ဇွန် – ၁၉ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring
မန္တလေးမြို့၊ အမရပူရနဲ့ ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်မှုထမ်းစရိတ်အဖြစ် လစဉ် တစ်အိမ် ကျပ်သုံးသောင်းကနေ ကျပ်တစ်သိန်းအထိ အသီးသီးပေးနေရတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
စစ်မှုထမ်းဖို့အတွက် ကျေးရွာတွေမှာ လူမခေါ်တော့ဘဲ အဲဒီအစား လူစားထိုးလိုက်ရသူအတွက် ပေးရတဲ့ငွေကြေး ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးပိုင်းက ကောက်ယူနေတာပါ။
ကျေးရွာထဲမှာ ငွေကြေးတက်နိုင်တဲ့ ပေါ်မူတည်ပြီး တစ်လကို ကျပ်သုံးသောင်းကနေ ကျပ်တစ်သိန်းထိ ကောက်ခံနေတာလို့ သိရပါတယ်။

Public Service Announcement
ငလျင်ကြီး မလှုပ်ခတ်ခင်လတွေက တစ်အိမ်ကို ကျပ်တစ်သောင်းခွဲနှုန်း သတ်မှတ်ထားပေမယ့် အခုတော့ အနည်းဆုံး ကျပ် သုံးသောင်းကနေ စတင်ကောက်ခံတာလို့ ဒေသခံတွေကအသိပေးပါတယ် ။
ငလျင်ဒဏ်ကိုဆိုးဆိုးရွားရွား ခံစားခဲ့ရတဲ့ အမရပူရမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်မှုထမ်း စရိတ် မပေးနိုင်ရင် လူထည့်ပေးဖို့ ဖိအားပေးတာတွေရှိနေတယ်လို့သိရပါတယ်။
” အနည်းဆုံးငါးသောင်းပေးရမယ်ပြောတယ် ၊တစ်နေ့လုပ်တစ်နေ့စားကျတော့ ဒီငါးသောင်းကမလွယ်ဘူး” လုံခြုံရေးအရ ကျေးရွာအမည်မဖော်လိုတဲ့ အမရပူရမြို့နယ်အတွင်းနေထိုင်တဲ့ အိမ်ရှင်မတစ်ဦးကပြောပါတယ်။
မန္တလေးမြို့ပေါ်ရပ်ကွက်မှာတော့ ငွေကြေးကောက်ခံတာမျိုး နည်းပေမယ့် လူငယ်တွေရှိတဲ့အိမ်တွေကို စောင့်ကြည့်တာ ၊ အိမ်တိုင်ရာရောက်ဆင့်ခေါ်တာတွေ ရှိနေပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်မှုတွေကြောင့် တပ်အင်အား ပြုန်းတီးမှုများလာချိန်မှာ အသက် ၁၈ ကနေ ၃၅ နှစ်ကြား လူငယ်တွေ စစ်မှုထမ်းရမယ့် အစီအစဉ်ကို ပြီးခဲ့တဲ့ နှစ်က စတင်ခဲ့တာပါ။
တစ်နှစ်ကျော်ကာလအတွင်း စစ်မှုထမ်းအပတ်စဉ် ၁၄ ထိရောက်လာပြီဖြစ်သလို အပတ်စဉ် တစ်ခုကို လူအင်အား ငါးထောင်ခန့် ခေါ်ယူမယ်လို့ ကြေညာထားတာကြောင့် စစ်သားအင်အား ခုနှစ်သောင်းခန့် စုဆောင်းရရှိထားပြီလို့ နားလည်ရပါတယ်။
စစ်မှုထမ်းအပတ်စဉ် (၁၁) အထိ သင်တန်းဆင်းပြီးထားသူတွေကိုတော့ နိုင်ငံအနှံက တိုက်ပွဲပြင်းထန်နေတဲ့ဒေသတွေဆီ စေလွှတ်ပြီး လူအင်အားဖြည့်တင်းတာတွေ လုပ်ဆောင်နေတယ်လို့ စစ်တပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။
