စက်တင်ဘာ-၆၊၂၀၂၅။ဇေအောင်/People’s Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က ဒီကနေ့ အမျိုးသမီးငယ် ၂ ဦးကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။
စက်တင်ဘာ ၆ ရက်မနက်ပိုင်းကမုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဂေါက်ကွင်းအနီးမှာ ဆိုင်ကယ်တစီးနဲ့လာတဲ့ အသက် ၂၀ မှ ၂၅ နှစ်ကြားလောက်ရှိတဲ့ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်တွေက တားဆီးကာ စစ်ဆေးခဲ့ကြောင်း၊ ဖုန်းတွေပါ စစ်ဆေးပြီးနောက် ၎င်းအမျိုးသမီး ၂ ဦးကို စစ်တပ်က ကားပေါ်ဆွဲတင်ကာ ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။
“ဆိုင်ကယ်ကို ရပ်ခိုင်းပြီး စစ်တာ။ ဖုန်းစစ်ပြီးတော့ တခါတည်းဆွဲခေါ်တင်သွားတာ။ မုံရွာမှာ အဲဒီလို အမျိုးသမီးကို ပေါ်တာဆွဲတာမျိုးမရှိဖူးသေးဘူး။”လို့ မုံရွာမြို့ခံ အမည်မဖော်လိုတဲ့ အမျိုးသားတဦးက ပြောပါတယ်။

Public Service Announcement
“အမျိုးသမီး (၂)ဦး ပေါ်တာဆွဲပါတယ်။ ပဲပြုတ် တတ်လား မေးပြီး ဖမ်းဆီးမှုပြုလုပ်သွားကြောင်းသိရ”လို့ မုံရွာနယ်အခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်နေသူတဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အမျိုးသမီး ၂ ဦးစီးလာတဲ့ ဆိုင်ကယ်ကိုပါ ကားပေါ်တင်သွားပြီး ဘယ်ကိုခေါ်သွားတယ်ဆိုတာတော့ မသိရသေးပါဘူး။အမျိုးသမီး နှစ်ဦးဟာ ဘယ်ရပ်ကွက်နေထိုင်သူတွေဆိုတာနဲ့ သူတို့ရဲ့ အချက်အလက်အသေးစိပ်ကိုတော့မသိရသေးပါဘူး ။
အမျိုးသမီးတွေကို အခုမှသာဖမ်းဆီးတာဖြစ်ပေမဲ့ အမျိုးသားတွေကိုတော့ နေ့စဥ် ပေါ်တာဆွဲဖမ်းဆီးနေကြောင်း မုံရွာမြို့ခံတွေက ပြောပါတယ်။
