ကာတာက လှူဒါန်းထားပြီး အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ လျာထားတဲ့ လေယာဉ်ကို အတွင်းပိုင်း မွမ်းမံမှုတွေ စတင်နေပြီလို့ အမေရိကန် လေတပ်က ပြောပါတယ်။
နွေရာသီတုန်းက မိတ်ဆွေနိုင်ငံ ကာတာက အမေရိကန် အစိုးရဆီ ပေးပို့ လှူဒါန်းထားတဲ့ Boeing 747 လေယာဉ်ကို အထူးသီးသန့် သယ်ယူပို့ဆောင်ရေး ရည်ရွယ်ချက် တစ်ခုအတွက် မွမ်းမံမှုတွေ စတင်နေပြီလို့ လေတပ် ထိပ်ပိုင်း အရာရှိ တစ်ဦးက စက်တင်ဘာ ၁၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
သူက အဲဒီလေယာဉ်ကို ဘယ်လိုမစ်ရှင်အတွက် သုံးမလဲ ဆိုတာကို တိတိကျကျ ပြောမထားပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ကတော့ Air Force Oneအဖြစ် အသုံးပြုဖို့ ရည်ရွယ်ကြောင်း အစောပိုင်း ကတည်းက မှတ်ချက်ပေးထားပါတယ်။
ကာတာက ပေးပို့ခဲ့တဲ့ လေယာဉ်ဟာ Boeing 747 မျိုးကွဲတွေထဲမှာမှ လေပေါ်နန်းတော်လို့ တင်စားခံရလောက်အောင် ဇိမ်ခံ အပြင်အဆင်တွေနဲ့ ဖြည့်စွက်ထားတဲ့ 747-8 အမျိုးအစား ဖြစ်ပါတယ်။ Air Force Oneအဖြစ် ပြောင်းလဲဖို့ ဆိုရင်တော့ ကြားဖြတ်နှောင့်ယှက်မှုတွေကို တန်ပြန်တဲ့ စနစ်တွေ၊ ဒုံးကျည် ကာကွယ်ရေး စနစ်တွေ အပါအဝင် လုံခြုံရေး အစီအမံတွေကို တပ်ဆင်တာ၊ အတွင်းပိုင်းမှာ သိုဝှက်ထားတဲ့ ထောက်လှမ်းရေး ကိရိယာတွေ ရှိမရှိ စစ်ဆေးတာတွေကို အထူးဂရုပြု လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

Public Service Announcement
မိတ်ဆွေနိုင်ငံ အစိုးရ တစ်ခုက ပေးအပ်တာ ဖြစ်တဲ့တိုင်အောင် လုံခြုံရေးအရ လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်ဆောင်ရတာဟာ ဧရာမ လုပ်ငန်းတာဝန် တစ်ခုလို့ ဆိုနိုင်ပါတယ်။ Boeing ကုမ္ပဏီဆီက တိုက်ရိုက် မှာယူတာ မဟုတ်ဘဲ တခြားနိုင်ငံ တစ်ခုက လေယာဉ်ကို Air Force Oneအဖြစ် သုံးစွဲမယ့် ကိစ္စအပေါ် ရီပတ်ဘလစ်ကန်တွေရော၊ ဒီမိုကရက်တစ် ပါတီဝင်တွေကြားမှာပါ လုံခြုံရေး ရှုထောင့်ကနေ ဝေဖန်ထောက်ပြတာတွေ ရှိခဲ့ပါတယ်။
နောက်ပြီး တန်ဖိုးကြီးမားလှတဲ့ လေယာဉ်တစ်စီးကို နိုင်ငံရပ်ခြား အစိုးရဆီကနေ လက်ဆောင်ရယူခဲ့ခြင်းအပေါ် ကျင့်ဝတ်ပိုင်း မေးခွန်းထုတ်မှုတွေလည်း ရှိနေခဲ့ပေမယ့် အိမ်ဖြူတော်ကတော့ ဒီကိစ္စမှာ ဘာအမှားအယွင်းမှ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
အမေရိကန်မှာ အစိုးရ အရာရှိတွေဟာ ဒေါ်လာ ၄၈၀ ထက်ပိုတဲ့ လက်ဆောင်တွေကို လက်ခံခွင့် မရှိဘူးလို့ သတ်မှတ်ထားတာကြောင့် ဒေါ်လာ သန်း ၄၀၀ တန် လေယာဉ်ကြီးကို ကာတာက လက်ဆောင်ပေးတဲ့ ကိစ္စက အတော်လေး ပုံမှန်မဟုတ်တဲ့ အခြေအနေလို့ ယူဆလို့ရပါတယ်။
အမေရိကန်မှာ Air Force Oneအဖြစ် လက်ရှိ အလှည့်ကျ အသုံးပြုနေတဲ့ 747-200 နှစ်စီးဟာ သက်တမ်း ကြာညောင်းနေပြီဖြစ်ပြီး အစားထိုးဖို့ 747-8 တွေ မှာယူထားပေမယ့် ကြန့်ကြာမှုတွေ ကြုံနေရပါတယ်။
အမေရိကန်နဲ့ ကာတာတို့ဟာ အစဉ်အလာ မဟာမိတ်တွေ ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ အမေရိကန်ရဲ့ အနီးကပ် မဟာမိတ် အစ္စရေးက ကာတာရဲ့မြို့တော် ဒိုဟာမှာရှိတဲ့ ဟားမားစ် နိုင်ငံရေး ခေါင်းဆောင်တွေ နေထိုင်ရာ အိမ်ရာဝင်းကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး နှစ်ဖက် ဆက်ဆံရေးမှာ အတိုင်းအတာ တစ်ခုထိ ထိခိုက်မှု ရှိခဲ့ပါတယ်။ ထရမ့်ဟာ ဒီကိစ္စဟာ ကံမကောင်း အကြောင်းမလှမှု တစ်ခုလို့ ပြောပေမယ့် အစ္စရေးကိုတော့ တိုက်ရိုက် ဝေဖန်ပြစ်တင်တာမျိုး မရှိခဲ့ပါဘူး။
ကိုးကား: CNN

















































