ပြည်သူ ထောင်ပေါင်းများစွာ စုဝေး ချီတက်ပြီး ဆန္ဒပြခဲ့ကြတဲ့နောက် အစိုးရ အတွင်းပိုင်းက အဂတိ ထူပြောမှု ဖြစ်စဉ်တွေကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးသွားမယ်လို့ ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားခဲ့ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့က မနီလာမြို့တော် အပါအဝင် နိုင်ငံရဲ့ မြို့ကြီးတချို့မှာ ကျောင်းသားတွေ၊ ဘာသာရေး အဖွဲ့အစည်းတွေ၊ နာမည်ကျော် အနုပညာရှင်တွေ၊ အလုပ်သမားတွေ အပါအဝင် လူတန်းစား အလွှာပေါင်းစုံ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ ဖိလစ်ပိုင်မှာ ရေကြီးမှု ကာကွယ်ရေးဆိုင်ရာ အစီအမံတွေ လက်တွေ့ အကောင်အထည် ပေါ်မလာဘဲ ရန်ပုံငွေတွေကို အစိုးရ အရာရှိတွေနဲ့ လွှတ်တော် အမတ်တွေက ကိုယ်ကျိုးရှာ အမြတ်ထုတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး လူထုက မကျေနပ်လို့ ဖြစ်ပါတယ်။
ဖိလစ်ပိုင် အစိုးရက ရေကြီးမှု ထိန်းချုပ်ရေး ပရောဂျက်တွေထဲကနေ အဂတိ လိုက်စားမှုတွေကြောင့် နိုင်ငံစီးပွားရေးဟာ ပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း ဒေါ်လာ ၂ ဘီလီယံလောက် နစ်နာ ဆုံးရှုံးမှုတွေ ကြုံခဲ့ရတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ Greenpeace အဖွဲ့ရဲ့ ခန့်မှန်းမှုကတော့ အဲဒီထက် ပိုဆိုးပြီး ၂၀၂၃ တစ်နှစ်တည်းမှာတင် ဖိလစ်ပိုင်မှာ ရာသီဥတုဒဏ် တားဆီးကာကွယ်ရေး ပရောဂျက်တွေထဲကနေ ဒေါ်လာ ၁၇.၅ ဘီလီယံလောက်ထိ အမြတ်ထုတ် ခံခဲ့ရနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဇူလိုင်လတုန်းက ဖိလစ်ပိုင်မှာ မိုးသည်းထန်မှုတွေကြောင့် နိုင်ငံအနှံ့ ရေကြီးမှုတွေ ဖြစ်ပေါ်လာပြီး မြို့တွေ၊ ရွာတွေ ရေဖုံးခဲ့သလို ဒေါ်လာ သန်းနဲ့ချီ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာတဲ့နောက် အဂတိကိစ္စ စွပ်စွဲချက်တွေ စတင် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဟာ ပျမ်းမျှ တစ်နှစ်ကို ဆိုင်ကလုန်း မုန်တိုင်းပေါင်း ၂၀ ဝန်းကျင် ပုံမှန် တိုက်ခိုက်တာကို ကြုံရလေ့ရှိပြီး ကမ္ဘာပေါ်မှာ ရာသီဥတုဒဏ်ကို ထိခိုက်ခံစားရနိုင်ခြေ အမြင့်ဆုံး နိုင်ငံတွေထဲက တစ်ခုလို့ သတ်မှတ် ခံထားရပါတယ်။

Public Service Announcement
ဆန္ဒပြပွဲတွေမှာတော့ မနီလာမြို့နားမှာ ချီတက်လာတဲ့ ပြည်သူတွေနဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေကြား ကိုယ်ထိလက်ရောက် ပဋိပက္ခတချို့ ဖြစ်ပွားပြီး နှစ်ဖက်စလုံးမှာ ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ အာဏာပိုင်တွေက ဆန္ဒပြသူတွေဆီက မင်းမဲ့စရိုက်ဆန်တဲ့ လုပ်ရပ်တွေကို သည်းခံမှာ မဟုတ်ဘူးလို့ သတိပေးခဲ့ပါတယ်။
ဆန္ဒပြသူတွေကလည်း သူတို့ရဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံရဲ့ ဒီမိုကရေစီကို တည်ငြိမ်မှု ပျက်ပြားစေဖို့ မဟုတ်ဘဲ အဂတိကင်းစင်ပြီး ပိုမိုခိုင်မာ အားကောင်းလာအောင် ရည်ရွယ်ဖို့သာ ဖြစ်တယ်လို့ ပြောပါတယ်။ ဆန္ဒပြ ချီတက်ပွဲမှာ နေရာအများစုက အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးခဲ့ပေမယ့် ရဲတွေကတော့ အသက်မပြည့်သေးသူ ၂၀ ဝန်းကျင် အပါအဝင် လူပေါင်း ၇၂ ဦးကို ယာယီ ထိန်းသိမ်းခဲ့ပါတယ်။
မနီလာမှာတော့ အရှုပ်အထွေးတချို့ကြောင့် ရဲ ၃၉ ဦး ဒဏ်ရာရခဲ့ပြီး လမ်းအတားအဆီးအဖြစ် ချထားတဲ့ နောက်တွဲယာဉ်တစ်စီး မီးရှို့ခံခဲ့ရတယ်လို့ ရဲတွေက ကြေညာခဲ့ပါတယ်။ မနက်ပိုင်းတုန်းက မနီလာမြို့လယ် ရင်ပြင်တစ်ခုမှာ စုဝေးတဲ့ ချီတက်ပွဲမှာတော့ လူပေါင်း ၅၀၀၀၀ လောက် စုပေါင်းပါဝင် တက်ရောက်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ မားကို့စ်က ပြည်သူတွေ လမ်းပေါ်ထွက်လာတဲ့ ကိစ္စကို အပြစ်တင်လို့ ရမှာလားလို့ သတင်းထောက်တွေကို မေးခဲ့ပါတယ်။ သူသာ သမ္မတ ဖြစ်မနေရင် သူလည်း အဲဒီလူတွေနဲ့အတူ လမ်းပေါ်ထွက် ဆန္ဒပြနေမိလိမ့်မယ်လို့ မားကို့စ်က ဆိုပါတယ်။ လူတွေ စိတ်ဆိုးကြ၊ ဒေါသထွက်နေကြတာ မဆန်းကြောင်း၊ သူလည်း ဒေါသထွက်နေကြောင်း၊ ဖြစ်ပျက်နေခဲ့တာတွေက မမှန်ကန်တာကြောင့် လူတိုင်း ဒေါသထွက်သင့်ကြောင်းလည်း သမ္မတက ဆက်ပြောပါတယ်။
မားကို့စ်က နိုင်ငံရဲ့ ရေကြီးမှု ထိန်းချုပ်ရေး အစီအမံတွေထဲမှာ အဂတိ ကိစ္စတွေ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ် ဆိုတာကို ဇွန်လကုန်တုန်းက သူ့ရဲ့ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုမှု နှစ်ပတ်လည်နေ့ မိန့်ခွန်းမှာ ထုတ်ဖော် ကြေညာခဲ့ပါတယ်။ နောက်တော့ သူက အဲဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ ကော်မရှင် တစ်ခုကို ဖွဲ့စည်းစေခဲ့ပါတယ်။
အထက်လွှတ်တော်ရဲ့ သီးခြားကြားနာမှု အစီအစဉ် တစ်ခုမှာတော့ ဆောက်လုပ်ရေး ကုမ္ပဏီ တစ်ခုက ဖိလစ်ပိုင် လွှတ်တော်အမတ် ၃၀ လောက်ဟာ ရာသီဥတုဒဏ် တားဆီးရေးဆိုင်ရာ အဆောက်အအုံတွေ တည်ဆောက်မယ့် ရန်ပုံငွေတွေကို သိမ်းဆည်း ယူငင်သွားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အဲဒီ ထွက်ဆိုချက်ဟာ ဖိလစ်ပိုင်မှာ အကြီးအကျယ် ဂယက်ထစေခဲ့ပါတယ်။
မားကို့စ်ကတော့ အခု အရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင် စုံစမ်းစစ်ဆေးပြီး ဘယ်နတ်နေကိုင်းမျိုးကိုမှ မချန်ဘဲ ထိထိရောက်ရောက် ရှင်းလင်း အရေးယူမယ်လို့ ကတိပေးထားပါတယ်။ ဖိလစ်ပိုင် အထက်လွှတ်တော် ဥက္ကဋ္ဌ ဖရန်ဆစ် အက်စ်ကူဒီရိုနဲ့ မားကို့စ်ရဲ့ ဝမ်းကွဲညီအစ်ကို တော်စပ်သူ အောက်လွှတ်တော် ဥက္ကဋ္ဌ မာတင် ရိုမူလ်ဒက်ဇ်တို့ဟာလည်း အဲဒီ အရှုပ်အထွေးတွေနဲ့ ပတ်သက်ပြီး အသီးသီး နုတ်ထွက်ခဲ့ကြပြီး ဖြစ်ပါတယ်။
ပြည်သူတွေ ချီတက် ဆန္ဒပြကြတဲ့ စက်တင်ဘာ ၂၁ ရက်နေ့ဟာ ဖိလစ်ပိုင် နိုင်ငံရေး နယ်ပယ်မှာတော့ သမိုင်းဝင် နှစ်ပတ်လည် တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ၁၉၇၂ ခုနှစ်၊ စက်တင်ဘာ ၂၁ ရက်နေ့တုန်းက လက်ရှိ သမ္မတရဲ့ ဖခင် အာဏာရှင် သမ္မတ ဖာဒီနန် မားကို့စ်ဟာ ဖိလစ်ပိုင်မှာ စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း သူဟာ နိုင်ငံကို ၁၄ နှစ်ကြာအောင် ထပ်ပြီး ကြီးစိုး အုပ်ချုပ်ခဲ့သလို အနည်းဆုံး ဒေါ်လာ ၁၀ ဘီလီယံလောက်ကို ကိုယ်ကျိုးရှာ အမြတ်ထုတ်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။
ကိုးကား: Guardian

















































