ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်၌ ဆိုက်ကပ်ထားသော မော်တော်များပေါ်မှ ခရီးသည်များအပါအဝင် ပြည်သူ ၁၇ဦးခန့် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
ယမန်နေ့(အောက်တိုဘာ ၂၉ရက်)ညပိုင်းက မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်၊ လှည်းဂိတ်အနီးရှိမော်တော်များပေါ်မှ မော်တော်ပိုင်တစ်ဦး၊ ခရီးသည်များအပါအဝင် ၁၇ဦးခန့်အား စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မုံရွာရပ်ကွက်ကင်းထောက်များအဖွဲ့က ပြောသည်။
“မော်တော်ပေါ်ကလူတွေက ခန္တီးတို့ ဟုမ္မလင်းတို့တက်ကြမယ့်လူတွေ။ ကားလမ်းတွေက သွားမရတော့ ရေလမ်းကသွားကြရတာ။ အကုန်အဖမ်းခံရတာ။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
ပြည်သူများအား မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကိုမူ မသိရသေးကြောင်း၊ ယနေ့နံနက်ပိုင်းတွင်မူ လွတ်မြောက်လာသူအချို့ ရှိသော်လည်း အများစုမှာ ဆက်လက်ဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။
“ဒီနေ့လည်း လှည်းဂိတ်အဆင်းက မော်တော် ဆိပ်မှာပဲ မနက်ကတည်းက အိမ်စီးကား သုံးစီးလာပြီး တစ်နေ့လုံးစောင့်ကြည့်စစ်ချင်တဲ့သူစစ်နေတယ်။ တာရိုးအောက် ကမ်းနားထိဆင်းစောင့်နေကြတာ။ ညနေ ၅ နာရီအထိတော့ အဖမ်းအဆီးမရှိသေးဘူး။”ဟု မုံရွာရပ်ကွက်ကင်းထောက်များအဖွဲ့က ပြောသည်။
ဖမ်းဆီးခံရသည့် ပြည်သူများ၏ အသေးစိတ်အချက်အလက်များအား မသိရသေးပေ။
မုံရွာမြို့ပေါ်တွင် စစ်ကောင်စီတပ်က လူငယ်၊ လူရွယ်များအား စစ်မှုထမ်းရန် ဖမ်းဆီးနေပြီး နေဝင်ပြီဆိုသည်နှင့်တပြိုင်နက် နေအိမ်အတွင်း၌သာ နေထိုင်နေရကြောင်း မြို့ခံများက ပြောသည်။
မုံရွာမြို့နယ်သည် တော်လှန်ရေးအားကောင်းရာဒေသတစ်ခုဖြစ်ပြီး စစ်ကောင်စီ၏ ဖမ်းဆီး၊နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရခြင်းများ မကြာခဏ ဖြစ်ပွားနေသည်။
