ဇွန်-၂၀၊၂၀၂၅။ထားမြတ်/People’s Spring
ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်သားစုဆောင်းခံရသည့် တပ်သားကိုဝေယံထွန်းသည်ကရင်ပြည်နယ် အောင်ဇေယျစစ်ဆင်ရေးမှ ထွက်ပြေးပြီးကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ထံ အလင်းဝင်ခဲ့ကြောင်း KNLA ဗဟိုဌာနချုပ်က ယနေ့ထုတ်ပြန်သည်။
အမှတ် (၃၃၈)ခြေမြန်တပ်ရင်း(ခမရ-၃၃၈)မှ တပ်သားသစ် ဝေယံထွန်းသည် အုတ်တွင်းမြို့နယ်တွင် သူငယ်ချင်းနှင့်အတူ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးစစ်သားစုဆောင်းခဲ့ခြင်းဖြစ်သည်။
“ဆိုင်ကယ်လိုင်စင်ဖမ်းတာလိုင်စင်မရှိလို့။ သူငယ်ချင်း ၁ ယောက်ကို ပြန်လွှတ်လိုက်တယ်။ ကျနော့်ကို အချုပ်ထဲမှာ ၂ရက်ထားတယ်။” ဟု တပ်သား ဝေယံထွန်းက ပြောပြသည်။

Public Service Announcement
အချုပ်မှ တောင်ငူ စုဆောင်းရေးသို့ ပို့ဆောင်ခဲ့ပြီး ထိုမှတဆင့် အမှတ်(၉) လေ့ကျင့်ရေးကျောင်း (သထုံ)သို့ ပို့ဆောင်ခဲ့ကြောင်း ၊ သင်တန်းသုံးလတပ်ပြီး နောက် ခမရ(၃၃၈)ကို ပို့ဆောင်ခံရခြင်းဖြစ်ကြောင်း၎င်း၏ အတွေ့အကြုံကိုပြောသည်။
စစ်ကောင်စီတပ်တွင်း၌ ညဘက် ကင်းစောင့်ခိုင်းပြီး နေ့ဘက် အနားမပေးကြောင်း ထမင်း၀အောင် မစားရကြောင်း၊ အိပ်ငိုက်ပါက လေးခွဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း၎င်းကပြောသည်။
စစ်တပ်ထဲမှ ထွက်ပြေးရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း အခွင့်အရေးမရခဲ့ကြောင်း၊ အခွင့်အရေးရချိန်၌ သူငယ်ချင်းများနှင့်အတူ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း ပြောပြသည်။
“သူငယ်ချင်းသုံးယောက်ထွက်ပြေးလာတာ။ လက်နက် တယောက်တလက်စီပါတယ်။ ခဲယမ်းတွေပါပါတယ်။” ဟု တပ်သား ဝေယံထွန်းက ပြောသည်။
ကျန်နေသည့် စစ်ကောင်စီတပ်သားများ တော်လှန်ရေးဘက်အလင်းဝင်ရန်၎င်းကဖိတ်ခေါ်သည်။တော်လှန်ရေးတပ်များအနေဖြင့် စစ်ကောင်စီဘက်ကကဲ့သို့ညှင်းပမ်းနှိပ်စက်ခြင်းမရှိကြောင်း၊ အလင်းဝင်ပါက သတ်ဖြတ်ခံရမည်ဆိုသည်မှာ မဟုတ်ဘဲ စစ်ကောင်စီဘက်က ခြိမ်းခြောက်မှုကို ကြောက်ရန်မလိုကြောင်း တပ်သား ဝေယံထွန်းက ပြောသည်။ တော်လှန်ရေးပြီးပါက မိသားစုနှင့်အတူ ပြန်နေမည်ဟု ပြောသည်။
“ အဖေနဲ့အမေနဲ့ကျန်းမာရေးဂရုစိုက်။ သားလည်း လွတ်လွတ်လပ်လပ်နယ်မြေရောက်နေပြီ။ အရင်လို ဟိုသူတောင်းစားတွေ(စစ်ကောင်စီတပ်)လက်ထဲမှာလည်းမဟုတ်တော့ဘူး”ဟု တပ်သား ဝေယံထွန်းက ပြောသည်။
စစ်ကောင်စီသည် နိုင်ငံတဝန်းလူငယ်အများအပြားကို နည်းမျိုးစုံဖြင့် စစ်သားစုဆောင်းပြီး အချိန်တို သင်တန်းများပေးကာရှေ့တန်းစစ်မြေပြင်များသို့ ပို့ပြီးစစ်တိုက်ခိုင်းနေသောကြောင့် တပ်သားသစ်များ သေဆုံးထိခိုက်မှုများစွာရှိသည်။ ထိုအပြင် တော်လှန်ရေးအဖွဲ့များခိုလှုံသူ၊ ပူးပေါင်းသူ ၊လက်နက်ချသူ ၊ထွက်ပြေးသူများလည်းရှိသည်။
