ဇွန်-၁၆၊၂၀၂၅။အိမ်သွင်၊ဟန်နွေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ်တွင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ဇွန် ၁၅ ရက်၌ တိုက်ပွဲဖြစ်ပွားခဲ့ဟု သတင်းရင်းမြစ်အချို့က ပြောသည်။
ကျောက်မဲမြို့နယ်ကို TNLAသိမ်းပိုက်ထားပြီး အဆိုပါမြို့နယ်အတွင်း၌ SSPP တပ်ဖွဲ့များလည်း ရှိရာ ယခင်ကလည်း နှစ်ဖက်အကြား ပစ်ခတ်မှုအချို့ ရှိခဲ့ဖူးပြီး ယမန်နေ့တွင် တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၁၅ရက်က ကျောက်မဲမြိုနယ်ဟူးဆွန်ကျေးရွာအနီး၌ TNLAနှင့် SSPPတို့ တိုက်ပွဲဖြစ်ခဲ့ရာ ဒေသခံများလည်း စစ်ရှောင်နေကြရကြောင်း သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

“ရွာနားက တောင်မှာ SSPPက တပ်လာထိုင်ထားတာကို TNLA က ဖယ်ခိုင်းတာကနေတိုက်ပွဲဖြစ်တာပါ။ TNLAက ပြန်ဆုတ်သွားပေမယ့် တိုက်ပွဲထပ်ဖြစ်နိုင်တဲ့အခြေအနေဖြစ်နေပါတယ်” ဟု ကျောက်မဲမြိုခံတစ်ဦးကပြောသည်။
ရှမ်းသတင်းရင်းမြစ်တဦးကလည်း “ SSPP တပ်စွဲထားတဲ့နားထိ ပလောင်(TNLA) တွေ ဝင်လာလို့ ဦးအောင် ပစ်လိုက်တယ်လို့ပဲသိထားတယ်” ဟု ပြောသည်။
SSPP နှင့် TNLAအကြားတိုက်ပွဲ၊ SSPPနှင့် MNDAA အကြား တိုက်ပွဲများသည် SSPP စိုးမိုးနယ်မြေများသို့ မဟာမိတ်တပ်များဝင်လာ၍ တိုက်
ပွဲဖြစ်ပွားနေခြင်းဖြစ်ဟု ရှမ်းသတင်းရင်းမြစ်က သုံးသပ်သည်။
“ပလောင်ကလည်း ကွတ်ခိုင်ဘက်မှာ KIA တွေကို လုပ်သလိုလူအုပ်နဲ့ လာမောင်းထုတ်တာမျိုးလုပ်လို့ ရမယ်ထင်တာ။ခက်တာကရှမ်းအဖွဲ့တွေကလည်း ဆုတ်စရာနယ်မြေက သိပ်မရှိဘူး။ အဲဒါကြောင့် အထိုင်ချထားတဲ့ နယ်မြေဆိုရင်ဘယ်သူတက်လာလာ တန်းပစ်နေတာ”ဟု ရှမ်းသတင်းရင်းမြစ်က သူ့အမြင်ကိုပြောသည်။
၂၀၂၄ မေလ ၂၇ ရက်က နမ့်ခမ်းမြို့နယ်အတွင်းရှိ ရာချီသည့် SSPP/SSA တပ်ဖွဲ့ဝင်များကို TNLA တပ်ဖွဲ့ကအင်အားအလုံးအရင်းဖြင့် လာရောက် ဖယ်ရှားကာ ကားများပေါ်တင်ပြီး မူဆယ်ဘက်သို့ ပို့ဆောင်ခဲ့ဖူးသည့် ဖြစ်စဉ် ရှိခဲ့သည်။
ဇွန် ၁၆ ရက်က ကျောက်မဲ တိုက်ပွဲသည် ၃နာရီခန့်ကြာခဲ့ပြီး TNLA တပ်ဖွဲဝင်အချိုသေဆုံးမှုရှိသည်ဟု ကျောက်မဲဒေသခံက ပြောသည်။ တိုက်ပွဲသတင်းကို TNLA ရော ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)ကပါမထုတ်ပြန်သေးပေ။
ကျောက်မဲ တိုက်ပွဲနှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA ပြောရေးဆိုခွင့်ရှိသူ နှင့် SSPP ပြောရေးဆိုခွင့်ရှိသူများထံ People’s Spring က ဆက်သွယ် ခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
TNLAနှင့် SSPP တို့သည်၂၀၂၄ ဇူလိုင် ၅ရက် ကလည်း ကျောက်မဲမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ TNLA ဘက်က အရာရှိ ၃ဦး အပါအဝင် ၆ဦးကျဆုံးခဲ့သည်။ ယင်းနေ့၌ပင် သီပေါမြို့နယ်၌လည်း SSPP၏ ပစ်ခတ်မှုကြောင့် TNLA၏ သီပေါ မြို့နယ်မှူးနှင့် တပ်ဖွဲ့ဝင် ၁ဦးကျဆုံးခဲ့ဖူးသည်။
၂၀၂၃ နိုဝင်ဘာကလည်း ကွတ်ခိုင်မြို့နယ် တွင် TNLAနှင့် SSPP မဟာမိတ်အချင်းချင်း တိုက်ပွဲဖြစ်ခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့သည်။
TNLAသည် ရှမ်းမြောက်မြိုနယ်အချိုတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တိုနှင့် နယ်မြေအငြင်းပွားမှုရှိနေသကဲ့သို့ SSPP သည်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAA၊ ရှမ်းပြည်နယ် တောင်ပိုင်းတွင် RCSS တိုနှင့် နယ်မြေအငြင်းပွားမှုများရှိခဲ့သည်။
MNDAAနှင့်SSPP/SSAသည် လားရှိးမြို ဟန်နားကျေးရွာနှင့်နားလိုင်ကျေးရွာအနီးတွင် ဇွန်လ ၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းတိုက်ပွဲအတွင်း MNDAA တပ်ဖွဲ့ဝင် ၈ဦး ကျဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့ကြောင်း SSPPက အသိပေးထားသည်။ ဧပြီ လကုန်ပိုင်းကလည်း MNDAAနှင့် SSPP တို့ သီပေါမြို့နယ် နေရာ ၈ခုတွင်တိုက်ပွဲ ဖြစ်ခဲ့ဟု SSPPက ထုတ်ပြန်ထားသည်။
SSPP၊ TNLA၊ MNDAA တို့သည် ၀တပ်ဖွဲ့ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင် အဖွဲ့အစည်းများလည်းဖြစ်သည်။
မြောက်ပိုင်း မဟာမိတ်အဖွဲ့များဖြစ်သော TNLA၊ MNDAA တို့နှင့် SSPP အကြား ပြဿနာသည် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ နှစ်ခုဖြစ်သော SSPPနှင့် ရှမ်းပြည်တိုးတက်ရေးကောင်စီ(RCSS) အကြား ပိုနီးကပ်သွားအောင် တွန်းပို့စေသည်ဟု ယူဆကြောင်း ရှမ်းသတင်းရင်းမြစ်က ပြောသည်။
“အခုတလော ရှမ်းနှစ်ဖွဲ့ တွေ့ဆုံတာ ခပ်စိတ်စိတ် ဖြစ်လာတယ်။” ဟု ၎င်းက ပြောသည်။
ရှမ်းတပ်များအနေဖြင့် ကိုယ့်နယ်မြေ ကိုယ်ထိန်းရန်အတွက်သာရှေ့ထွက်လာနိုင်ဖွယ်ရှိပြီးတော်လှန်ရေးတွင် ပေါ်ပေါ်တင်တင် ပါဝင်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရန် ရှေ့ထွက်လာခြင်း ပြုလုပ်မည်ဟု မထင်ကြောင်းလည်း ရှမ်းသတင်းရင်းမြစ်က ပြောသည်။
“တော်လှန်ရေးအနေနဲ့တော့မထင်ဘူးဗျ။သူတို့ ရှေ့ထွက်ချင်ရင် ထွက်လာတာကြာပေါ့။ ကိုယ့်နယ်မြေ ကိုယ်ထိန်းဖို့အတွက်ပဲ ရှေ့ထွက်လာကြမှာ။ အခုလည်း SSPPနဲ့ပလောင်၊ ကိုးကန့်နဲ့ ဖြစ်တာတွေကလည်း စိုးမိုးနယ်မြေလာထိလို့ ဖြစ်နေတာတွေ” ဟု ရှမ်းသတင်းရင်းမြစ်ကဆိုသည်။
