close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါလက်စတိုင်း နိုင်ငံဆိုတာ ရှိမလာစေရဘူးလို့ အစ္စရေး ဝန်ကြီးချုပ်ပြော

ပါလက်စတိုင်း နိုင်ငံဆိုတာ ဘယ်တော့မှ ရှိမလာစေရဘူးလို့ အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။

စက်တင်ဘာ – ၂၂ ၊၂၀၂၅

ပါလက်စတိုင်း နိုင်ငံဆိုတာ ဘယ်တော့မှ ရှိမလာစေရဘူးလို့ အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။

ဗြိတိန်၊ ကနေဒါ၊ ဩစတြေးလျနဲ့ ပေါ်တူဂီ ၄ နိုင်ငံက ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အနေနဲ့ အသိအမှတ် ပြုသွားမယ်လို့ စက်တင်ဘာ ၂၁ ရက်နေ့မှာ ကြေညာခဲ့တဲ့အပေါ် ဘင်ဂျမင် နေတန်ညာဟုက အဲဒီလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်း နှစ်နိုင်ငံ ယှဉ်တွဲနေထိုင်နိုင်မှ၊ တစ်နည်းအားဖြင့် ပါလက်စတိုင်းနိုင်ငံ ထူထောင်နိုင်မှ အရှေ့အလယ်ပိုင်းမှာ အဓွန့်ရှည်ကြာတဲ့ ငြိမ်းချမ်းရေးမျိုး ရရှိနိုင်မယ်ဆိုတဲ့ သဘောတရားကို လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦးအဖြစ် လူသိများတဲ့ နေတန်ညာဟုက အစဉ်တစိုက် ဆန့်ကျင် ငြင်းဆန်ခဲ့သူ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၂၁ ရက်နေ့မှာတော့ နေတန်ညာဟုက ပါလက်စတိုင်း နိုင်ငံဆိုတာ လုံးဝ ရှိမလာစေရဘူးဆိုတဲ့ သူ့ရဲ့ သံန္နိဋ္ဌာန်ကို အခိုင်အမာ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေး ပိုင်နက်ထဲ နယ်ကျော် တိုက်ခိုက်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်သွားတဲ့ ပါလက်စတိုင်းတွေကို နိုင်ငံအဖြစ် အသိအမှတ် ပြုလိုက်ခြင်းဟာ အကြမ်းဖက်မှုကို အကြီးအကျယ် ဆုချလိုက်တဲ့ အဓိပ္ပါယ်သာ ဖြစ်တယ်လို့ နေတန်ညာဟုက ပြောပါတယ်။

ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုချင်နေတဲ့ နိုင်ငံခေါင်းဆောင် အသီးသီးဆီကိုလည်း အစ္စရေးရဲ့ အဲဒီ သဘောထား အမြင်ကို ရှင်းရှင်းလင်းလင်း အသိပေးထားပြီး ဖြစ်တယ်လို့ နေတန်ညာဟုက ဆိုပါတယ်။

သူဟာ မဟာမိတ် အမေရိကန် နိုင်ငံကို သွားရောက်ပြီး အဲဒီကနေ ပြန်လာတဲ့ အချိန်ကျရင်တော့ အစ္စရေးရဲ့ နှလုံးသည်းပွတ် နယ်မြေထဲမှာ အကြမ်းဖက် နိုင်ငံတစ်ခု ပေါ်ထွန်းလာအောင် ဝိုင်းတွန်းနေတဲ့ နောက်ဆုံး အားထုတ်မှုတွေနဲ့ ပတ်သက်လို့ သင့်တော်တဲ့ တုံ့ပြန်မှု တစ်ခုခု ပြုလုပ်နိုင်မှာဖြစ်ကြောင်း၊ အဲဒါကို စောင့်ကြည့်စေချင်ကြောင်း သူ့ရဲ့ သဘောထား ကြေညာချက်ထဲမှာ နေတန်ညာဟုက ထည့်သွင်းထားခဲ့ပါတယ်။ ဂျော်ဒန်မြစ် အနောက်ဖက်ခြမ်းမှာ ပါလက်စတိုင်းနိုင်ငံတစ်ခု ပေါ်ထွန်းမလာစေရဘူး ဆိုတာဟာ ပါလက်စတိုင်းကို အသိအမှတ်ပြုတဲ့ နိုင်ငံတွေကို သူပေးချင်တဲ့ နောက်ထပ် သတင်းစကား ဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ်က ပြောပါတယ်။

နေတန်ညာဟုဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ပြီး မိန့်ခွန်းလည်း ပြောမှာပါ။ အဲဒီနောက်မှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

အစ္စရေး သမ္မတ အိုင်ဆက်စ် ဟားဇော့ဂ်ကလည်း ဗြိတိန်နဲ့ တခြားနိုင်ငံတွေရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ခဲ့ပြီး အစ္စရေးရော၊ ပါလက်စတိုင်းရော၊ ဘယ်သူတစ်ဦးတစ်ယောက် အတွက်မှပါ အကူအညီ ဖြစ်စေမယ့် ရွေးချယ်မှု မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသူတွေ အတွက်တော့ ဒါဟာ ဝမ်းနည်းစရာ နေ့တစ်နေ့လို့ ဟားဇော့ဂ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။

အစ္စရေးက ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် လုံးဝ အသိအမှတ်ပြု ရပ်တည်ခွင့် မပေးတဲ့တိုင်အောင် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေထဲက သုံးပုံနှစ်ပုံကျော်၊ အရေအတွက်အားဖြင့် ၁၄၀ ကျော်လောက်ဟာ ပါလက်စတိုင်းကို နိုင်ငံတစ်ခုအဖြစ် တရားဝင် လက်ခံထား၊ ဒါမှမဟုတ် နိုင်ငံအဖြစ် သဘောထား ဆက်ဆံနေကြပါတယ်။

ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအနေနဲ့ အသိအမှတ်ပြုကြောင်း ဗြိတိန်ရဲ့ ကြေညာချက်မှာတော့ ဝန်ကြီးချုပ် ဆာ ကီရာ စတာမာက အဲဒီရပ်တည်မှုဟာ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကို အသိအမှတ်ပြုခြင်း လုံးဝမဟုတ်ကြောင်း တိတိကျကျ ရှင်းလင်းသွားခဲ့ပါတယ်။

အစ္စရေး ပိုင်နက်ကို ကျူးကျော်တိုက်ခိုက်ပြီး ဂါဇာစစ်ပွဲကို စတင်စေခဲ့တဲ့ ဟားမားစ်ကို အကြမ်းဖက် အဖွဲ့အစည်းအနေနဲ့ ဗြိတိန်က ဆက်လက် သတ်မှတ်ထားကြောင်းနဲ့ ပါလက်စတိုင်းရဲ့ အနာဂတ်မှာ ဟားမားစ်ရဲ့ အခန်းကဏ္ဍ လုံးဝ ပါဝင်ခွင့် ရစေမှာ မဟုတ်ကြောင်း စတာာက ဆိုပါတယ်။

တခြား ဥရောပ အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ပြင်သစ်ကလည်း ပါလက်စတိုင်းကို နိုင်ငံတစ်ခု အနေနဲ့ အသိအမှတ်ပြုပြီး ဟားမားစ်ကိုတော့ ခြွင်းချက်မရှိ ဆန့်ကျင်ရပ်တည်မယ်ဆိုတဲ့ သဘောထားကို ဇူလိုင်လ ကတည်းက ကြေညာထားပြီး ဖြစ်ပါတယ်။

ကိုးကား – CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဗြိတိန်၊ ဩစတြေးလျနဲ့ ကနေဒါ အစိုးရတွေဟာ ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုကြောင်း တစ်နေ့တည်းမှာတင် ကြေညာခဲ့ကြပါတယ်။

နိုင်ငံတကာ

မေလနှောင်းပိုင်းကစလို့ ၃ လနီးပါး ကာလအတွင်း ဂါဇာကမ်းမြှောင် ဒေသမှာ ရိက္ခာဝေငှတာကို စောင့်ဆိုင်းနေသူ ၁၇၆၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသထဲက စိတ်မချမ်းသာစရာ အခြေအနေတွေ အပြောင်းအလဲ ရှိမလာရင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုရလိမ့်မယ်လို့ အစ္စရေးကို ဗြိတိန် ဝန်ကြီးချုပ်က သတိပေးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အငတ်ဘေးက တကယ်ပဲ ကြုံတွေ့နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

Facebook