ဇော်ရမ်း/People’s Spring
ဘုတလင်မြို့အနီး တနေရာကို စစ်ကောင်စီက ယနေ့(အောက်တိုဘာ ၂၇ ရက်နေ့)ည ၆နာရီခွဲခန့်တွင် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံအချို့ကပြောသည်။
တံတားဦးလေဆိပ်မှ တက်လာသည့် ဂျက်ဖိုက်တာနှစ်စီးဖြင့် ဘုတလင်မြို့မြောက်ဘက်တနေရာကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး မြေပြင်အခြေအနေကို မသိနိုင်သေးကြောင်း ဒေသခံအချို့ကပြောသည်။

Public Service Announcement
“သူတို့စစ်ကြောင်းရဲ့ ရှေ့ကို ပစ်နေတာ။ ဘာမှ စစ်ရေးမလှုပ်ရှားတာကို ပစ်တာဗျ။ အကြောက်လွန်ပြီး ပစ်နေပုံပဲ” ဟု ဘုတလင်မြို့မှ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။
အင်အား ၁၅၀ ခန့်ရှိ သောစစ်ကောင်စီတပ်စစ်ကြောင်းသည် အောက်တိုဘာ ၂၇ ရက်တွင် ဘုတလင်မြို့ ပဲပြစ်တောကျေးရွာဝန်းကျင်၌ ဓါးစာခံများအား ရှေ့မှထားကာ စစ်ကြောင်းထိုးနေကြောင်းလည်းစုံစမ်းသိရသည်။
ထိုစစ်ကြောင်းသည်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အောက်တိုဘာလဆန်းတွင် ဘုတလင်မြို့သို့ဝင်ရောက်လာပြီး စစ်ကြောင်းထိုး၍ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေအိမ်များမီးရှို့ကာအကြမ်းဖက်နေခြင်းဖြစ်သည်။
အောက်တိုဘာလ၁၂ရက်၊ ၁၃ရက်နှင့် ၁၈ရက်တွင်ဘုတလင်မြို့ ဗန္ဓုလကွက်သစ်ရပ်ကွက်၊မြောက်ပြင်ရပ်နှင့်စီပါရွာကိုစီးနင်းပြီး ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ဒေသခံ စုစုပေါင်း ၂၄ဦး သေဆုံးခဲ့သည်။ ထိုအပြင် အရပ်သား ၉၀ ဦးခန့်ကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
ထိုအပြင်မူလစစ်ကြောင်း၌အင်အား ၁၀၀ ခန့်ရှိပြီးအောက်တိုဘာလ၂၅ရက်နံနက်ပိုင်းတွင် နမခမှ နောက်ထပ် ကားငါးစီးလိုက်လာကာ လက်နက်ခဲယမ်းများနှင့် လူအင်အား ထပ်ဖြည့်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီစစ်ကြောင်းကြောင့် ဘုတလင်မြို့ပေါ်ရပ်ကွက်များနှင့် ပဲပြစ်တောရွာအပါအဝင် ဖိုကုန်း၊စီပါ၊မွန်အို၊ညောင်ကန် စိုင်းပြင်လေးနှင့် ဘေးပတ်ဝန်းကျင်ရွာများမှဒေသခံတစ်သောင်းကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်။
