ဇွန်-၁၆၊၂၀၂၅။ထားမြတ်/People’s Spring
ချင်းညီနောင်အဖွဲ့ဝင် တော်လှန်ရေးအဖွဲ့များ စုပေါင်းပြီးတပ်မတော်တခုတည်းဖြစ်ရေးအတွက်ကြိုးပမ်းလျက်ရှိကြောင်း ချင်းညီနောင်အဖွဲ့ဝင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ/မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့(MTC/MDF)တရားသူကြီးချုပ် R လခဲရ် က ပြောကြားခဲ့ပြီး MDF၏ အခြေခံစစ်သင်တန်းသည်လည်း ချင်းညီနောင်၏စစ်ရေးရည်မှန်းချက် ဖော်ဆောင်နိုင်ရေး ဆက်စပ်ကြောင်း အသိပေးလိုက်သည်။
မရာတပ်ဖွဲ့ MDF ၏ အခြေခံစစ်ပညာ သင်တန်း အပတ်စဉ်(၄) သင်တန်းဆင်းပွဲကို ဇွန်လ ၁၂ရက်က ကျင်းပခဲ့ရာ စစ်အင်အားရာချီပါဝင်ခဲ့သည်။
“ကျနော်တို့က ကျနော်တို့ ဒေသ ကာကွယ်ဖို့ ကျနော်တို့ရဲ့ မရာလူမျိုး ကာကွယ်ဖို့ ဘုရားကပေးတဲ့ မရာဒေသကိုကာကွယ်ဖို့အတွက်အဓိကတော့ ရည်ရွယ်ချက်ရှိတယ်။ ပြီးတော့ဒုတိယအနေနဲ့ကတော့ ချင်းပြည်နယ်တခုလုံးလွတ်မြောက်ဖို့ချင်းညီနောင်နဲ့အတူဆက်လက်ပြီးတော့ချင်းပြည်တခုလုံးလွတ်မြောက်ဖို့ရန်အတွက် ရည်ရွယ်တဲ့အနေနဲ့ စစ်သင်တန်းပေးတာဖြစ်ပါတယ်” ဟု ချင်းညီနောင်၏ အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ်သူ R လခဲရ်က ပြောသည်။

Public Service Announcement
တတိယအဆင့်မှာပြည်ထောင်စုတခုလုံး လွတ်မြောက်ရေးအတွက်ဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။
ထို့ပြင် ချင်းညီနောင်၏တခုတည်းသော တပ်မတော်နှင့်ဆက်စပ်ပြီး စစ်သင်တန်းပေးနေခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“တခုတည်းသောတပ်မတော်ဖြစ်ရေးချင်းညီနောင်ရဲ့ စစ်ရေးရည်မှန်းချက်တခုဖြစ်တဲ့ဟာကို ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကတော့ တဆင့်ပြီးတဆင့် သွားရမှာ ဖြစ်ပါတယ်။ သင်တန်းကနေ ပြန်စရတဲ့သဘောရှိပါတယ်။ ဒါကိုလည်း ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်” ဟု Rလခဲရ်က ပြောသည်။
စည်းကမ်းရှိသည့်တပ်မတော်ကျင့်ဝတ်ရှိသည့်တပ်မတော်၊ စည်းမျဉ်းစည်းကမ်းလိုက်နာသည့် တပ်မတော် အမိန့်နာခံသည့် တပ်မတော်၊ ပိုမိုကျစ်လစ်ခိုင်မာသည့် တပ်မတော် နှင့် အမိန့်စီးဆင်းမှု တခုအောက်မှာ ရှိနိုင်ဖို့ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။
“စိန်ခေါ်မှုတော့ အနည်းနဲ့အများကတော့ဘယ်အရာမဆို အရာတိုင်းမှာ ရှိပါတယ်။ အဲဒီ စိန်ခေါ်မှုတွေကိုတော့ ကျော်လွှားဖို့ဆိုလို့ရှိရင်တော့ ကြိုးစားဖို့လိုပါတယ်” ဟု၎င်းကဆိုသည်။
မတူညီသည့်အချက်များကို ညှိနှိုင်းပြီးသွားရမည်ဟု၎င်းကပြောသည်။ထိုအပြင်ချင်းတော်လှန်ရေး အင်အားစု တခုဖြစ်သည့် ချင်းလဲန်းကောင်စီ နှင့်ပတ်သက်ပြီးလည်း ပြန်လည်ပေါင်းစည်းရေး ညှိနှိုင်းမှုများဆက်သွားနေမည်ဖြစ်ကြောင်း၊ ချင်းလဲန်းကောင်စီ ဖွဲ့စည်းမှု သည်လည်း သူ့ဟာနှင့်သူ ရှိနေမည်ဖြစ်သကဲ့သို့ ချင်းညီနောင်ကလည်း ဆောင်ရွက်စရာရှိသည်များကို ဆက်လုပ်နေမည်ဟု ပြောသည်။
“ပြန်လည်ပေါင်းစည်းရေးကိစ္စကတော့ သူ့ဟာနဲ့သူသွားနေမယ်။ ကျနော်တို့က လုပ်စရာရှိတာ လုပ်နေမယ်။ တပ်တွင်း တည်ဆောက်မှုတွေကိုတော့ ဆက်လက်ပြီးတော့ လုပ်စရာရှိတာကို လုပ်နေမယ်။ ညှိနှိုင်းရေး ချင်းပြန်လည်ပူးပေါင်းဆောင်ရွက်ရေးကတော့ တဖက်မှာလည်း သွားနေမှာပေါ့နော်။” ဟု ချင်းညီနောင် အတွင်းရေးမှူး အဖွဲ့ဝင်က ပြောသည်။
ချင်းညီနောင်အဖွဲ့ဝင်များမှ ခေါင်းဆောင်ကိုယ်စားလှယ်များတက်ရောက်ခဲ့သည့် မြေပြင်အစည်းအဝေးကို ဧပြီလက ချင်းပြည်နယ် လွတ်မြောက်နယ်မြေ တနေရာ၌ ကျင်းပခဲ့ရာချင်းညီနောင်အဖွဲဝင်တပ်ဖွဲ များပေါင်းစည်းကာချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင် သည့် ပိုမိုကျစ်လစ်ခိုင်မာသောတပ်မတော်တစ်ရပ် (Standard Army) အဖြစ်တိုးမြှင့်ဖွဲစည်းနိုင်ရန် အခြေခံမူများချမှတ်ခဲ့ကြောင်းကြေညာထားသည်။
ချင်းအမျိုးသားစည်းလုံးညီညွတ်ရေးနှင့် အနာဂတ်တွင် ချင်းပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုသည့် ချင်းပြည်အစိုးရ ပေါ်ပေါက်လာနိုင်ရေးအတွက် တန်းတူညီမျှခြင်း၊တရားမျှတခြင်း၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီး နိုင်ခြင်းအစရှိသော ဒီမိုကရေစီ စံနှုန်းထားများပါဝင်သည့် ချင်းညီနောင်၏ Terms of Reference (ToR) အတိုင်းဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရန်သဘောတူခဲ့ဟုလည်း အသိပေးထားသည်။
ချင်းညီနောင်အဖွဲ့ဝင်များအနက်ချင်းဒေသကာကွယ်ရေးတပ်(CDF) -မင်းတပ်ကလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အခြေခံ စစ်သင်တန်းဆင်းပွဲကိုသင်တန်းသားအင်အားအများအပြားဖြင့် ပြုလုပ်ခဲ့သည်။ CDF -မင်းတပ်၏ စစ်သင်တင်းဆင်းပွဲကိုလည်း MTC/MDF ၏အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်သည့် ဇွန်လ ၁၂ရက်၌ပင် ကျင်းပခဲ့ခြင်းဖြစ်သည်။
ချင်းညီနောင်(CB)/CDF-မင်းတပ်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၅) ဖြစ်ပြီး ယင်းသင်တန်းတွင် ၂၀၂၁ မှ စတင်ကာ တိုက်ပွဲပေါင်းများစွာ ပါဝင်တိုက်ခိုက်ခဲ့သည့် ရဲဘော်များလည်း တက်ရောက်ခဲ့ကြောင်း CDF မင်းတပ်ကထုတ်ပြန်သည်။
CDFမင်းတပ် စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက စစ်ကောင်စီကို ပြန်လည်တော်လှန်မည်ဆိုပါက အင်အားရှိအောင်တည်ဆောက်စုဖွဲ့ လေ့ကျင့်ရမည်ဖြစ်ကြောင်း၊ ထို့မှသာ လိုချင်သည့် ပန်းတိုင်ကို ရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ချင်းညီနောင်ကို ၂၀၂၃ ဒီဇင်ဘာ၌ ချင်းဒေသကာကွယ်ရေးအဖွဲ့သုံးဖွဲ့ဖြစ်သော ZFU/PDF-Zoland ၊CDF-မင်းတပ်၊ CNO/CNDF တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ထိုနောက် MTC/MDF၊ CDF-ကန်ပက်လက်၊ CDF-မတူပီ တပ်မဟာ(၁) အဖွဲ့ဝင်အဖြစ်ပါဝင်လာခဲ့၍ အဖွဲ့ဝင် တပ်ဖွဲ့ ၆ခုထိရှိလာခဲ့သည်။
ချင်းညီနောင်သည် ရက္ခိုင့်တပ်တော်(AA) အပါအဝင်မဟာမိတ်များဖြင့် ပူးပေါင်းပြီး မြို့သိမ်းစစ်ဆင်ရေးများ ဖော်ဆောင်ခဲ့ရာ ၂၀၂၄ အတွင်း ကျင်ဒွေး၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက် နှင့် ၂၀၂၅တွင် ဖလမ်း မြို့တို့ကို ထိုးစစ်ဆင်သိမ်းပိုက်ထားသည်။
