ဇွန် – ၁၉ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ကရင်ပြည်နယ် ဖာပွန် – ကမမောင်း လမ်းပိုင်းက ကတိုင်တိစခန်းကို တိုက်ယူပြီး ငါးလနီးပါးအကြာမှာ ပြန်လည်လက်လွှတ်လိုက်ရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။
ဖာပွန် – ကမမောင်း လမ်းပိုင်းမှာ အရေးပါတဲ့ ကတိုင်တိစခန်း ကို KNU တပ်မဟာ (၅) ဦးဆောင်တဲ့ ပူးပေါင်းတပ်က အခုနှစ် ဇန်နဝါရီလ ၂၃ ရက်က သိမ်းယူခဲ့တာပါ။
ဒါပေမယ့် ငါးလနီးပါးအကြာ လက်ရှိ ဇွန်လအတွင်းမှာတော့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ပြီး ပြန်လည်ရယူသွားတာလို့ ဗိုလ်မှုးကြီး စောကလယ်ဒိုက ဆိုပါတယ်။

Public Service Announcement
လက်လွှတ်လိုက်ရတဲ့ ကတိုင်တိစခန်းကိုပြန်ရဖို့အတွက် ကမမောင်းမြို့ကနေ တဆင့် စစ်ကြောင်းအကြိမ်ကြိမ် ထိုးခဲ့ပေမယ့် KNU တပ်မဟာ (၅) ဦးဆောင်တဲ့ ပူးပေါင်းတပ်ရဲ့ ကြားဖြတ် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်မှုတွေကြောင့် စစ်တပ်စစ်ကြောင်း ရှေ့မတိုးနိုင်ခဲ့ဘူးလို့ သိရပါတယ်။
မြေပြင်စစ်ကြောင်း မစွမ်းသာတဲ့အခါမှာ လေကြောင်းကိုအားပြုပြီး တိုက်ခိုက်တာကြောင့် ကမမောင်းနဲ့ ကတိုင်တိကြားက ကျေးရွာတွေ ဗုံးကြဲခံရသလို ဒေသခံတွေ ထိခိုက်သေကြေတာ ၊ နေအိမ်တွေ ၊ ဘာသာရေးအဆောက်အဦးတွေ ပျက်စီးမှု ရှိခဲ့ပါတယ်။
အဲဒီနောက် ဖာပွန်ခရိုင် ၊ ကတိုင်တိရွာ ၊ ယွန်းစလင်းမြစ်ဘေးက ကတိုင်တိစခန်းကို စစ်ကောင်စီ တပ်က ပြန်လည်ရယူနိုင်ခဲ့ပြီး အင်အား ၁၅၀ ကျော်နဲ့ တပ်စွဲ ထားတယ်လို့ ဗိုလ်မှုး ကြီးစောကလယ်ဒိုက ပြောသည်။
“ကတိုင်တိကို သူတို့(စစ်ကောင်စီ) ပြန်ယူလို့တော့ရတယ်၊ ဒါပေမဲ့ အထက်ဘက်(ဖာပွန်)ကို တက်လာဖို့ကတော့ အခုလောလောဆယ်အနေနဲ့ကတော့ သူတို့အစီအစဉ်တော့မရှိသေးဘူးနဲ့တူတယ်၊ သူတို့တက်လာတာတော့ မရှိသေးဘူးပေါ့နော်၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ မပြောတတ်ဘူး၊ အခုကတော့ သူတို့တက်ဖို့အခြေအနေကတော့ သိပ်မရသေးဘူးနဲ့တူတယ်” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။
ဒါအပြင် ဖာပွန်ဗျုဟာ ရဲ့ ကာကင်း စခန်းနှစ်ခုကို စစ်ကောင်စီတပ်က ပြန်လည်ရရှိသွားတယ်လို့သိရပါတယ်။
“အခု သူတို့(စစ်ကောင်စီတပ်) ပြန်သိမ်းလို့ရတာက ဗျူဟာနဲ့ကပ်နေတဲ့ ကာကင်းနေရာနှစ်ခုပေါ့နော်၊ တအားကပ်နေတော့ ပြန်ခွာပေးလိုက်တာပါ” လို့ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။
ကတိုင်တိ-ဖာပွန် တခွင်က စစ်ကောင်စီတပ်ရဲ့ ဆင်စွယ်၊ တောင်သုံးလုံး၊ မထော၊ ကူးဆိပ်၊ ခမရ(၄၃၄)၊ ခလရ(၁၉) စစန(၆၄၂)တပ်ရင်းတွေကို ပြီးခဲ့တဲ့ နှစ်အတွင်း KNU တပ်မဟာ (၅) ဦးဆောင်တဲ့ ပူးပေါင်းတပ်က တိုက်ယူနိုင်ခဲ့ပြီး ဖာပွန်မြို့ကို ထိန်းချုပ်ထားပါတယ်။
