ဇွန်-၁၉၊၂၀၂၅။ထားမြတ်/People’s Spring
ကိုးကန့်တပ်မတော်(MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ခေါင်းဆောင်များ ညှိနှိုင်းတွေ့ဆုံပွဲ၌ လတ်တလောပေါ်ပေါက်လာသော အမြင်ကွဲလွဲမှုများနှင့် သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူညီခဲ့ကြောင်း MNDAAက သတင်းထုတ်ပြန်သည်။
MNDAAနှင့် SSPP အဆင့်မြင့်ကိုယ်စားလှယ်များ တက်ရောက်သည့် ဆွေးနွေးပွဲကို ဇွန်လ ၁၇ ရက်က MNDAA သိမ်းပိုက်ထားသည့်သိန္နီမြို့နယ်သံလွင်ကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲသို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏( ၇၁၀ ) ရှေ့တန်းဒုတိယ ကွပ်ကဲရေးမှူး တက်ရောက် ကာ MNDAAနှင့် SSPP တို့၏ ဆွေးနွေးပွဲ ရလဒ်များကို သက်သေခံခဲ့ဟု ဖော်ပြသည်။

Public Service Announcement
ဆွေးနွေးပွဲသို့ MNDAA ဘက်က ဒုစစ်ဦးစီးချုပ် ဦးဆောင်ခဲ့ပြီး SSPP ဘက်က ဒုတိယတပ်မှူးချုပ်ဗိုလ်ချုပ်ကြီးနိုင်ဖ ဦးဆောင် ပြုလုပ်ခဲ့ရာ နှစ်ဦးနှစ်ဖက်စလုံးက သမိုင်းကြောင်းအရ ရင်းနှီးသော ညီအစ်ကို တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများအဖြစ် ယခင်မျိုးဆက်များ တည်ဆောက်ခဲ့သော တော်လှန်ရေး ရိုးရာမိတ်ဖွဲ့မှုကို ထိန်းသိမ်းရန်တာဝန်ရှိကြောင်း၊ “ကြီးသည့်အမှုငယ်အောင်၊ငယ်သည့်အမှုပပျောက်အောင်”ဆိုသည့် နိယာမကိုလက်ကိုင်ထားပြီး လတ်တလောပေါ်ပေါက်လာသောအမြင်ကွဲလွဲမှုများနှင့် သဘောထားကွဲလွဲမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
MNDAA ဒုစစ်ဦးစီးချုပ်ကအိမ်နီးချင်း နှင့် ချစ်ကြည်ရေးတည်ဆောက်ခြင်းသည် အဖွဲ့၏ မူဝါဒ ဖြစ်ပြီး ငြိမ်းချမ်းခြင်းကို အလေးထားကြောင်းပြောကြားခဲ့သည်။
ထို့ပြင် MNDAA သည်အခြားမည်သည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းနှင့်မဆိုပဋိပက္ခဖြစ်ပွားလိုခြင်းမရှိကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်လိုကြောင်း အသိပေးသည်။
MNDAA သည် အခြားမည်သည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ဖိနှိပ်ရန်မည်သည့်အခါမှစိတ်ဆန္ဒမရှိသကဲ့သို့ အနာဂတ်တွင်လည်း လုံး၀ ရှိလာမည်မဟုတ်ဟု ထပ်လောင်း ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။
အပြန်အလှန် ဆက်သွယ်မှုမြှင့်တင်ရန်အတွက် အစည်းအဝေးအတွင်း နှစ်ဖက်စလုံးက အဆင့်မြင့်ဆက်သွယ်ညှိနှိုင်းရေးယန္တရားဖွဲ့စည်းရန်သဘောတူညီခဲ့သည်ဟုလည်းဆိုသည်။ ထို့ပြင်နှစ်ဖက်အလုပ်အဖွဲ့များ၏ ဆက်သွယ်ရေးတာဝန်ရှိသူများကို ချက်ချင်း သတ်မှတ်ပေးခဲ့ကြောင်းလည်း MNDAAကထုတ်ပြန်သည်။
အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီးSSPPဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ဆွေးနွေးပွဲ၌ ပါဝင်သည့် SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဟန်ခမ်းထံသို့ ဆက်သွယ်ရာတွင်လည်း အဆက်အသွယ်မရသေးပေ။
MNDAAနှင့်SSPP/SSAသည် လားရှိးမြို ဟန်နားကျေးရွာနှင့်နားလိုင်ကျေးရွာအနီးတွင် ဇွန်လ ၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲအတွင်း MNDAA တပ်ဖွဲ့ဝင် ၈ ဦး ကျဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့ကြောင်း SSPPက အသိပေးထားသည်။ ဧပြီလကုန်ပိုင်းကလည်း MNDAAနှင့် SSPP တို့ သီပေါမြို့နယ် နေရာ ၈ခုတွင်တိုက်ပွဲ ဖြစ်ခဲ့ဟု SSPPက ထုတ်ပြန်ထားသည်။
