတွေက လက်နက်ချကြ၊ ထွက်ပြေးကြတဲ့နောက် အမေရိကန် စစ်လက်နက်တွေနဲ့ ယာဉ်တွေဟာ တာလီဘန်တွေ လက်ထဲကို အလွယ်တကူ ကျရောက်ခဲ့တာပါ။ ဒါပေမဲ့ တချို့ စစ်လက်နက်တွေကတော့ ဆုတ်ခွာသွားတဲ့ အမေရိကန်တပ်တွေ ထားခဲ့ကြတာ ဖြစ်တယ်လို့ တခြား သတင်းအရင်းအမြစ် တစ်ခုက BBCကို မှတ်ချက်ပေးခဲ့ပါတယ်။
တာလီဘန်တွေ လက်ထဲ ရောက်သွားခဲ့တဲ့ အမေရိကန် စစ်လက်နက်တွေထဲမှာ M4နဲ့ M16 ရိုင်ဖယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့ အရေးယူ ပိတ်ဆို့မှု ကော်မတီ အစည်းအဝေး တစ်ခုကို ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ မနှစ်တုန်းက ပြုလုပ်ခဲ့တဲ့နောက် တာလီဘန် ကိုယ်စားလှယ်တွေက အဲဒီ စစ်လက်နက်တွေထဲက တစ်ဝက်လောက် ပျောက်ဆုံးသွားပြီဆိုတာ ဝန်ခံခဲ့တယ်လို့ ကုလသမဂ္ဂ အရာရှိ တချို့ကလည်း ပြောပါတယ်။
ကော်မတီ အဖွဲ့ဝင် တစ်ဦးက ပျောက်ဆုံးသွားတဲ့ စစ်လက်နက်တွေ ဘယ်မှာရှိတယ်၊ ဘယ်သူတွေ အသုံးပြုနေတယ် ဆိုတာကို တိတိကျကျ မသိနိုင်သေးဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အယ်လ်ကိုင်ဒါ ဆက်စပ် အဖွဲ့အစည်းတွေဖြစ်တဲ့ ပါကစ္စတန် တာရိခ်အီ တာလီဘန်၊ ဥဇဘက်ကစ္စတန် အစ္စလာမ်မစ် လှုပ်ရှားမှုတပ်၊ အရှေ့ တာ့ကီစတန် အစ္စလာမ်မစ် လှုပ်ရှားမှုတပ်နဲ့ ယီမင်အခြေစိုက် အန်ဆာရူလာ လှုပ်ရှားမှုတပ်တွေမှာ အဲဒီလက်နက်တွေထဲက တချို့ ရောက်ရှိနေတယ်လို့ ကုလသမဂ္ဂက ယုံကြည်နေပါတယ်။ တာလီဘန်တွေဆီက ပျောက်ဆုံးသွားတဲ့ လက်နက်တွေဟာ မှောင်ခိုစျေးကွက်ထဲ ရောက်ခဲ့ပြီး အဲဒီအဖွဲ့အစည်းတွေက ထပ်ဆင့် ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်အရ တာလီဘန် အစိုးရဟာ ဒေသဆိုင်ရာ စစ်ဦးစီး အရာရှိတွေကို သိမ်းဆည်းရမိတဲ့ အမေရိကန် စစ်လက်နက်တွေရဲ့ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခွင့် ပေးခဲ့ပြီး အကျိုးဆက်အဖြစ် အဲဒီလက်နက်တွေဟာ မှောင်ခိုစျေးကွက်ထဲ ဒလဟော ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
နောက်ပြီး ဒေသအလိုက် စစ်ဦးစီးတွေကြားမှာ စစ်လက်နက်တွေ အပြန်အလှန် လက်ဆောင်ပေးကြတာဟာ အင်အားစုစည်းမှု၊ မဟာမိတ်ပြုမှုကို ခိုင်မာစေတဲ့ သင်္ကေတ ဓလေ့တစ်ခု ဖြစ်နေခြင်းကလည်း လက်နက်တွေ စာရင်းပျောက်မှုကို ပိုဆိုးသွားစေခဲ့တယ်လို့ ကုလသမဂ္ဂက မှတ်ချက်ပေးထားပါတယ်။ ပြီးတော့ လက်နက် မှောင်ခို စျေးကွက်ဟာ တာလီဘန်ရဲ့ ဒေသဆိုင်ရာ စစ်ဦးစီးတွေအတွက် ချမ်းသာကြွယ်ဝမှု အရင်းအမြစ်ကြီး တစ်ခုအဖြစ် ဆက်လက် ကြီးထွားလာနေတယ်လို့လည်း အစီရင်ခံစာထဲမှာ ဖော်ပြထားခဲ့ပါတယ်။
ကိုးကား: BBC
