close
Connect with us

Hi, what are you looking for?

သတင်း

တရုတ်နိုင်ငံကို မြန်မာ့အိမ်နီးချင်းကောင်းတစ်နိုင်ငံအဖြစ် သဘောထားကြောင်း NUG ပြော

တရုတ်နိုင်ငံကို မြန်မာ့အိမ်နီးချင်းကောင်းတစ်နိုင်ငံအဖြစ် သဘောထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ပြောကြားလိုက်သည်။

(NUGသမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော။ဓါတ်ပုံ-NUG)
(NUGသမ္မတရုံးပြောရေးဆိုခွင့်ရှိသူဦးကျော်ဇော။ဓါတ်ပုံ-NUG)

အီယိုရီ/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရသည် တရုတ်နိုင်ငံနှင့်ပတ်သက်၍ ၂၀၂၄ ဇန်နဝါရီ ၁ရက်က ထုတ်ပြန်ကြေညာခဲ့သော တရုတ်နိုင်ငံဆိုင်ရာသဘောထားအတိုင်း ဆက်လက်ရပ်တည်ကြောင်း NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက ယနေ့(အောက်တိုဘာ ၃၀ရက်)တွင် ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဥ်မှတဆင့် ပြောသည်။

တချိန်တည်းတွင် တရုတ်နိုင်ငံက အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို တရုတ်သို့လာရောက်ရန် ဖိတ်ကြားသည်ဟု ကြားသိရ၍ NUG အနေဖြင့် စိတ်မကောင်း၊စိုးရိမ်ပူပန်မှုဖြစ်မိကြောင်း အထက်ပါ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ဆက်ပြောသည်။

“မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်၊ မတည်မငြိမ်မှုတွေဖြစ်အောင် ဖန်တီးနေတဲ့ လူသတ်၊ အကြမ်းဖက်သမားကြီး မင်းအောင်လှိုင်ကို ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းသာမှန်ခဲ့ရင်တော့ ဖိတ်ခေါ်မှုကို ပြန်လည်သုံးသပ်သင့်တယ်ဆိုတာ ထင်မြင်မိပါတယ်။ မြန်မာပြည်သူလူထုဟာ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှုနဲ့ စီးပွားရေးတိုးတက်မှုကို လိုလားတာဖြစ်ပါတယ်။ ဒါတွေကို ပျက်ပြားအောင် လုပ်နေတာက မင်းအောင်လှိုင်နဲ့ သူ့ရဲ့အပေါင်းအပါတစု ဖြစ်ပါတယ်” ဟု ဦးကျော်ဇောက အသိပေးသည်။

Public Service Announcement

Public Service Announcement

ဆက်လက်ပြီး ၎င်းက “အကြမ်းဖက်မင်းအောင်လှိုင်ကို ဖိတ်ခေါ်ခဲ့ရင် တရုတ်အစိုးရအပေါ်မှာ မြန်မာလူထုရဲ့ အထင်အမြင်လွဲမှားမှု မလိုလားအပ်ဘဲ လှုံ့ဆော်ပေးရာ ရောက်မှာကို စိုးရိမ်ပူပန်မိပါတယ်။ နောက်တစ်ခုက တရုတ်အစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးနေတယ်ဆိုတဲ့ သတင်းတွေ မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေတာ တွေ့ရပါတယ်။ တော်လှန်ရေးအင်အားစုတွေကို ဖိအားပေးတယ်ဆိုတဲ့ သတင်းတွေဟာ တရုတ်နိုင်ငံအပေါ်မှာ မြန်မာလူထုရဲ့ အထင်အမြင်လွဲမှားမှုနဲ့ အမုန်းပွားစေနိုင်ဖို့ ဖြစ်ပေါ်လာနိုင်တယ်ဆိုတာကို စိုးရိမ်ပူပန်မိပါတယ်” ဟု ဆိုသည်။

သို့သော် တရုတ်နိုင်ငံသည် မြန်မာ-တရုတ် နယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို နယ်စပ်ဒေသတည်ငြိမ်ရေးနှင့် စစ်ပွဲများ လျော့ချရေးအတွက် ဖိအားပေးတင်းကျပ်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံအားပေးခြင်းမပြုရန်လည်း တားမြစ်နေသည်။

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်၏ အားပေးထောက်ခံမှုရရှိထားသည်ဟု တရုတ်က ယူဆနေသော NUG အပါအဝင် တော်လှန်ရေးအဖွဲ့များနှင့် ပတ်သက်ဆက်နွှယ်ခြင်းမပြုရန် တရုတ်နိုင်ငံက နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို ဖိအားပေးနေကြောင်း ရှမ်းပြည်မြောက်ပိုင်းရှိ သတင်းရင်းမြစ်အချို့က ပြောသည်။

NUG ၏ တရုတ်နိုင်ငံဆိုင်ရာ သဘောထားကြေညာချက်တွင် အချက် ၁၀ချက်ပါဝင်ပြီး NUG သည် တရုတ် တစ်နိုင်ငံတည်းမူဝါဒကို ဆက်လက်ထောက်ခံကျင့်သုံးမည်ဖြစ်ကြောင်း၊ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံကြား ပြည်သူနှင့်ပြည်သူ ဆက်ဆံရေးကို အလေးထားလျက် အပြန်အလှန် ချစ်ကြည်မှု၊ ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အစွမ်းကုန် မြှင့်တင်၊ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ဇန်နဝါရီလဆန်းတွင် ထုတ်ပြန်ခဲ့သော တရုတ်နိုင်ငံဆိုင်ရာ သဘောထားကြေညာချက်၌ တရုတ်ကို အိမ်နီးချင်းကောင်းနိုင်ငံအဖြစ် မဖော်ပြပေ။ သို့သော် ‘တရုတ်နိုင်ငံအတွက် အိမ်နီးချင်းကောင်း ဖြစ်ရေး မြန်မာနိုင်ငံက အမြဲ ကြိုးပမ်း၊ ရပ်တည်မည်’ ဟု NUG က ဖော်ပြခဲ့သည်။

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်သည် လာမည့် နိုဝင်ဘာ ၆ရက်၊ ၇ရက်များတွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ ကျင်းပမည့် (၈)ကြိမ်မြောက် မဲခေါင်ဒေသခေါင်းဆောင်များ GMS(Greater Mekong Subregion) ထိပ်သီးညီလာခံသို့ တက်ရောက်ရန် ရှိနေကြောင်း သိရသည်။ အာဏာသိမ်းစစ်ခေါင်းဆောင် တရုတ်သို့ သွားရောက်ဖြစ်ပါက မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ၄နှစ်အတွင်း မင်းအောင်လှိုင်၏ ပထမဆုံး တရုတ်ခရီးစဥ်ဖြစ်သည်။

သတင်းရင်းမြစ်တစ်ဦးကမူ တရုတ်သည် ယခုအစည်းအ​ဝေးအတွက် မြန်မာကို ဖိတ်​​သော်လည်း မင်းအောင်လှိုင်ကို အမည်တပ်ဖိတ်ခြင်းမဟုတ်ဘဲ မင်း​အောင်လှိုင်ကိုယ်တိုင်က တရုတ်သို့သွားလိုလှသဖြင့်သာ သွားခြင်းဖြစ်ပြီး ခရီးစဥ်တွင် သမ္မတရှီကျင့်ဖျင်နှင့်​ တွေ့ဆုံခွင့်ရမည်မဟုတ်ကြောင်း People’s Spring လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် နိုင်ငံတကာအနေဖြင့် နိုင်ငံတဝန်းစစ်ရာဇဝတ်မှု ကျူးလွန်နေသည့် မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို ဖမ်းဝရမ်းထုတ်ကာ အရေးယူအပြစ်ပေးရန် NUG သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက တောင်းဆိုသည်။

“ရာဇဝတ်ဘေးက ပြေးမလွတ်ဘူးဆိုတာ ဒီနေရာကနေ ပြတ်ပြတ်သားသားသတိပေးလိုက်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်သည့် ကသည်းလက်နက်ကိုင်အဖွဲ့မှ သုံးဦးသေဆုံးပြီးတစ်ဦး အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဆောင်းပါး

စစ်​ကောင်စီ၏ ​​ထောင်​ချောက်ဆင်မှုတဝက် ၊သွေးခွဲမှုတစ်ဝက်ဖြင့် လက်နက်စွန့် ​​ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ရန် ကမ်းလှမ်းမှုကို တော်လှန်​ရေးအင်အားစုများက တညီတညွတ်တည်းငြင်းပယ်လိုက်သည်။

သတင်း

ဘုတလင်တိုက်ပွဲတွင် ဗိုလ်မှူးဦးဆောင်သည့် ၈၅ ဦးပါ စစ်ကောင်စီစစ်ကြောင်း​တွင် သုံးဆယ်​ကျော်​သေဆုံပြီး ဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိကာလက်နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)သတင်းထုတ်ပြန်သည်။

သတင်း

အကြမ်းဖက်စစ်အုပ်စု ကြိုးပမ်းနေသည့် သန်းခေါင်စာရင်းကောက်ယူခြင်းအပါအဝင် အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ဆန့်ကျင်တိုက်ဖျက်သွားမည်ဟု NUCC နှင့် NUGတို့က ပူးတွဲ ကြေညာသည်။

Facebook