အိမ်သွင်/People’s Spring
တရုတ်နိုင်ငံက မြန်မာဘက်သို့ဝင်မည့်ကုန်စည်များတင်းကြပ်လိုက်ခြင်း နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကို စစ်ကောင်စီဖြတ်လေးဖြတ်လုပ်ဆောင်နေခြင်းကြောင့် မူဆယ်အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း မြို့အများစုတွင် စက်သုံးဆီ ပြတ်လတ်နေကြောင်းဒေသခံများကပြောသည်။
တရုတ်နိုင်ငံနှင့် နယ်စပ်ဖြစ်သော မူဆယ်၊နမ့်ခမ်းမြို့များ၌ အောက်တိုဘာလ ၂၄ ရက်မှစ၍ စက်သုံးများပြတ်လပ်သွားပြီး အောက်တိုဘာလ ၂၉ရက်အထိ ဆီတန်းစီဝယ်နေရဆဲဖြစ်ကြောင်း မူဆယ်မြို့ခံတဦးကပြောသည်။
“တရုတ်က မူဆယ်ထဲကို ဆီအဝင်မခံတော့ဘူး။ ကျန်တဲ့ကုန်စည်တွေလည်း တော်တော်ကို တင်းကြပ်လိုက်ပါပြီ။ဆီမရတဲ့ပြဿနာက မူဆယ်မြို့မှာတော်တော်လေးကို ဂယက်ရိုက်နေပါပြီ” ဟုမြို့ခံတဦးကပြောသည်။

Public Service Announcement
နမ့်ခမ်း၊ ကွတ်ခိုင်မြို့တို့တွင်လည်း စက်သုံးဆီပြတ်လပ်နေပြီး လူမှုရေးကားများအတွက်ပင် ဆီအနည်းငယ်သာရသည်ဟု လူမှုကူညီအဖွဲ့အချို့ကပြောသည်။
တရုတ်အစိုးရက လျှပ်စစ်ပစွည်းများ နှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများအပါအဝင်အိမ်သုံးပစ္စည်းများမြန်မာဘက်သို့ တင်သွင်းမှုကိုအောက်တိုဘာလတတိယလပတ်မှစ၍ ပိတ်ပင်လိုက်ကြောင်း နှစ်နိုင်ငံနယ်စပ်မှ ကုန်သည်အချို့ကပြောသည်။ တရုတ်၏ နယ်စပ်ကုန်သွယ်ရေးကန့်သတ်မှုသည် ဝ နှင့်မိုင်းလားဒေသမှာ နယ်စပ်ကုန်သွယ်ရေးဂိတ်များလည်းပါဝင်သည်ဟုသိရ သည်။
မြန်မာဘက်သို့ ကုန်စည်စီးဆင်းမှု ပိတ်ပင်မှုကို နယ်စပ်ရှိ တရုတ်ကုန်သည်များနှင့်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများထံ ယူနန်ပြည်နယ်အုပ်ချုပ်ရေးပိုင်းက အသိပေးခြင်းဖြစ်ကြောင်းမူဆယ်မြို့မှ ကုန်သည်တဦးကပြောသည်။
ကုန်သည်များ ရရှိထားသည့် အသိပေးကြေညာချက်တွင် ယူနန်ပြည်နယ်၊ Xi Shuang Ban Na(ဆစ်ဆောင်ပန်းနား)မြို့နယ်ရှိ DaLuo ပို့ဆောင်ဆက်သွယ်ရေးဂိတ်မှ ၎င်းတို့၏ ဖောက်သည်များအား အကြောင်းကြားစာ၌ ပို့ကုန်ထိန်းချုပ်ရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများအရ ယခုလက်ရှိတွင် တရုတ်နိုင်၏ပို့ကုန်များဖြစ်သော အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းနှင့် လျှပ်စစ်ဆက်စပ်ပစ္စည်းများဖြစ်သော ဘက္ထရီ၊ ဆို လာဘက္ထရီ၊ ဆိုလာပြား၊အင်ဂျင်၊မီးသီးမီးအိမ်များ၊ စားသောက်ကုန်များ၊ စောင်၊ ဘိလပ်မြေများအစရှိသည့် ပစ္စည်းများကို မြန်မာပြည်သို့တင်ပို့ခြင်း ခေတ္တယာယီ ထွက်ခွင့်မပြုပါကြောင်း ရေးသားထားသည်။
သို့သော်နောက်ရက်အနည်းငယ်အတွင်း ပို့ဆောင်ဆက်သွယ်ရေးဂိတ်မှ နိုင်ငံရေးနှင့် မူဝါဒပြုပြင်ပြောင်းလဲမှုများကိုအသိပေးမည်ဟုလည်းဆိုသည်။
စစ်ကောင်စီကိုသြဂုတ်လလယ်မှဏစ၍ အားပေးထောက်ခံနေသည်ကို ထုတ်ဖော်ပြသလာသည့် တရုတ်အစိုးရသည် နယ်စပ်မှနေ၍ ရှမ်းပြည်နယ်ဘက်သို့ဝင်ရောက်နေသည့် ဆေးဝါးများကို ပြီးခဲ့တဲ့သြဂုတ်လမှစတင်၍ ပိတ်ပင်တားဆီးခဲ့သည်။ ယခုအခါ စက်သုံးဆီ၊ လျှပ်စစ်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းများကိုပါ ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟုဒေသခံအချို့ကပြောသည်။
တချိန်တည်းတွင် စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းတို့သွားရောက်မည့် ကားများကို မန္တလေး နှင့် ပြင်ဦးလွင်မှနေ၍ အဆင့်ဆင့်ပိတ်ဆို့ပြီး ဖြတ်လေးဖြတ်ပြုလုပ်နေကြောင်း ရှမ်းမြောက်နေပြည်သူတချို့ကပြောသည်။
အဆိုပါလုပ်ရပ်များသည် တရုတ်နှင့်စစ်ကောင်စီပေါင်း၍ လုပ်ဆောင်နေခြင်းဟု ရှမ်းပြည်နယ်မြောက်ပိုင်းဒေသခံများကပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီးကျွင်းသည် “၀”တပ်ဖွဲ့ UWSA မှ ဒုဉက္ကဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၇ ရက်တွင် တရုတ်နိူင်ငံ၌ တွေ့ဆုံခဲ့စဥ် MNDAA ထိန်းချုပ်ထားသည့် ဒေသများသို့ စက်သုံးဆီနှင့် ကုန်စည်များ မဝင်ရေး တားဆီးရန် ပြင်းပြင်းထန်ထန်သတိပေးခဲ့သည်။
MNDAA ကို တရုတ်က နယ်စပ်ဂိတ်ပိတ်ဆို့ထားသော်လည်း UWSA နယ်မြေကိုဖြတ်၍ ဆန်၊ ဆီ၊ ဆေး၊ လက်နက်ခဲယမ်းများဝင်ရောက်နေသောကြောင့် တိုက်ပွဲများ ဆက်လက် ဖော်ဆောင်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် UWSA အနေဖြင့် MNDAA ကို ကူညီနေမှုများ ရပ်တန့်ရန်နှင့် MNDAA ဘက်သို့ မည်သည့် အရင်းအမြစ်မှ မရောက်ရှိအောင် ပိတ်ဆို့စစ်ဆေးရမည်ဟု ပြောကြားခဲ့သည်ဟု တရုတ်အထူးကိုယ်စားလှယ် နှင့် UWSA တွေ့ဆုံခဲ့သော ပေါက်ကြားခဲ့သည့် အစည်းအဝေး မှတ်တမ်း၌ ပါရှိသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် စစ်တပ်ပြိုကျပြီး အနောက်နိုင်ငံ များနှင့် နီးစပ်သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် PDF များ အနိုင်ရသွားမည်ကို လုံးဝလက်ခံမည် မဟုတ်ကြောင်းတိန့်ရှီးကျွင်းက ပြောခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီသည် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့၊ သိန္တီမြို့၊ လောက်ကိုင်စသည့်မြို့များကို ဆက်တိုက် ဗုံးကြဲနေသည်။
