ယောနသံ/People’s Spring
အာရက္ခတပ်တော်(AA)ရဲ့ အမ်းမြို့သိမ်းတိုက်ပွဲဟာ ဒီဆောင်းဦးကာလ နေ့ရက်တွေမှာ အရှိန်အမြင့်ဆုံးကို ရောက်နေပါပြီ။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ အနီးဝန်းကျင်ကစစ်တပ်စခန်းတွေကို AAက တစ်ခုပြီးတစ်ခုသိမ်းယူနေတာမို့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရုပ်ပျက်ဆင်းပျက်အထိနာနေပါတယ်။
တိုက်ပွဲသတင်းအသေးစိတ်တွေကို AAက မထုတ်ပြန်သေးသလို ဆက်သွယ်ရေးအခက်အခဲကြောင့် အမ်းစစ်မြေပြင်အခြေအနေတွေ အချိန်အနည်းငယ်နောက်ကျမှ ထွက်လာတတ်ပေမယ့် ရာနှုန်းပြည့်အတည်ပြုနိုင်တဲ့ သတင်းတစ်ခု ရှိနေပါတယ်။

Public Service Announcement
အမ်းမြို့အခြေစိုက် အမှတ် (၃၇၃) ခြေမြန်တပ်ရင်း( ခမရ-၃၇၃)ရဲ့တပ်ရင်မှူးဗိုလ်မှူးနိုင်ဇော်အောင် တိုက်ပွဲမှာရတဲ့ ဒဏ်ရာနဲ့ ရက်ပေါင်းများစွာ သေငယ်ဇောနဲ့ မျောနေခဲ့ရာကနေ နောက်ဆုံးမှာတော့ မြို့ပြင်သုသာန်မှာ ဇာတ်သိမ်းသွားခဲ့တာပါ။
ဗိုလ်မှူးနိုင်ဇော်အောင်ဟာ ခမရ(၃၇၃)ကို AAက အောက်တိုဘာလလ ပထမလပတ်မှာ ထိုးစစ်ဆင်တိုက်ခိုက်စဉ် ဒဏ်ရာရခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်တဦးက ပြောပါ။
” ၃၇၃ ကို တပ်တော်က သိမ်းတဲ့ တိုက်ပွဲမှာ RPG စာမိပြီး ဘယ်ဖက်ခြေထောက်ဖြတ်ရတယ်။ ဒဏ်ရာတွေနဲ့ ကုနေတာတင် ကြာတယ်။ သေတာက ၂၆ ရက် မနက်မှာ” လို့အထက်ပါ ရင်းမြစ်ကပြောပါတယ်။
ဗိုလ်မှူးနိုင်ဇော်အောင်ရဲ့ ရုပ်အလောင်းကို အမ်းမြို့သုသာန်ဆီ အောက်တိုဘာလ ၂၆ရက် နေဝင်ရီတရောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကဖျာလိတ်နဲ့ပတ်သယ်လာပြီး မြေမြုပ်သဂြိုလ်သွားပါတယ်။
“သေနတ်တွေ မိုးပေါ်ထောင်ပစ်တယ်။ သင်သွားလိုရာသွားနိုင်ပြီလို့ စစ်မိန့်ပေးသေးတယ်။ခြေတဖက်မရှိတော့ဘဲဘယ်အထိသွားမလဲတော့မသိဘူး”စစ်တပ်ကို ရွံမုန်းတဲ့ ဒေသခံတစ်ဦးက အထက်ပါအတိုင်း ဒေါသတကြီး မှတ်ချက်ပြုပါတယ်။စစ်ကောင်စီဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ နေရာတွေကို လေကြောင်းကနေ တိုက်ခိုက်နေလို့ ဒေသခံတွေက ရွံရှာနေတာပါ။
အောက်တိုဘာလ၂၉ရက်မှာ အမ်းမြို့ရပ်ကွက်(၄)နဲ့ လေယာဉ်ကွင်းရပ်ကွက်ကိုလေကြောင်းကနေ တိုက်ခိုက်လို့ ဒေသခံဆယ်ဦးသေဆုံးပြီး ဆယ်ဦးကျော်ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ပြင်းထန်ပြီးအရေးပေါ်ကုသနေရသူတွေလည်းရှိနေပါသေးတယ်။
ဗိုလ်မှူးနိုင်ဇော်အောင်ဟာ မြေလတ်သားတစ်ယောက်ဖြစ်တဲ့အကြောင်းသိရပေမယ့် ဇာတိကိုတော့အတည်မပြုနိုင်သေးပါဘူး။ သူဟာ မန္တလေးတိုင်း၊ ကျောက်မြောင်းမြို့က ခြေမြန်တပ်ရင်းခမရ(၁၂)မှာ ဒုတပ်ရင်းမှူးအနေနဲ့ စစ်အာဏာရှင်အတွက် တိုက်ပွဲဝင်ရင်းကနေ ၂၀၂၁ နှောင်းပိုင်းမှာ အမ်းမြို့ကို ရာထူးတိုးတဲ့ ရောက်လာခဲ့သူပါ။AAရဲ့ အမ်းမြို့သိမ်းစစ်ဆင်ရေး တစ်လတိတိပြည့်တဲ့နေ့မှာပဲ သူ သေဆုံးတာပါ။
AA ကအမ်းမြို့စစ်ကောင်စီစခန်း တွေကို စက်တင်ဘာလ၂၆ ရက်မှာ စတင်တိုက်ခိုက်ခဲ့တာပါ။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ရဲ့ အဓိကခံစစ်စခန်းဖြစ်တဲ့ မဲတောင်ဗျူဟာနဲ့ရှေ့တန်းစခန်း တွေကိုအောက်တိုဘာလ၇ရက်မှာသိမ်းပိုက်နိုင်ခဲ့တယ်လို့ AAက တရားဝင်ထုတ်ပြန်အသိပေးထားပါတယ်။AAသိမ်းယူခဲ့တဲ့ စခန်းတွေထဲမှာ ဗိုလ်မှူးနိုင်ဇော်အောင်ကွပ်ကဲနေတဲ့ ခမရ(၃၇၃)လည်း ပါဝင်ပါတယ်။
မဲတောင်ဗျူဟာ နဲ့ နပခဌာနချုပ်ကို စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၅)လက်အောက်ခံ ခမရ(၃၇၃)၊ ခမရ(၃၄၆)၊ခမရ(၃၇၂)၊စကခ (၁၀) လက်အောက်ခံခမရ(၃၆၂)၊ခမရ(၃၆၅)၊ ခမရ(၃၆၉) နဲ့ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းတွေက အကာအကွယ်ပေးထားတာပါ။
အမ်းမြို့နယ်အတွင်း လက်ကျန်စခန်းတွေထဲက တစ်ခုဖြစ်တဲ့ မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနဲ့ အနီး ပတ်ဝန်းကျင်က ရန်သူ့စခန်းတွေအားလုံးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်၊ ညနေ (၃) နာရီ (၅၀) မိနစ်မှာ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ AAက အောက်တိုဘာလ ၇ရက်ညမှာ ထုတ်ပြန်ခဲ့ပါတယ်။
တကယ်တော့ အမ်းမြို့သိမ်းတိုက်ပွဲမှာဗိုလ်မှူးနိုင်ဇော်အောင်လိုပဲ သေဆုံးသူ စစ်ကောင်စီဘက်တော်သားတွေ အများအပြားရှိနေတာပါ။ AAရဲ့ တိုက်ပွဲသတင်းထိန်းချုပ်ခြင်းနဲ့ ဆက်သွယ်ရေးအခက်အခဲကြောင့်သာ လူသိရှင်ကြားမဖြစ်သေးတာပါ။
အာရက္ခတပ်တော်ရဲ့ သမိုင်းတစ်လျှောက်အခက်ခဲဆုံးမြို့သိမ်းတိုက်ပွဲလို့ AAက ထုတ်ဖော်အသိပေးခဲ့တဲ့ သံတွဲမြို့သိမ်းတိုက်ပွဲနဲ့ မင်းပြားမြို့မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေမှာဆို စစ်ကောင်စီရဲ့အရာရှိတွေ၊ တပ်သားတွေ ရာချီသေဆုံးခဲ့ပြီး ပိုင်ရှင်မဲ့သင်္ဂြိုဟ်လိုက်ရတာတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်
ပြေးတဲ့လမ်းတလျှောက် ဖြစ်သလို မြေမြုပ်သွားပြီး မိုးရွာလို့ မြေပေါ်ပြန်ပေါ်လာတဲ့ ရုပ်အလောင်းတွေ၊ ချောင်းတွေ မြောင်းတွေထဲ ပေါလောပေါ် မျောပါနေတဲ့ ရုပ်အလောင်းတွေ ရာချီရှိခဲ့တာပါ။ ဗိုလ်မှူးနိုင်ဇော်အောင်လို သေဆုံးတာကို မိသားစုက သိသူဆိုတာ ရခိုင်စစ်မြေပြင်မှာ ရှာမှရှားပါပဲလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကဆိုပါတယ်။
ကချင်ပြည်နယ်၊ မိုးမောက်မြို့ကစစ်ကောင်စီအရာရှိတစ်ဦးဆိုရင် ၂၀၂၃ ခုနှစ်ထဲက ရခိုင်စစ်မြေပြင်မှာ သေဆုံးတယ်ဆိုတဲ့သတင်းကလွဲလို့ လက်စလက်နပျောက်နေပြီး သူ့မိသားစုဝင်တွေဟာ ရုပ်အလောင်းပြန်မတွေ့ရသေးဘဲ သပိတ်သွပ်ခဲ့ရပါတယ်။
ဒါ့အပြင်ရခိုင်စစ်မြေပြင်မှာ အရပ်ဝတ်တွေနဲ့ထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ရှိနေပါသေးတယ်။ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ အမ်း၊ မောင်တောနဲ့ ဂွမြို့နယ်ကတိုက်ပွဲတွေမှာကစဉ့်ကလျား ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ ဒေသတွင်း တောတောင်တွေ၊ ချောင်းတွေမြောင်းတွေနဲ့ ရခိုင်ရိုးမထဲမှာ အများအပြားရှိနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေကပြောပါတယ်။
မောင်တောမြို့နယ်မှာဆိုရင်လည်း ဘဂ်လားဒေရှ်နိုင်ငံထဲ အထိထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားတွေလည်းမနည်းမနောရှိခဲ့ပါတယ် ။
အမ်းမြို့သိမ်းတိုက်ပွဲဟာ အပြင်းထန်းဆုံးဖြစ်နေပြီး AAဟာ စစ်ကောင်စီကိုလုံးဝထွက်ခွာခွင့်မပေးတော့ဘဲ တမြို့လုံးကို ပိတ်ဆို့ထားပြီလို့ မြို့ခံတွေကပြောပါတယ်။ စစ်ကောင်စီကတော့ လေကြောင်းကနေ အင်အားထပ်မံပို့ဆောင်နေပြီး စစ်သားစုဆောင်းခံရသူများအပြားလည်း ပါဝင်တယ်လို့ သိရပါတယ်။
အမ်းမြို့သိမ်းတိုက်ပွဲသတင်းကို AAက အောက်တိုဘာလ ၇ရက်မှာ နောက်ဆုံးထုတ်ပြန်ထားပြီး တစ်လနီးပါးကြာလာတဲ့အထိ အသေးစိတ်ကို ထပ်မံမထုတ်ပြန်သေးပါဘူး။ အမ်းမြို့မှာ ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)(၃၇၄)အမြောက်တပ်ရင်း၊ အမှတ်၂ ကုတင် ၃၀၀စစ်ဆေးရုံ၊ အမှတ် (၉၄၆) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၄၅) စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (နပခ)၊ အမှတ်(၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊အမှတ် (၉၂၆)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ်(၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်)၊ အမှတ် ၁၀ တပ်ထိန်းတပ် စတဲ့တပ်ရင်းတွေ ရှိနေပါတယ်။ ဘယ်စခန်းတွေကို သိမ်းယူထားတယ်ဆိုတာ မသိရသေးပေမယ့် AAက နပခကို စစ်ချီနေပြီလို့ အောက်တိုဘာလ ၃၀ရက် အခြေအနေကို မြို့ခံတစ်ဦးကပြောပါတယ်တယ်။
နပခဟာ စစ်ကောင်စီဒုတိယမြောက်စွန့်လွှတ်ရမယ့် တိုင်းစစ်ဌာနချုပ်ဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက မှန်းဆထားကြပါတယ်။
အမ်းမြို့ထဲမှာတော့ ဒေသခံ ၁၀၀၀ နီးပါး ပိတ်မိနေဆဲဖြစ်ပြီး စစ်ကောင်စီရဲ့လေကြောင်းအန္တရာယ်ကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ အရေးနိမ့်နေတဲ့ ဖက်ဆစ်တပ်ဟာ ရှုံးမဲမဲပြီး အရပ်သားပြည်သူ လူထုကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းခြင်း ဆက်တိုက်ကျူးလွန်နေတယ်လို့ AAက ထုတ်ပြန်သတိပေးထားပါတယ်။
ဒီကနေ့ (အောက်တိုဘာ ၃၀)မှာဆိုရင်လည်း အမ်းသုသာန်အနီးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ သုသာန်ထဲမှာတော့အောက်တိုဘာ
လ၂၆ရက်ညနေကမှ မြေမြုပ်သင်္ဂြိုဟ်ခဲ့တဲ့ ဗိုလ်မှူးနိုင်ဇော်အောင်ရဲ့ ရုပ်အလောင်း ရှိနေပါသေးတယ်။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ဗိုလ်မှူးနိုင်ဇော်အောင်ကို မြုပ်ထားတဲ့ မြေစာပုံကို ပြန်ထိပြီး မြေပေါ်ပြန်ပေါ်လာခဲ့ရင် သုသာန်စောင့်ကို အလုပ်ရှုပ်စေမှာဖြစ်ပါတယ်။ ။
