close
Connect with us

Hi, what are you looking for?

ဆောင်းပါး

တိတ်ဆိတ်သွားတဲ့ မိုးကုတ်မြို့​​လေး

အုံ့မှိုင်းနေတဲ့ မိုးသားတွေရဲ့အောက်မှာ မိုးကုတ်မြို့ကလေးဟာ ငြိမ်သက်နေတယ်။ နေ့လယ်နေ့ခင်းဖြစ်ပေမယ့် လမ်းပေါ်မှာ ယာဥ်သွားယာဥ်လာလည်းမရှိ ကင်းရှင်းတိတ်ဆိတ်နေတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ ရက်ဆက်ဗုံးကြဲသတ်ဖြတ်မှုတွေကြောင့် ဘာဆိုင်မှလည်း မဖွင့်ကြတော့ဘဲ လူသွားလူလာ ကင်းမဲ့နေတာပါ။

Scorpio/People’s Spring

အုံ့မှိုင်းနေတဲ့ မိုးသားတွေရဲ့အောက်မှာ မိုးကုတ်မြို့ကလေးဟာ ငြိမ်သက်နေတယ်။ နေ့လယ်နေ့ခင်းဖြစ်ပေမယ့် လမ်းပေါ်မှာ ယာဥ်သွားယာဥ်လာလည်းမရှိ ကင်းရှင်းတိတ်ဆိတ်နေတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ ရက်ဆက်ဗုံးကြဲသတ်ဖြတ်မှုတွေကြောင့် ဘာဆိုင်မှလည်း မဖွင့်ကြတော့ဘဲ လူသွားလူလာ ကင်းမဲ့နေတာပါ။

စစ်ကောင်စီရဲ့ မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ငွေကြေးတက်နိုင်သူတချို့ကတော့ မန္တလေးမြို့ဆီ သွားရှောင်ကြပြီလို့ ဒေသခံတွေက ပြောတယ်။ တက်နိုင်တဲ့သူတွေရှောင်သွားကြတာမြင်ရတိုင်း အားငယ်မိတယ်လို့ အသက် ၃၀ နှစ်အရွယ် မိုးကုတ်ဒေသခံ မနှင်း(အမည်လွှဲ)ကပြောပါတယ်။

“ရပ်ကွက်ကလူတွေရှောင်သွားတိုင်း ရင်နာနာနဲ့နေခဲ့ရတယ်”လို့ မနှင်းက ပြောပြတယ်။

Public Service Announcement

Public Service Announcement

ဇွန်လကတည်းက တအုန်းအုန်းချနေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မိုးကုတ်ဒေသခံ ပြည်သူ ဆယ်နဲ့ချီသေဆုံးခဲ့ပါပြီ။

သြဂုတ်လ တစ်လတည်းတင် စစ်ကောင်စီရဲ့ ဗုံးကြဲသတ်ဖြတ်မှု​တွေကြောင့် ပြည်သူ ၄၀ ​ကျော် သေဆုံးခဲ့သလို နှစ်ဆယ်​ကျော်ဒဏ်ရာရထားပါတယ်။ ​စစ်အုပ်စုဗုံးကြဲသတ်ဖြတ်မှု​ကြောင့်​သေဆုံးသူ​တွေဟာ အမျိုးသမီး နဲ့ က​လေးငယ် အများစုပါဝင်ပါတယ် ။စစ်အာဏာရှင်တွေက ဘာသာ​ရေးကိုင်းရှိုင်ဟန်ပြ ကင်မရာ​ရှေ့မှာ ဘုရားသွား၊​ကျောင်းတက် လှူဒါန်းတာ​တွေကို ပြကြ​ပေမယ့် လက်​တွေ့​မြေပြင်မှာ​တော့ ဘုန်းကြီး​ကျောင်း​တွေ၊ဘာသာ​ရေးအ​ဆောက်အအုံ​တွေ ၊သံဃာ​တော်​တွေလည်း မ​ရှောင် ​ပေါင် ၅၀၀ ၊​ပေါင် ၂၅၀ ဗုံး​တွေကပ်လှူပြီး သတ်ဖြတ်​နေတာကိုလည်း​ခပ်စိတ်စိတ်​တွေ့လာရပါတယ် ။

ဩဂုတ် ၁၄ရက်က စစ်​​ဘေး​ရှောင်​တွေခိုလှုံ့​နေတဲ့လင်း​ရောင်ခြည်ဘုန်းကြီး​ကျောင်းကို ​ပေါင် ၅၀၀ ဗုံးကြဲချခဲ့တာကြောင့် ကိုယ်ဝန်​ဆောင်မိခင်​လောင်းနဲ့အမျိုးသမီး​ ၁၆ ဦးအပါအဝင် ပြည်သူ ၂၁ဦးသေဆုံးကာ ၇ဦး ဒဏ်ရာရခဲ့ပါတယ်။

ဩဂုတ် ၉ရက်ကလည်းမိုးကုတ်အ​ရှေ့ပိုင်းက​ကျောက်နဂါးဘုန်းကြီး​ကျောင်းကို ဗုံးကြဲခဲ့လို့

က​လေးငယ်​တွေအပါအဝင် ပြည်သူ ၅ ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့တယ်။ ဒါအပြင် သြဂုတ်လ ၂ ရက်မနက်ပိုင်းမှာလည်း မိုးကုတ်မြို့ အ​နောက်ပိုင်းကိုဗုံးကြဲလို့ က​လေးငယ်နဲ့ သံဃာ​တော်​တွေအပါအဝင် ၁၂ ဦး​သေဆုံးခဲ့ပြီး ၁၄ ဦးဒဏ်ရာရခဲ့ပြန်ပါ​သေးတယ်။

မနေ့က ဩဂုတ် ၁၇ရက် မနက်ပိုင်းကပဲ မိုးကုတ်မြို့အရှေ့ပိုင်း၊ မြို့မရဲစခန်းနဲ့ ထွေအုပ်ရုံးအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးထပ်ကြဲလို့ ကလေးငယ်တဦး အပါအဝင် ၃ ဦးထပ်မံ သေဆုံးခဲ့ပါတယ်။

အခုဆောင်းပါးရေးနေတဲ့ သြဂုတ် ၁၈ ရက်​နေ့ ညနေ ၃ နာရီခွဲဝန်းကျင်မှာ စစ်တပ်က မိုးကုတ်မြို့ကို လေကြောင်းကနေ ထပ်မံဗုံးကြဲခဲ့ပြန်ပါပြီ။ ကျပ်ပြင်စျေး၊ တာဝါတိုင်အနီး ကြဲတာလို့ သိရပြီး ပြည်သူ ၁ ဦးဒဏ်ရာရခဲ့ပါတယ် ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း၂၀၂၅ ဇူလိုင်လကုန်အထိ စစ်အုပ်စုက နိုင်ငံတစ်ဝန်းလေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၃,၁၉၁ ကြိမ်ကျူးလွန်ခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၃,၄၀၅ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ကထုတ်ပြန်ထားပါတယ် ။သေဆုံးသူတွေထဲမှာအသက် (၁၈) နှစ်အောက်ကလေးသူငယ် ၅၀၁ ဦး​တောင်ပါဝင်တယ်လို့​ဖော်ပြထားပါတယ် ။ စစ်အုပ်စုက ​တစ်ဖက်မှာ​ရွေး​ကောက်ပွဲလုပ်မယ်​ပြောလိုက် ၊ ငြိမ်းချမ်း​ရေးအတွက်​ဆွေး​နွေးမယ်​ပြောလိုက် လုပ်​ပေမယ့် ​မြေပြင်လက်​တွေ့မှာ​တော့ ​နေ့စဥ်နီးပါး ဗုံးကြဲပြီး ပြည်သူ​တွေကိုသတ်ဖြတ်​နေတာဖြစ်ပါတယ်။

အထက်ကစာရင်း​တွေဟာသြဂုတ်လမပါ​သေးပါဘူး။သြဂုတ်လမှာဗုံးကြဲပြီး လူအစုအလိုက်အပြုံလိုက်သတ်ဖြတ်မှု​တွေကပိုဆိုးလာပါတယ်။ မိုးကုတ် ၊​မော်ချီး ၊ဒီပဲယင်း ၊ကွတ်ခိုင်မြို့​တွေမှာတစ်လတည်း အာဏာသိမ်းစစ်တပ်က ပြည်သူ​တွေကိုအစုလိုက်အပြုံသတ်ဖြတ်မှုအများကြီးထပ်ကျူးလွန်ပြန်ပါတယ် ။

လင်း​ရောင်ခြည် ဘုန်းကြီး​ကျောင်းကိုဗုံးကြဲတာမှာဆိူရင်ပြည်သူတွေဟာ သေဆုံးသူ မိသားစုဝင်တွေရဲ့ ခန္ဓာကိုယ်တွေကို အပျက်အစီးတွေကြားထဲမှာ ရနိုင်သလောက်ရှာကောက်ရင်း သင်္ဂြိုလ်ကြရတယ်။ “သရဏဂုံတင်တဲ့ချိန်တောင် အပေါ်မှာ တဝဲဝဲနဲ့”လို့ မိုးကုတ်ဒေသခံတဦးက ပြောပြတယ်။

အဲဒီလို အခြေအနေတွေကြားမှာ မနှင်းတို့လည်း ရှောင်ချင်လှပါပြီ။ သို့ပေမဲ့ ဘာလို့မရှောင်ကြတာလဲ။

တကယ်တမ်း ရှောင်ကြပြီဆိုရင် ပထမဦးဆုံး လိုအပ်တာက လမ်းစရိတ်ပါ။ ကားခအနေနဲ့တင် တစ်ယောက်ကို၄သိန်းကနေ ၄ သိန်းခွဲအထိစျေးပေါက်နေပါတယ်။ ကားတစ်စီးလုံးဆိုရင်၁၆သိန်းခွဲ ဝန်းကျင်။

“နည်းသေးတယ် ၁၆ သိန်းခွဲက။ ဟိုရက်တွေကဆိုအပြိုင် ၂၀ ထိရှိတယ်။”လို့ မိုးကုတ်ဒေသခံတဦးက ပြောပါတယ်။

ကားသမားတွေဘက်က ကျပြန်တော့လည်း လမ်းမှာ ကုန်ကျစရိတ်တွေ တအားများတယ်။ ခဲကြမ်းလမ်းတွေပေါ် မောင်းကြရတော့ ကားပြန်ပြင်ရတာနဲ့ မကာမိဘူးလို့ ကားသမားတွေက ရင်ဖွင့်တယ်။

နောက်ပြီး စစ်ကောင်စီက တလောလေးကတင် မိုးကုတ်ကားတွေသွားလာနေတဲ့ ဝက်လက်နယ်ထဲ ခရိုင်ချင်းဆက်လမ်းပေါ်မှာ ပိတ်မိနေတဲ့ကားတွေကို ဗုံးကြဲခဲ့ပြန်လို့ ပြည်သူတွေထိခိုက်သေဆုံးခဲ့ပါသေးတယ်။ဒါကြောင့်ကားသမားတွေဟာ အသက်ကိုရင်းပြီးမှ မိုးကုတ်ကို အတက်အဆင်း လုပ်နေကြရတယ်။

လမ်းခရီးအဆင်ပြေသည်ထားဦး။ ကိုယ် စစ်ရှောင်မယ့်မြို့မှာနေဖို့ အိမ်ငှားခ၊ စားဖို့သောက်ဖို့အတွက် ငွေကြေး၊ အလုပ်အကိုင်၊ အများကြီး စဥ်းစားရကြောင်း မိုးကုတ်ဒေသခံတွေက ပြောပါတယ်။ အလုပ်တွေမရသေးခင် ထိုင်စားဖို့က လက်ထဲ အနည်းဆုံး သိန်းငါးဆယ်၊ တစ်ရာလောက်ပါမှ အဆင်ပြေမယ်လို့ မြို့ခံတွေက ပြောတယ်။

“ကိုယ်တွေလို လက်ထဲ တစ်သိန်းရှိဖို့တောင် အနိုင်နိုင်စုနေရတဲ့အောက်ခြေလူတန်းစားတွေရဲ့ ဘဝကသေမထူး ၊ နေမထူး ဘဝတွေမို့ ကံတရားပဲလို့ တွေးနေရတာပါ။”လို့ မနှင်းက ပြောပြတယ်။

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြောင်းသူတွေပြောင်းကုန်ကြပေမဲ့ မနှင်းတို့လို မပြောင်းနိုင်လို့ ကုပ်ကပ်နေရသူတွေ မိုးကုတ်မြို့မှာ အများကြီး ကျန်နေပါသေးတယ်။

“အခုဆိုရင် မြို့ပေါ်မှာ လူသွားလူလာသိပ်မရှိ‌တော့ဘဲ ခြောက်ကပ်နေပြီး ဘာအလုပ်မှလည်း လုပ်လို့မရဘူး”လို့ မိုးကုတ်ဒေသခံတဦးက ပြောပြတယ်။

ကျန်ရစ်ခဲ့ရတဲ့ ပြည်သူတွေဟာလည်း ခေါင်းပေါ်မကြာခဏ ဝဲဝဲလာတဲ့ လေယာဥ်တွေကိုကြည့်ရင်း အထိတ်တလန့်နဲ့ နေနေကြရတယ်။

“လေယာဉ်ဝဲရင်ကို ကံစမ်းမဲထိုးနေရသလိုပဲ။ ကျန်ခဲ့မလားသေသွားမလား တကယ်မသိနိုင်တဲ့ဘဝတွေပါ။”လို့မိုးကုတ်သူမနှင်းကပြောလိုက်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ပွဲကာလတလျှောက် အပြင်းထန်ဆုံး လေကြောင်း တိုက်ခိုက်မှုတွေထဲက တစ်ခုကို ရုရှားက လုပ်ဆောင်ခဲ့တယ်လို့ ယူကရိန်းက ကြေညာခဲ့ပါတယ်။

သတင်း

ကရင်နီပြ​ည်နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ရာ ပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ကရင်နီစစ်ရှောင်အရေးကူညီသူများက ပြောသည်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ အရပ်သား ခုနစ်ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

Scorpio/People’s Spring အုံ့မှိုင်းနေတဲ့ မိုးသားတွေရဲ့အောက်မှာ မိုးကုတ်မြို့ကလေးဟာ ငြိမ်သက်နေတယ်။ နေ့လယ်နေ့ခင်းဖြစ်ပေမယ့် လမ်းပေါ်မှာ ယာဥ်သွားယာဥ်လာလည်းမရှိ ကင်းရှင်းတိတ်ဆိတ်နေတယ်။ အာဏာသိမ်းစစ်အုပ်စုရဲ့ ရက်ဆက်ဗုံးကြဲသတ်ဖြတ်မှုတွေကြောင့် ဘာဆိုင်မှလည်း မဖွင့်ကြတော့ဘဲ လူသွားလူလာ ကင်းမဲ့နေတာပါ။ စစ်ကောင်စီရဲ့ မကြာခဏ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ငွေကြေးတက်နိုင်သူတချို့ကတော့ မန္တလေးမြို့ဆီ သွားရှောင်ကြပြီလို့ ဒေသခံတွေက ပြောတယ်။...