ဇွန်-၇၊၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊လွိုင်ကော်မြို့မှအသက် ၁၄နှစ်အရွယ် ၆ တန်းကျောင်းသူစစ်ရှောင်ကလေးငယ်တစ်ဦး မိမိကိုယ့်ကို အဆုံးစီခဲ့သည်။
အသက်၁၄ နှစ်အရွယ် မရှဲမယ်သည်ဇွန်လ ၆ ရက်တွင် အဆုံးစီရင်ခဲ့ခြင်းဖြစ်ပြီး မိသားစုငွေကြေးအဆင်မပြေမှု နှင့် ကျောင်းထွက်အလုပ်လုပ်ရမည့် အခြေအနေကြောင့် စိတ်ဖိစီးမှုများဖြစ်ခဲ့ရသည်ဟုသိရသည်။
“ကလေးကို ကျောင်းတက်ဖို့လုံးဝအားမပေးဘူးလို့သိရတယ်။အိမ်အလုပ်ပဲခိုင်းချင်တာပြောတယ်။ ကလေးကို အပြစ်ပဲပြောပြီးကျောင်းထွက်ခိုင်းတယ်။ကလေးခမျာလည်းစိတ်ဖိစီးမှုအရမ်းဖြစ်နေပုံရပါတယ်”ဟု သေဆုံးခဲ့သည့် ကလေး ၏ မိသားစုနှင့်နီးစပ်သူတဦးက People’s Springသို့သို့ ပြောသည်။

Public Service Announcement
ကရင်နီပြည်နယ်၌ စစ်ရှောင်အရေးကူညီနေသူတစ်ဦးကလည်း “သူနောက်ဆုံးရေးခဲ့တဲ့ စာကိုဖတ်ကြည့်မိတော့ မိဘတွေရဲ့ ခက်ခဲကြပ်တည်းမှုတွေကို သိနားလည်နေတဲ့ ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းစရာ ခံစားချက်ကို တွေ့ရတယ်ဗျာ။စိတ်ဒဏ်ရာတွေရနေတာ။အတော်စိတ်မကောင်းဘူးဗျာ။လူကြီးတွေမှ မဟုတ်ဘူး ၊ကလေးတွေလည်း ဒီဒုက္ခဆင်းရဲ ကြပ်တည်းမှုတွေကို ရင်ဆိုင်ခံစားနေကြရတယ်”ဟု ပြောသည်။
မရှဲမယ်ရေးသားခဲ့သောစာတွင် မိသားစုဝင်တစ်ဦးချင်းနှင့် စာသင်ပေးသောဆရာ ၊ဆရာအပေါ် ကျေးဇူးတင်ကြောင်း နှင့် အမှာစကားများပါပြီး၊ သူမစိတ်ဖိစီးမှုများနေသည်ကိုလည်းရေးသားထားသည်ကိုတွေ့ရသည်။ အဆိုပါစာ နှင့် မရှဲမယ် အဆုံးစီရင်သွားသည့် သတင်းမှာ ဇွန် ၆ ရက်တွင်ဖေစ်ဘွခ်လူမှုကွန်ယက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ပြည်သူများကြား မရှဲမယ်အတွက် ဝမ်းနည်းစိတ်မကောင်းကြောင်း နှင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများစီးပွားရေး၊ပညာရေး၊လူမှုရေး ဘက်ပေါင်းစုံအကြပ်အတည်းတွေ့နေကြချိန်တွင် ကလေးငယ်များ၏ စိတ်ခံစားချက်များကို ဂရုပြုပေးကြရန်လည်း ရေးသားမှတ်ချက်ပြုနေကြသည်။
စစ်ဘေးရှောင်ကလေးငယ်များနှင့် ပြည်သူများကို တက်နိုင်သမျှ ခွန်အားပေးရန်နှင့် လိုအပ်ချက်များ ကို တတ်စွမ်းသူများက ဖြည့်ဆည်းပေးကြရန် ၎င်းက တိုက်တွန်းသည်။
“လစဥ်ကြေး ကြောင့်လားမေးတော့။ အဲ့ကျောင်းကအရင်နှစ်တွေတည်းကလစဥ်ကြေးတွေမကောက်ခဲ့ကြဘူး။အနည်အကျဥ်းကောက်ရင်တောင်မှ pass ပေးတာရှိတယ်ပြောပါတယ်။ ဒီနှစ်တောင်မှ ၅၀၀၀ ကျပ်ကောက်ဖို့တောင် မနည်းလုပ်နေရတဲ့ကျောင်းလေးပါ”ဟု သေဆုံးသွားသည့် ကလေး ငယ် တက်ရောက်ခဲ့သော ကျောင်းနှင့် ပတ်သက်၍ ကရင်နီပြည်နယ်ကြား ကာလအစိုးရအဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်နယ်၌ စစ်ရှောင်ရသည့်ပြည်သူ နှစ်သိန်း ခွဲထက်မနည်းရှိနေသည်။
တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF ၏ ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်သောစာရင်းများအရကရင် နီပြည်နယ်နှင့်ကယန်းဒေသအတွင်း စစ်ကောင်စီ ၏ လူ့အခွင့်အရေးအချိုးဖောက်မှုများကြောင့် သတ်ဖြတ်ခံရသည့်အရပ်သား ၅၆၉ ဦး၊ စစ်ရှောင်သေဆုံးသူ ၁၇၇ ဦး ၊မတရားဖမ်းဆီးခံရသူ ၁၆၀ ဦး နှင့် နေအိမ်အလုံး သုံးထောင်ကျော်ဖျက်ဆီးခံထားရသည်။
ထို့အပြင် စစ်အုပ်စုက အာဏသိမ်းပြီးနောက်နိုင်ငံတစ်ဝန်းမှပြည်သူ အနည်းဆုံး ၆၈၀၀ ခန့်ကိုစစ်ကောင်စီလက်နက်ကိုင်အဖွဲ့များကသတ်ဖြတ်ခဲ့ပြီးကလေးငယ် ၈၀၀ ကျော်ကိုစစ်အုပ်စုကသတ်ဖြတ်ထားသည်။
