ဇွန်-၂၀၊၂၀၂၅။ဇော်ရမ်း/People’s Spring
ပင်လည်ဘူးမြို့နယ် ၊အင်္ဂါးရွာစာသင်ကျောင်းဝင်းအတွင်းကိုစစ်ကောင်စီက ယနေ့ ညနေ ၄ နာရီခန့်၌ လေကြောင်းမှဗုံးကြဲပြီးနောက်ညပိုင်းတွင်ကောလင်းမြို့နယ်ကိုလည်းဗုံးကြဲသွားသည်။
အင်္ဂါးရွာစာသင်ကျောင်းဝင်းအတွင်းကို ပေါင် ၅၀၀ဗုံးကြဲသွားခြင်းဖြစ်ပြီးCDMဆရာမတစ်ဦးသေဆုံးကာ ကလေးငယ်အချို့အပါအဝင် ဆယ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတစ်ဦးကပြောသည်။တိုက်ပွဲဖြစ်ပွားခြင်းလုံးဝမရှိဘဲ စစ်ကောင်စီကဗုံးကြဲခြင်းဖြစ်ပြီးဗုံးကြဲလေယာဉ်ဆက်လက်ပျံဝဲနေသည်ဟုဆိုသည်။
“ပစ်သွားတာက ကျောင်းဝင်းထဲပါ။ ဆရာမတွေရဲ့ အိမ်တွေထိကုန်တယ်။ အခုက တစ်ရွာလုံးနေလို့မရဲဘူးဖြစ်နေတယ်”ဟုဒေသခံပညာရေးဝန်ထမ်းတစ်ဦးကပြောသည်။

Public Service Announcement
အညာဒေသတွင် မြေပြင်၌ ကျန်းမာရေးဝန်ဆောင်မှုပေးနေသည့် ဒေါက်တာစိုးမင်းကလည်း “စကစဟာ အခုလက်ရှိအချိန် လွန်ခဲ့တဲ့ နာရီပိုင်းအထိ စာသင်ကျောင်းတွေကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နေပြီး ကလေးလေးတွေ ဒဏ်ရာရ ဆရာမတစ်ယောက် အသက်ဆုံးရှုံးရပါတယ်။လေယာဉ်ပျက်ကျရင် ဝမ်းသာတာကလွဲပြီး ဘာမှထိထိရောက်ရောက် မတုန့်ပြန်နိုင်လို့ ဝမ်းနည်းရပါတယ်။ ကလေးဓါတ်ပုံတွေတင်ရင် FB က ban ဦးမှာမို့လို့ ပုံမတင်ပါဘူး။ ဒါပေမယ့် ဒီအဖြစ်အပျက်တွေကို ဘယ်တော့မှ မေ့မသွားပါဘူး”ဟုရေးသားထားသည်။
အင်္ဂါးရွာစာသင်ကျောင်းဝင်းအတွင်းဗုံးကြဲမှု၌ အသက်၃၀ခန့် CDM ဆရာမတစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ပြီး ဒဏ်ရာရသူများ၏အခြေအနေကို မေးမြန်းနေဆဲဟုပင်လည်ဘူးမြို့မှ ကာကွယ်ရေးရဲ ဘော်တစ်ဦးကပြောသည်။
ကောလင်းခရိုင်အတွင်းရှိ ပင်လည်ဘူးမြို့အား ၂၀၂၄ ခုနှစ်အောက်တိုဘာလ (၈) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် မဟာမိတ်များကတိုက်ခိုက်သိမ်းယူခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရကထိန်းချုပ်၍ အုပ်ချုပ်ရေးလုပ်ငန်းများလုပ်နေခြင်းဖြစ်သည်။
စစ်ကောင်စီကယခုလပိုင်းအတွင်းစာသင်ကျောင်းများ၊ဆေးရုံများ၊ဘာသာရေးအဆောက်အအုံများ ၊ဈေးများစသည့် လူစုလူဝေး ရှိရာနေရာများကို ပစ်မှတ်ထား၍တိုက်ခိုက်နေသည်။ထိုကြောင့် မြေပြင်တွင် ဖွင့်လှစ်ထားသောကျောင်းများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ယာယီပိတ်ထားရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနကမေလ ၂၅ရက်၌ ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း၌ ကန့်ဘလူမြို့ကိုလည်း လေကြောင်းမှနှစ်ကြိမ်တိုက်ခိုက်ခဲ့သည်။
ထိုအပြင်ဇွန် ၂၀ ရက်ည၉နာရီခန့်တွင်လည်း ကောလင်းမြို့နယ်အရှေ့ပိုင်းကို ဗုံးနှစ်လုံးကြဲသွားကြောင်းသတင်းရရှိသည်။ မြေပြင်၌ထိခိုက်ပျက်စီးမှုများကိုမသိရှိရသေးပေ။
