ကျော်ဇော/People’s Spring
လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာ အုပ်စုသို့ အောက်တိုဘာလ ၁၂ ရက်မှ ၁၉ ရက်နေ့အထိ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက် ချက်ကြောင့် ဒေသခံပြည်သူငါးဦး အသက်ဆုံးရှုံးခဲ့ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)က အသိပေးထုတ်ပြန်သည်။
စစ်ကောင်စီတပ်လက်ချက်ကြောင့် အသက်ဆုံးရှုံးရသူများမှာ အမျိုးသားသုံးဦးနှင့် အမျိုးသမီးနှစ်ဦး ပေါင်းငါးဦး သေဆုံးခဲ့ကြောင်းဖော်ပြထားသည်။
အောက်တိုဘာလ ၁၆ ရက်၊ နေ့လယ်ပိုင်းတွင် နေအိမ်မှနေ၍ ဘေးလွတ်ရာတိမ်းရှောင်ရန် ဆိုင်ကယ်ဖြင့် ထွက်ပြေးလာသည့် အသက် ၃၅ နှစ်အရွယ် ကဒက်ငယ်ထိန်ရွာခံ ကိုမင်းအောင်(ခ) ကိုကန်းကန်းကို စစ်ကောင်စီတပ်က အောက်ရေဖြူကျေးရွာနှင့် ကဒက်ငယ်ထိန်ရွာကြားတွင် ပစ်သတ်ခဲ့သည်။

Public Service Announcement
အလားတူ ယင်းနေ့ညနေပိုင်းတွင်လည်း ကျန်းမာရေးမကောင်းသဖြင့် အိပ်ယာထဲလဲနေသည့် ကဒက်ငယ်ထိန်ရွာခံ အသက် ၇၃ နှစ်အရွယ်ဒေါ်ခင်မြင့်(ခ) ဒေါ်မငယ်သည်လည်း စစ်ကောင်စီတပ်များ၏ ပစ်ခတ်မှုကြောင့် ကျည်ဆန်ထိမှန်သေဆုံးခဲ့သေးသည်။
ထို့အပြင် အောက်ရေဖြူကျေးရွာမှ နှလုံး ရောဂါအခံရှိသည့် အသက် ၅၀ ခန့်အရွယ်ဒေါ်သက်သက်မှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်သံများကို ကြောက်ရွံ့ထိတ်လန့်ကာ အောက်တိုဘာလ ၁၆ ရက်နေ့၌ပင် နှလုံးဖောက်သေဆုံးသွားခဲ့ကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီကဖော်ပြသည်။
၎င်းအောက်တိုဘာလ ၁၆ ရက်နေ့ကပင် အောက်ရေဖြူရွာရှိ နေအိမ်အနီး ဖမ်းဆီးခံခဲ့ရသည့် အသက် ၂၅ နှစ်အရွယ် ကိုမင်းကိုနှင့် အခြားလူငယ်တစ်ဦးတို့ကို စစ်ကောင်စီတပ်က လည်လှီးသတ်ဖြတ်ကာ ရုပ်အလောင်းများအား ညင်းမော်ရွာအနီး စွန့်ပစ်ထားသည်ကို တွေ့ရှိခဲ့ရသည်ဟုထုတ်ပြန်သည်။
“သူတို့ကတော့ အကြောက်တရားသွင်းချင်ပုံရပါတယ်။ လည်ပင်းလှီးခံရတယ်ဆိုတဲ့ သတင်းစကား ပြည်သူတွေကြားထဲရောက်ရင် တကယ်တုန်လှုပ်ကြတာပါပဲ။ အဲနည်းနဲ့ သူတို့ကို မပုန်ကန်ရဲအောင် လုပ်ချင်တာဖြစ်မယ်။ နောက်တခုက သူတို့ရဲ့ စိတ်ကိုက လူသတ်ရင် သေနတ်နဲ့ မပစ်သတ်ဘဲ အဲလို လည်လှီးပြီး စိတ်ပြေနပြေလုပ်ချင်ပုံရတယ်” ဟု ထားဝယ်ခရိုင် သပိတ်ကော်မတီမှ တာဝန် ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။
အထက်ပါလူငယ်နှစ်ဦးအား လည်လှီးသတ်ဖြတ်ခဲ့သည့်ဖြစ်စဥ်နှင့်ပတ်သက်၍ စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ၌ အောက်ရေဖြူရွာအနီး နယ်မြေရှင်း လင်းစဥ် လက်နက်ကိုင်တပ်ဖွဲ့ဝင်နှစ်ဦး၏ ရုပ်အလောင်းများကို သိမ်းဆည်းရမိခဲ့သည်ဟု သတင်းအမှား ရေးသားဖြန့်ဝေနေသည်ကို တွေ့ရသည်။
အဖြစ်မှန်မှာစစ်ကောင်စီတပ်ကသတ်ဖြတ်ခံခဲ့ရသည့် ကိုမင်းကို နှင့် ကျန်တစ်ဦးတို့သည် သာမန်အရပ်သားပြည်သူများသာဖြစ်ပြီး စစ်ကောင်စီတပ်၏ ယခုလိုလုပ်ရပ်သည် အရပ် သားပြည်သူများအပေါ် စစ်ရာဇဝတ်ကျူး လွန်မှုတခုဖြစ်
ကြောင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီက ထုတ်ပြန်ထားသည်။
