အမေရိကန်မှာ လူအများ အာရုံစိုက်တာ ခံနေရတဲ့ နိုင်ငံရေး လုပ်ကြံ သတ်ဖြတ်မှု တစ်ခုကို အကြောင်းပြုပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ဟာသလုပ် လှောင်ပြောင်ခဲ့လို့ အလုပ်တာဝန်ကနေ ယာယီ ဆိုင်းငံ့ ခံထားရတဲ့ အစီအစဉ်မှူး ဂျင်မီကင်မဲလ်ကို မူလနေရာမှာ ပြန်လည် ခန့်အပ်လိုက်ကြောင်း Disney ကုမ္ပဏီက ကြေညာခဲ့ပါတယ်။
ကင်မဲလ်ဟာ Disneyက ပိုင်ဆိုင်တဲ့ ABC သတင်းဌာနက ထုတ်လွှင့် ပြသနေတဲ့ Jimmy Kimmel Live အစီအစဉ်မှူး ဖြစ်ပါတယ်။ သူဟာ ထရမ့်ရဲ့ မဟာမိတ် တစ်ဦးဖြစ်သူ ကွန်ဆာဗေးတစ် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူ ချာလီကာ့ခ် လုပ်ကြံခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဟာသလုပ်တဲ့ စကားတချို့ကို အစီအစဉ် ထုတ်လွှင့်ရာမှာ ထည့်သွင်း ပြောကြားခဲ့တဲ့နောက် အငြင်းပွားစရာ ဝေဖန်မှုတွေနဲ့ စတင် ကြုံတွေ့လာခဲ့ရတာပါ။
စက်တင်ဘာ ၁၅ ရက်နေ့တုန်းက အစီအစဉ်မှာ ကာမဲလ်က Maga ဂိုဏ်းသားတွေဟာ ကာ့ခ်ကို ပစ်ခတ် လုပ်ကြံခဲ့တဲ့ လူငယ်ကို သူတို့ရဲ့ ဂိုဏ်းဝင်တစ်ယောက် မဟုတ်ရင် ပြီးရောဆိုတဲ့ စိတ်မျိုးနဲ့ စွပ်စွဲ တံဆိပ်ကပ်မှု မျိုးစုံကို အသည်းအသန် လုပ်ကြဦးမှာ ဖြစ်သလို အဲဒီ လုပ်ကြံမှုကနေပြီး နိုင်ငံရေးအရ ရသမျှ အမှတ်ယူကြဦးမှာလို့လည်း ပြောဆိုသွားပါတယ်။ Maga ဆိုတာက သမ္မတ ထရမ့်ရဲ့ နိုင်ငံရေး ဆောင်ပုဒ်ဖြစ်တဲ့ Make America great againကို အတိုကောက် ခေါ်ဝေါ်တာပါ။
ဒါ့အပြင် ထရမ့်က ကာ့ခ်သေဆုံးမှုအတွက် ဘယ်လိုဝမ်းနည်းသလဲဆိုတဲ့ မေးခွန်းကို အိမ်ဖြူတော်မှာ ခန်းမဆောင်တစ်ခု ဆောက်လုပ်မယ့် အကြောင်းသာ ပြန်ဖြေခဲ့တာကိုလည်း ကင်မဲလ်က လှောင်ပြောင်ခဲ့ပြီး မွေးထားတဲ့ ငါးလေး သေသွားလို့ ၄ နှစ်သားလေးတစ်ယောက်ရဲ့ ခံစားချက်လောက်ပဲ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement
နောက်တော့ ဖက်ဒရယ် အစိုးရရဲ့ ရုပ်မြင်သံကြား ထုတ်လွှင့်မှု စိစစ်စောင့်ကြည့်ရေး အာဏာပိုင်တွေက ကင်မဲလ်ရဲ့ စကားတွေနဲ့ ပတ်သက်ပြီး ABCရဲ့ ထုတ်လွှင့်မှု လိုင်စင်ကိုပါ ရုပ်သိမ်းနိုင်တယ် ဆိုတာမျိုးတွေ ခြိမ်းခြောက်လာတဲ့နောက် Disneyက အစီအစဉ် ထုတ်လွှင့်မှုကို ယာယီ ဆိုင်းငံ့ထားစေခဲ့ပါတယ်။
အမေရိကန်မှာတော့ အဲဒီအခြေအနေကို အကြောင်းပြုပြီး လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ သမ္မတ ထရမ့်က ကင်မဲလ်ကို ယာယီ ဆိုင်းငံ့ထားစေခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုခဲ့ပြီး သမ္မတကို ဝေဖန်တဲ့ တခြား ရုပ်မြင်သံကြား ကွန်ရက်တချို့လည်း လိုင်စင် အသိမ်းခံရသင့်တယ်လို့ ပြောကြားခဲ့တာကြောင့် အဲဒီကိစ္စကပါ ထပ်ပြီး ပွဲဆူခဲ့ပြန်ပါတယ်။
ဒါပေမဲ့ Disneyကတော့ Jimmy Kimmel Liveကို စက်တင်ဘာ ၂၃ ရက်နေ့ ညပိုင်းကစလို့ ပြန်လည် ထုတ်လွှင့်သွားတော့မယ်လို့ အဲဒီမတိုင်ခင် တစ်ရက်မှာ အတည်ပြု ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ကင်မဲလ်နဲ့ အသေးစိတ် ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း၊ အဲဒီ ဆွေးနွေးမှုတွေရဲ့ ရလဒ်အဖြစ် အစီအစဉ်ကို စက်တင်ဘာ ၂၃ ရက်နေ့မှာ ပြန်စဖို့ ဆုံးဖြတ်ခဲ့ကြောင်း ကုမ္ပဏီဖက်က ပြောပါတယ်။
ကင်မဲလ်ရဲ့ အစီအစဉ် ပြန်ထုတ်လွှင့်တော့မယ် ဆိုတာနဲ့ ပတ်သက်ပြီး အိမ်ဖြူတော် အခမ်းအနား တစ်ခုကို ရောက်နေတဲ့ သတင်းထောက် တစ်ယောက်က ထရမ့်ကို သဘောထား မှတ်ချက် တောင်းခံခဲ့ပေမယ့် ထရမ့်က ပြန်မဖြေခဲ့ပါဘူး။
ABCက ပြန်လည် စတင်မယ့် Jimmy Kimmel Liveကို မိတ်ဖက် ရုပ်မြင်သံကြား ဌာနအားလုံးက ပြန်လည် ထုတ်လွှင့်ပေးမှာတော့ မဟုတ်ပါဘူး။ အမေရိကန်မှာ ABCရဲ့ အကြီးဆုံး မိတ်ဖက် ရုပ်မြင်သံကြား အဖွဲ့တစ်ခုဖြစ်တဲ့ Sinclairက Jimmy Kimmel Liveကို စက်တင်ဘာ ၂၃ ရက်နေ့မှာ ပြန်လည် ထုတ်လွှင့်ဦးမှာ မဟုတ်ဘဲ အဲဒီအချိန် အတောအတွင်း တခြား သတင်းအစီအစဉ် တစ်ခုနဲ့ အစားထိုးထားမယ်လို့ ပြောပါတယ်။
Sinclairရဲ့ ထုတ်လွှင့်မှုတွေမှာ Jimmy Kimmel Liveကို ပြန်ထည့်ဖို့ ဆိုတာနဲ့ ပတ်သက်လို့ ABCနဲ့ ဆက်ပြီး ဆွေးနွေးနေဆဲလို့ Sinclairက ကြေညာထားပါတယ်။ အလားတူ Nexstar Mediaကလည်း Jimmy Kimmel Live အစီအစဉ် ပြန်စဖြစ်ရင်တောင် လောလောလတ်လတ်တော့ ထုတ်လွှင့်ပြသပေးဦးမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြောထားဖူးပါတယ်။
ကင်မဲလ်ဟာ အမေရိကန်ရဲ့ အကျော်ကြားဆုံး ရုပ်မြင်သံကြား အစီအစဉ်မှူးတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူဟာ Jimmy Kimmel Liveမှာ ၂၀၀၃ ခုနှစ် ကတည်းက အစီအစဉ်မှူး တာဝန်ယူခဲ့သလို အော်စကာ ရုပ်ရှင် ဆုပေးပွဲတွေမှာလည်း ၄ ကြိမ်တိုင် ပါဝင် ကြီးမှူးပေးခဲ့ဖူးပါတယ်။ လက်ရှိ ကြုံနေရတဲ့ အငြင်းပွားစရာ အခြေအနေတွေနဲ့ ပတ်သက်လို့တော့ ကင်မဲလ်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ကင်မဲလ်ကို ABCက အလုပ်တာဝန်ကနေ ယာယီ ဆိုင်းငံ့ခဲ့ချိန်တုန်းက သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဂျွန်စတီးဝပ်၊ ဂျွန်အိုလီဗာ၊ CBS သတင်းဌာန အစီအစဉ်မှူး စတီဖန် ကိုးလ်ဘတ်တို့က ကင်မဲလ်ဖက်က ရပ်တည်ပေးခဲ့ကြပါတယ်။ ဒါ့အပြင် ဟောလိဝုဒ်ရဲ့ နာမည်ကျော် ကြယ်ပွင့်တွေဖြစ်တဲ့ ဘန်စတေလာ၊ ဂျနီဖာ အနစ္စတန်၊ မာရီလ် စထရိပ်၊ ရောဘတ် ဒီနီရိုးတို့ကလည်း ကင်မဲလ်ကို တာဝန်ကနေ ဆိုင်းငံ့ထားတယ် ဆိုတာဟာ အမေရိကန်ရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်အတွက် မှောင်ရိပ်ဖုံးတဲ့ ဖြစ်ရပ်တစ်ခုလို့ ဝေဖန်ပြီး အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။
ကိုးကား: CNN

















































