ဇွန်-၂၀၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များမှ လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များဖမ်းဆီးရာ၌ ‘ဝ’တပ်ဖွဲ့(UWSA)၏ လိုင်စင်မဲ့ကားများကို မဖမ်းရဲဘဲ ဒေသခံအရပ်သားကားများကိုသာ ရွေးဖမ်းနေကြောင်း မြို့ခံများက ပြောသည်။
“’ဝ’တပ်ဖွဲ့လည်း လိုင်စင်မဲ့ကားတွေချည်းကိုပဲ စီးတာ။ စကစက ဖမ်းတော့ အရပ်သားကားတွေကိုပဲ ဖမ်းတာ။ ‘ဝ’တွေရဲ့ ကားဆို တားတောင်မတားရဲဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။
စစ်ကောင်စီနှင့် ‘ဝ’တပ်ဖွဲ့ ပူးတွဲထိန်းချုပ်ထားပြီး SSPPလည်းလှုပ်ရှားသည့် တန့်ယန်းမြို့တွင် လိုင်စင်မဲ့ကားနှင့် ဆိုင်ကယ်များကို စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဇွန်လ ၁၈ရက်မှစ၍ ဖမ်းဆီးနေခြင်းဖြစ်သည်။

Public Service Announcement
“ဖမ်းမိတဲ့သူတွေ၊ ယာဉ်အသိမ်းခံရတဲ့သူတွေ၊ အရေးယူခံရတဲ့သူတွေဆိုတာက ကျောမွဲပြည်သူတွေချည်းပဲ။ တကယ်လုပ်ခံရတဲ့သူက ပြုသမျှနုရတဲ့ပြည်သူတွေပဲ။ လိုင်စင်မဲ့ ကင်းရှင်းစေချင်တာ အမှန်ဆိုရင် ဘာကောင်ကြီးဖြစ်ဖြစ်ဖမ်းပါ။ အခုဟာက ကွက်ကြားမိုးဆိုတော့ မတရားတဲ့လုပ်ရပ်ကြီး”ဟု မြို့ခံတစ်ဦးက ပြောသည်။
လက်ရှိတွင် တန့်ယန်းမြို့ကို စစ်ကောင်စီတပ်ရော၊ ‘ဝ’တပ်ဖွဲ့ကပါ ထိန်းချုပ်ထားသည်။ မူလက စစ်ကောင်စီသာ အုပ်ချုပ်နေရာမှ ပြီးခဲ့သည့်ဇွန်လက MNDAAက ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လားရှိုးမြို့ကို တိုက်ခိုက်သိမ်းပိုက်နေစဉ် ဒေသချင်းဆက်စပ်နေသော တန့်ယန်းမြို့ကို ‘ဝ’က ဝင်ရောက်တပ်စွဲခဲ့သည်။ ထို့နောက်ပိုင်း၌ စစ်ကောင်စီတပ်ရော၊ ‘ဝ’တပ်ဖွဲ့ကပါ ထိန်းချုပ်ထားသည်ဟု ဒေသခံများက ပြောသည်။
“ဒေသခံအရပ်သားတွေကတော့ ခံဘက်ကချည်းပဲ။ လိုင်စင်မဲ့စီးတာ ချမ်းသာလို့မဟုတ်ဘူး။ ဒါနဲ့ လုပ်ကိုင်စားသောက်နေရတာ။ အခုဖမ်းတော့ သူ့ပထွေး ‘ဝ’ကို မဖမ်းရဲဘူး။ အရပ်သားပဲ လိုက်ဖမ်းတာ။ လမ်းကြိုလမ်းကြားထဲကနေ ခိုးကြောင်ခိုးဝှက်လည်း ဖမ်းတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
လိုင်စင်မဲ့ယာဉ်များကို အရေးယူရန် စစ်ကောင်စီခေါင်းဆောင်က ပြီးခဲ့သည့်မေလတွင် ပြောခဲ့ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းတာအားဖြင့် လိုင်စင်မဲ့ကားများ၊ ဆိုင်ကယ်များကို စစ်ကောင်စီကဖမ်းဆီးနေခြင်းဖြစ်သည်။
လိုင်စင်မဲ့ယာဥ်များဖမ်းဆီးနေသည့်ဂယက်ကြောင့် ကျေးရွာများမှ ဒေသခံများသည် မြို့ပေါ်သို့မတက်ရဲကြတော့ဘဲ စားသောက်ကုန်အရောင်းအဝယ်ကဏ္ဍကိုပါ ထိခိုက်မှုရှိနေကြောင်း တန့်ယန်းမြို့ခံကုန်သည်တစ်ဦးကပြောသည်။
တန့်ယန်းတွင် စစ်ကောင်စီအရာရှိများနှင့် ‘ဝ’သူဌေးများ၊ တရုတ်သူဌေးများ ပါဝင်ပတ်သက်နေသည့် ကျားဖြန့်လုပ်ငန်းများလည်းရှိနေကြောင်း ဒေသခံများကပြောသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလက တန့်ယန်းမြို့အနီး မိုင်းရယ်မြို့တွင် ယာယီအခြေစိုက်ထားသည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)တိုင်းမှူး ဗိုလ်ချုပ်မြင့်ကျော်ထွန်းနှင့် အရာရှိအချို့သည် ကျားဖြန့်ငွေလိမ်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေကြောင်း တရုတ်အစိုးရ၏ သတင်းပေးမှုဖြင့် ဖမ်းဆီးခံခဲ့ရသည်။
