close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုက ကံကြီးရွာနားမှာတိုက်ပွဲတွေ နေ့တိုင်းဖြစ်နေတယ်လို့ ဓနုတပ်ခေါင်းဆောင်ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တောင်ဘက်က ကံကြီးရွာနားမှာစစ်ကောင်စီတပ်နဲ့ နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်ကလူထုနွေဦးကိုပြောပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)တပ်ဖွဲ့ဝင်တဦး ။ဓါတ်ပုံ-DPLA

ဇွန်-၁၆၊ ၂၀၂၅။ People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တောင်ဘက်က ကံကြီးရွာနားမှာစစ်ကောင်စီတပ်နဲ့ နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်ကလူထုနွေဦးကိုပြောပါတယ်။

ဒီကနေ့(ဇွန်လ ၁၆ရက်)မနက်မှာလည်း ကံကြီးရွာနဲ့ ကံကြီးရွာအရှေ့ဘက်က ရွှေသွန်းရွာနားမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်လို့ DPLAခေါင်းဆောင် ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

“အဲဒီဘက်မှာလည်းနောင်ချိုကြီးမြောက်ဘက်ဆို ရွှေသွန်းရွာပတ်ဝန်းကျင်မှာတော့တိုက်ပွဲဖြစ်တယ်။ မနေ့ကရော ဒီမနက်ဖြစ်သေးတယ်။ တိုက်ပွဲကမပြင်းတာပဲ။ မကြာမကြာ‌ တော့ ဖြစ်တယ်။

Public Service Announcement

Public Service Announcement

မကြာမကြာပဲ နေ့တိုင်းလိုလိုဖြစ်တယ်”လို့ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ နောင်ချိုမြို့ကို တောင်းခမ်းဒေသကနေ စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးနေပြီး အဆိပ်ငွေ့ဗုံးတွေသုံး တိုက်ခိုက်နေတယ်လို့လည်း ၎င်းက ဆက်ပြောပါတယ်။

ဇွန်လ ၁၅ရက်ကလည်း စစ်ကောင်စီတပ်နဲ့ နောင်ချိုမြို့နယ်က ကျေးရွာသုံးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်ထားပါတယ်။

ပြင်ဦးလွင်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ TNLAပူးပေါင်းတပ်တို့ နောင်ချိုမြို့နယ်က အုမ္မသီး၊ ရေမောင်းတန်းနဲ့ လက်ပန်ကုန်းကျေးရွာတွေမှာ တိုက်ပွဲဖြစ်နေတာပါ။

ပြင်ဦးလွင်မြို့နယ်က ဝက်ဝံကျေးရွာမှာအထိုင်ချ ခံစစ်ပြင်နေတဲ့စစ်ကောင်စီတပ်ဟာမန္တလေး-လားရှိုးလမ်းမကြီးကတဆင့် ဝက်ဝံ−ဘန်းဘွေး−နောင်ချိုဆိုပြီး စစ်ကြောင်းထိုးနေပါတယ်။

အုမ္မသီးနဲ့ ရေမောင်းတန်းကျေးရွာဟာ မန္တလေး−လားရှိုးလမ်းမကြီးပေါ်မှာတည်ရှိပါတယ်။

အုမ္မတီးနဲ့ ရေမောင်းတန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွား‌ခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး (၃)လုံး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး (၃၇)လုံးနဲ့ ဗုံး (၃၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် လက်ပန်ကုန်းကျေးရွာဘက်မှာလည်း ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီတပ်က လက်နက်ကြီး (၆)လုံး ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ပံကုန်းကျေးရွာဟာ ပြင်ဦးလွင်ကနေ တောင်းခမ်းသွားတဲ့ လမ်းပိုင်းမှာရှိပြီး တောင်းခမ်းရွာနဲ့ ပိုနီးပါတယ်။

ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက​တော့ တအာင်းတပ်မတော်(TNLA) နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်အတွင်းကို ၂၀၂၄ အောက်တိုဘာ ၂၂ရက်ကတည်းကစတင် စစ်‌ကြောင်းထိုးဝင်​ရောက်ဖို့ကြိုးစား​နေတာပါ။ အဲဒီနောက် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရှိနေတဲ့ ဂန့်ဂေါရွာကို ရောက်ရှိလာပြီး တိုက်ပွဲတွေ စတင်ဖြစ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်ရက် ဇွန်လ ၅ရက်နဲ့ ၆ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မန္တလေးမြို့ကနေ ပြင်ဦးလွင်ဘက်ကို စစ်ကူကားတွေ နှစ်ရက်ဆက် ပို့ခဲ့တယ်လို့ (၂၁)မိုင်က ဒေသခံတစ်ဦးက ပြောပါတယ်။ဇွန်လ ၁၃ရက်ကလည်း စစ်ကားခြောက်စီး နောင်ချိုဘက်ကို တက်သွားတယ်လို့ ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ထိုးစစ်ဆင်ပြုလုပ်မှာမဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလကို နောက်ထပ် (၁)လ သက်တမ်းထပ်တိုးထားနေစဉ်မှာ စစ်ကောင်စီတပ်က အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့ကြောင့် ပြည်သူများအနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှောင်ရှားနိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကကာကွယ်နိုင်ဖို့ လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေ လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေး နှင့် မှော်ဝမ်းကြီးရွာ၌ ယနေ့ညနေပိုင်းမှစ၍တိုက်ပွဲပြင်းထန်နေပြီး ညပိုင်းတိုက်ပွဲတွင်ပိတ်မိနေသည့်အရပ်သားအချို့ ထိခိုက်မှုများရှိနေကြောင်းကနဦးသတင်းရရှိသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ်တွင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)တို့ ဇွန် ၁၅ ရက်၌ တိုက်ပွဲဖြစ်ပွားခဲ့ဟု သတင်းရင်းမြစ်အချို့က ပြောသည်။

မေးမြန်းခန်း

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်နဲ့မေးမြန်းခန်း

သတင်း

စစ်တပ်က အဆိပ်ငွေ့ဗုံး (၃၇)လုံးကြဲ​​ကြောင်း TNLAထုတ်ပြန်