ထားမြတ်/People’s Spring
ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်အတွင်းတိုက်ပွဲတွင် ဖမ်းဆီးခံရသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲဘော် ၅ ဦးကို စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်က သတ်ဖြတ်ခဲ့ကြောင်း PNLAက ယနေ့ (ဇန်နဝါရီ ၁၄ရက်) သတင်းထုတ်ပြန်သည်။
စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ ပူးပေါင်းစစ်ကြောင်းသည် ဇန်နဝါရီ ၁၂ရက်တွင် ဆီဆိုင် မြို့နယ် ထီစုံကျေးရွာအနီး စစ်ကြောင်းထိုးလာ၍ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၂၀ဦးထက် မနည်းကျဆုံးခဲ့ပြီး PNLAဘက်ကလည်း တစ်ဦး ကျဆုံးကာ ၅ဦး အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။
ဇန်နဝါရီ ၁၃ရက် နံနက် ၈နာရီခန့်တွင် ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ဦးကို ၂နာရီကျော်အကြာတွင် စစ်ကောင်စီနှင့် PNOက နှိပ်စက်သတ်ဖြတ်ခဲ့ဟု ဖော်ပြသည်။

Public Service Announcement
ယင်းသို့ မသတ်ဖြတ်မီ PNLA ရဲဘော် ၅ ဦးသည် အသက်ရှင်လျက်ရှိသည်ကို PNO ပြည်သူ့စစ်၏ ထုတ်ပြန်ချက်တွင် တွေ့ရပြီး ဇန်နဝါရီ ၁၃ ရက်ညတွင်မူ ဖမ်းဆီးခံရသည့် PNLAရဲဘော် ၅ဦးကို သတ်ဖြတ်ထားသည့်ပုံကို PNO ပြည်သူ့စစ်က ထုတ်ပြန်ခဲ့ဟု ဆိုသည်။
ဓာတ်ပုံတွင်ပါရှိသည့် အချိန်မှတ်တမ်းအရ PNLA ရဲဘော် ၅ ဦးကို PNO ပြည်သူ့စစ်က ဇန်နဝါရီ ၁၃ ရက်နံနက် ၁၀နာရီ ၁၅ မိနစ်ခန့်တွင် နှိပ်စက်သတ်ဖြတ်ထားခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။
” ဒီလိုမျိုးဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းကို သတ်ဖြတ် တယ်။ နှိပ်စက်တယ်ဆိုတာက စစ်ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေနဲ့လည်း မကိုက်ညီဘူး”ဟု PNLAပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။
ဖမ်းမိထားသည့် စစ်သုံ့ပန်းဖြစ်သကဲ့သို့ ပအိုဝ်းအချင်းချင်းအား စစ်ကောင်စီအလိုကျ သတ်ဖြတ်သည့် PNO ၏လုပ်ရပ်သည် များစွာ အောက်တန်းကျယုတ်မာသည့် လုပ်ရပ်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
” ဒီစစ်အာဏာရှင်စနစ်ကို တိုက်ခိုက်နေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ရော၊ PNO ပြည်သူ့စစ်ရော ကျနော်တို့ ဖမ်းဆီးရမိခဲ့တဲ့ ဖြစ်စဉ်တွေအများကြီးရှိပါတယ်။ သို့သော် ကျနော်တို့က စစ်သုံ့ပမ်းဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ကျနော်တို့ ထိန်းသိမ်းထားပါတယ်။ ကျနော်တို့ နှိပ်စက်သတ်ဖြတ် တာမပြုခဲ့ဘူးပေါ့နော်” ဟုလည်း ခွန်ရိန်းယံက ပြောသည်။
PNO ခေါင်းဆောင်များအနေဖြင့် စစ်ကောင်စီအကျိုးအတွက် ကိုယ့်လူမျိုးအချင်းချင်း ဖမ်းဆီးသတ်ဖြတ်နေမှုကို လုပ်သင့်၊မသင့် စဉ်းစားစေချင်သည်ဟုလည်း ခွန်ရိန်းယံက ပြောသည်။
” အခုဖြစ်ပွားနေတဲ့ စစ်ပွဲတွေက လူမျိုးအချင်းချင်းတိုက်ခိုက်နေတဲ့ စစ်ပွဲတွေတိုက်ပွဲတွေမဟုတ်ပါဘူး။ ဒါက စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေတဲ့ တိုက်ပွဲဖြစ်ပါတယ်။ ဒါတနိုင်ငံလုံးမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မှာ စစ်အာဏာရှင်စနစ်ကို အထောက်အကူပြုစေတဲ့ လုပ်ရပ်တွေ ဆက်မလုပ်ကြဖို့ အလေးအနက်ပြောလိုပါတယ်”ဟု ခွန်ရိန်းယံက ပြောသည်။
PNO ပြည်သူ့စစ်သည် ၂၀၂၂ စက်တင်ဘာ ၁၄ရက်ကလည်း PNLA ရဲဘော် ၅ဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့ဖူးသည်။
ထိုစဉ်က PNLA အနေဖြင့် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခြင်းမပြုသေးသည့် အခြေအနေတွင်ဖြစ်ပြီး PNLA ရဲဘော်များ ၎င်းတို့ ကျေးရွာသို့ ပြန်စဉ် PNOက ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ပအိုဝ်းလူမျိုးအချင်းချင်းသည် မိမိတို့၏ ရန်သူမဟုတ်ကြောင်း၊ စစ်အာဏာရှင် စနစ်သည်သာ တတိုင်းပြည်လုံး၏ ရန်သူဖြစ်ကြောင်း PNLAက ထုတ်ပြန်ခဲ့သည်။
