ဇွန်-၃၀၊ ၂၀၂၅။ ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့က အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာ စစ်အုပ်စုဝင်တွေ ထိခိုက်သေဆုံးမှုရှိကြောင်း Chindwin Rocket Brothers-C.R.B အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ (၂၇)ရက်၊ ညနေ ၅ နာရီခွဲခန့်က စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ရော့ကတ် (၁၀)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Rocket Brothers -C.R.B အဖွဲ့က အသိပေးပါတယ်။
အဲဒီပစ်ခတ်မှုကြောင့် နမခ စစ်တိုင်းရုံးထဲက ဆီဂိုဒေါင်ပေါက်ကွဲကာ တန့် ၂ လုံး ပျက်စီးကြောင်း၊ စခန်းရုံးနဲ့ ရိက္ခာဂိုဒေါင်တွဲ၊ အရာရှိရိပ်သာက အိမ်စီးကား ၂ စီးတို့ မီးလောင်ပျက်စီးပြီး လိုင်းခန်းလည်း ထိမှန်ပျက်စီးကြောင်း၊ ဒါ့အပြင် စစ်တိုင်းရုံးထဲက အရာရှိ (၂)ဦး၊ အရာရှိဇနီး(၄)ဦး၊စစ်သည် (၁၂)ဦး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ C.R.B အဖွဲ့က ဆိုပါတယ်။

Public Service Announcement
အပြင်းအထန်ဒဏ်ရာရတဲ့ အရာရှိ (၄)ဦး၊စစ်သည် (၁၅)ဦးရှိပြီး နောက်တရက်မှာ (၃)ဦးထက်မနည်း ထပ်မံသေဆုံးခဲ့တယ်လို့ C.R.B အဖွဲ့က အသိပေးပါတယ်။
ထိခိုက်သေဆုံးမှုတွေ အတည်ပြုတဲ့အခြေအနေနဲ့ပတ်သက်ပြီး “လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နမခ တပ်လှုပ်သတင်းတွေသိချင်တယ်ဆိုရင် အထက်ဗမာပြည် (Air Defense force and civil) ကိုမေးလို့ရတယ်။ သူတို့တကယ်တော်တယ်။ သူတို့အတည်ပြုပေးတာပါ”လို့ Chindwin Rocket Brothers -C.R.B အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
မုံရွာနမခထဲက ထိခိုက်ပျက်စီးမှုတွေနဲ့ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
အဲဒီတိုက်ခိုက်မှုကို ချင်းတွင်းရော့ကတ်ညီနောင် (Chindwin Rocket Brothers -C.R.B)ဦးဆောင်ပြီး မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ချိုမိုင်မိုင်(ကနီ)၊Anonymous Heroes၊Chindwin Brothers တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဇွန်လ (၂၈)ရက်ကတော့ မုံရွာနမခထဲကနေ ပါရာမော်တာနဲ့ ဗုံးသီးတွေ ပစ်ချလို့ ဆားလင်းကြီးမြို့နယ်၊ သရက်ကိုင်းကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အတွင်းရှိ အမျိုးသား၄ဦးထိခိုက်သေဆုံးခဲ့ပါသေးတယ်။
