မေ – ၁၅ ၊ ၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
ထိုင်းနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ မယ်လစခန်းကို ဒီနေ့ (မေလ ၁၅ ရက် ) မနက်အစောပိုင်းမှာ KNU က စတင်တိုက်ခိုက်နေပြီလို့ ကရင် စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။
မယ်လစခန်း (မော်ကွီးလူ) ဟာ KNU တပ်မဟာ (၇ ) စစ်ရေးလှုပ်ရှားရာနယ်မြေထဲမှာရှိပြီး ထိုင်းနယ်စပ်အနီး လှိုင်းဘွဲ့မြို့နယ် ၊ ဝေလယ်မူး (မယ်လ) ရွာ အနောက်ဘက်မှာ တည်ရှိတယ်လို့သိရပါတယ်။
အဲဒီစခန်းကို ဒီနေ့ မနက်ပိုင်း ၄ နာရီခွဲအချိန်မှာ KNU တပ်မဟာ (၇) ကစတင်တိုက်ခိုက်နေပြီး တိုက်ပွဲကြောင့် ဒေသခံတွေလည်းထိုင်းဘက်ကိုထွက်ပြေးတိိမ်းရှောင်သွားကြပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ ရက်ပိုင်း ထိုင်းနယ်စပ်အနီး က တာလယ်ဗျုဟာကိုသိမ်းပြီးနောက်မှာ မယ်လစခန်းကိုဆက်လက်သိမ်းယူဖို့ KNU က တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်း မှာ ဝေလယ်မူး(မယ်လ)အနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် မယ်လအပါအဝင် အနီးအနားကျေးရွာက ဒေသခံပြည်သူ ၄၀၀ ကျော် ထိုင်းဘက်ခြမ်းဆီ ထွက်ပြေးလာကြတယ်လို့ ထိုင်းသတင်းရင်းမြစ်ကလည်းအသိပေးပါတယ်။
လှိုင်းဘွဲ့မြို့နယ် ၊ ပိုင်ကျုံမြို့ ၊ ဒေါနတောင်တန်းအရှေ့ခြမ်း ထိုင်းနယ်စပ်တလျောက်က စစ်ကောင်စီတပ်စခန်းတွေထဲ ပူးလူတူ၊ ခလယ်ဒေး၊ တခေါဘီခီး၊ မော်ဖားသူးစခန်းနဲ့ တာလယ်ဗျူဟာတို့ကို အခုနှစ်အတွင်း KNU တပ်မဟာ (၇) ကသိမ်းယူပြီးဖြစ်ပါတယ်။
လက်ရှိမှာတော့ မယ်လစခန်း၊ မော်ဖိုးခီ့(မော်ဖိုးကေ)စခန်း နဲ့ နော်တရာစခန်းတို့ ကျန်ရှိနေပါတယ်။
မှတ်ချက် – စခန်းအမည်ကို “မကွီးလူ” အစား “မော်ကွီးလူ” လို့ ပြန်လည်ပြင်ဆင်ထားပါတယ်။
