ဟန်နွေ/People’s Spring
မြဝတီမြို့သို့ စစ်ကူတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာ ခဲယမ်းများရဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီ၏ တပ်မ (၅၅)၊ စကခ (၁၂)၊ တပ်မ (၄၄) အောင်ဇေယျစစ်ကြောင်းနှင့် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃)၊ ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းတို့ အောက်တိုဘာ ၂၆ရက် အာရှလမ်းမကြီးတနေရာတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
စစ်ကောင်စီ၏ သေဆုံးဒဏ်ရာရရှိမှုစာရင်းအား အတည်ပြုနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement
တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ၃ဦး ဒဏ်ရာရရှိခဲ့ပြီး မစိုးရိမ်ရကြောင်းလည်း အသိပေးသည်။
စစ်ကောင်စီတပ်၏ ကျည်ကာပြား ၈ခုနှင့် လက်နက်ကြီးကျည် ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃)၊ ဗျူဟာ ၃၂ ကော်ဘရာစစ်ကြောင်း (၁)၊ ကော်ဘရာ စစ်ကြောင်း (၂)၊ ကျားသစ်နက်စစ်ကြောင်း၊ ဗျူဟာ ၃၁ လက်အောက်ခံကျားဖြူစစ်ကြောင်း၊ ရောင်နီ(ဒရုန်းအထူးတပ်ဖွဲ့)၊ Golden Eagle နှင့် KNU-KNLA၊ Federal Wings၊ Justice Wings၊ Fixed Wingsတို့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အသိပေးသည်။
အောင်ဇေယျစစ်ကြောင်းအား လက်နက်ကြီးပစ်ကူပေးနေသော မြဝတီမြို့အနီးရှိ စွယ်တော်ကုန်းဗျူဟာအမြှောက်တပ်စခန်းကိုလည်း ကော်ဘရာပူးပေါင်းတပ်က အောက်တိုဘာ ၁၇ရက်တွင် သိမ်းပိုက်အပြီးတွင် ၃ရက်အကြာတွင် စစ်ကောင်စီက မြဝတီမြို့စောင့်တပ်အား ထိုကဲ့သို့ လက်နက်ခဲယမ်းများ ပို့ပေးလာခြင်းဖြစ်သည်။
အောက်တိုဘာ ၂၀ရက်ကလည်း ဒေါနတောင် ပေါ်ရှိ တောနောရေတံခွန်အနီးတွင် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) ဦးဆောင်သော ကော်ဘရာပူးပေါင်းစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ပွားရာ အောင်ဇေယျစစ်ကြောင်း ထိခိုက်မှုများကြောင်း လူထုနွေဦး၏ ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အောင်ဇေယျစစ်ကြောင်းသည် လေကြောင်းပစ်ကူ အကူအညီသုံးပြီး အင်အားအများအပြားဖြင့် ရှေ့တိုးလာ၍ KNLA ပူးပေါင်းတပ်က တားဆီးတိုက်ခိုက်ရာ ပြန်လန်ကျသွားသည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အောင်ဇေယျစစ်ကြောင်းသည် ဂျက်ဖိုက်တာ နှစ်စင်းဖြင့် ပစ်ကူသုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း အထိနာပြီး သေဆုံးမှုများကြောင်း ၎င်းက ဆက်ပြောသည်။
