ဧပြီ ၃၀၊၂၀၂၅။သက်ဝေ/People’s Spring
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၌ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)နှင့် မြန်မာ့အမျိုးသားဒီမိုကရက်တစ်တပ်မတော်(MNDJP/MNDAA)တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကို နှစ်ဖက် ဗဟိုအဆင့် တွေ့ဆုံဖြေရှင်းမည်ဖြစ်ကြောင်း SSPPက ယနေ့(ဧပြီ ၃၀ရက်) သတင်းထုတ်ပြန်သည်။
ဧပြီ ၂၈ရက်နှင့် ၂၉ ရက်တွင် SSPP/SSA နှင့် MNDJP/MNDAAတို့ စစ်ရေးထိတွေ့မှု(၈) နေရာ၊ နှစ်ဘက်တပ်များ ရုန်းရင်းဆန်ခတ်ထိုးကြိတ်ရိုက်နက်ဖမ်းဆီးမှု (၂၄)နေရာရှိခဲ့ပြီး နှစ်ဖက် ရဲဘော်များ ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း SSPPက ထုတ်ပြန်ကာ နှစ်ဘက်စစ်ရေးထိတွေ့မှု၊ စစ်ရေးတင်းမာမှုနှင့်ပတ်သက်၍ နှစ်ပါတီဗဟိုအဆင့် တွေ့ဆုံဖြေရှင်းသွားကြမည်ဖြစ်ကြောင်း အသိပေးသည်။
SSPPနှင့် တအာင်းတပ်မတော်(TNLA)တို့၏ သီပေါမြို့နယ်အတွင်း တိုက်ပွဲတွင် ထိခိုက်သေဆုံးမှုများ ရှိခဲ့ပြီး ထိခိုက်မှုများသည့် MNDAA တပ်က အင်အားထပ်မံဖြည့်တင်းနေကြောင်း SSPP သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

Public Service Announcement
ဧပြီ ၂၉ရက်က သီပေါမြို့နယ် တင်းဟိုင်းကျေးရွာ၊ ဟူးမီကျေးရွာအနီး ၂ နာရီနီးပါးကြာ ပစ်ခတ်ခဲ့ကြပြီး MNDAA ဘက်မှ တပ်ဖွဲ့ဝင် ဒဏ်ရာရရှိကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်၏ ပြောကြားချက်ကို SSPPက ထုတ်ပြန်သည်။
” နေ့လည်ပိုင်း၂ နာရီဝန်းကျင်မှာ မိုင်းကျက်၊ မိုင်းယော် ၊ ဟိုဟွေး SSPP တပ်စခန်း ထပ်မံတိုက်ခိုက်ခံရတယ်၊ မွန်းလွဲ ၃ နာရီခွဲလောက်မှာ စိန်ကျော့တပ်စခန်းကို MNDAA ဝင်တိုက်ခိုက်တယ်”ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
SSPP ဘက်က တပ်သား ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ နားနန်းဒေသ၌လည်း MNDAA ရိုက်နှက်၍ တပ်သား ၂ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။
ဧပြီ ၂၉ ရက် မွန်းလွဲပိုင်း၌ SSPP ထိန်းချုပ်မှုလက်အောက်ရှိ စိန်ကျော့တပ်စခန်းကို ကိုးကန့်တပ် MNDAA မှ ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိတွင် SSPPက ပြန်လည်ထိန်းချုပ်နိုင်ခဲ့ဟု ထုတ်ပြန်သည်။
လက်ရှိတွင် SSPP/SSA တပ်စခန်းများ တည်ရှိရာ နားနန်းကျေးရွာ၊ နားတော်ကျေးရွာ၊ ခိုနန်းဖ၊ တင်းဟိုင်းကျေးရွာ၊ ဆင်ကျော့ ၊ နားတောင့်၊ နားမခေါ်၊ ဖာစေ (သီပေါ) စသည့် နေရာများ၌ ကိုးကန့်တပ် MNDAA မှ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာသည့် အခြေအနေများ ရှိနေကြောင်း SSPP သတင်းပြန်ကြားရေးက အသိပေးထားသည်။
SSPPနှင့် MNDAA တို့သည် လက်တွဲဖော်တော်လှန်ရေးအဖွဲ့အစည်းများအဖြစ် နှစ်ပေါင်းဆယ်စုနှစ်နှင့်ချီ အေးအတူပူအမျှ အမှီသဟဲ ကူညီရိုင်းပင်းရပ်တည်လာခဲ့သော မဟာမိတ်အဖွဲ့အစည်းဖြစ်ခဲ့သော်လည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းကာလမှစ၍ SSPP အုပ်ချုပ်ရေးနယ်မြေအတွင်းသို့ ဝင်ရောက်ဖြတ်သန်းလာခဲ့ကြသော MNDAA အောက်ခြေတပ်ဖွဲ့များနှင့် SSPP အောက်ခြေတပ်များ ၏ ဘာသာစကားပေါက်ကြားမှုအားနည်းခြင်း၊ SSPP နယ်မြေအတွင်း MNDAA တပ်ဖွဲ့များ ဖြတ်သန်းသွားလာမှုကို MNDAA ဗဟိုမှ တရားဝင်အကြောင်းကြားမှု အားနည်းခြင်းတို့ကြောင့် နှစ်ဘက်အောက်ခြေတပ်များ မကျေမချမ်းမှုမှစတင်ကာမလိုလားအပ်သည့် တိုက်ပွဲဖြစ်ပွားလာခဲ့ခြင်းဖြစ်ကြောင်း SSPPက ထုတ်ပြန်သည်။
SSPP ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ MNDAA ပြောရေးဆိုခွင့်ရှိသူထံ အဆက်အသွယ်ရရှိရေး ကြိုးစားနေဆဲဖြစ်သည်။ MNDAA သတင်းပြန်ကြားရေးဌာန အနေဖြင့်လည်း သီပေါတိုက်ပွဲ အခြေအနေကို ယနေ့ညနေပိုင်းအထိ သတင်းထုတ်ပြန်ခြင်းမပြုသေးပေ။
(MNDAAနှင့် SSPPတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − MNDAA၊SSPP)
