close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးကို ICCက တရားဝင် စွဲချက်တင်

ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ တရားဝင် စွဲချက်တင်ထားပြီး ဖြစ်ပါတယ်။

ဓာတ်ပုံ - Reuters/File

ဖမ်းဆီးထိန်းသိမ်း ခံထားရသူ ဖိလစ်ပိုင် သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ တရားဝင် စွဲချက်တင်ထားပြီး ဖြစ်ပါတယ်။

အသက် ၈၀ အရွယ် ဒူတာတေးဟာ သမ္မတအဖြစ် သူတာဝန်ယူနေခဲ့တဲ့ ကာလတွေအတွင်း ဖိလစ်ပိုင်ရဲ့ မူးယစ်မှောင်ခို ဂိုဏ်းတွေကို နှိမ်နင်းရာမှာ အလွန်အကျွံ အင်အားသုံးပြီး ရက်ရက်စက်စက် ကျူးလွန်တာတွေကို ရည်ရွယ်ချက်ရှိရှိ ခွင့်ပြုခဲ့တယ်လို့ စွပ်စွဲ ခံထားရသူပါ။ အဲဒီ ကာလတွေအတွင်း ဖိလစ်ပိုင် အနှံ့မှာ မူးယစ်ဆေး မှောင်ခို ရောင်းဝယ်သူတွေ၊ သုံးစွဲသူတွေအပြင် မှားယွင်း စွပ်စွဲခံရတာလိုမျိုး ဖြစ်စဉ်တွေကြောင့်ပါ လူတွေ ထောင်နဲ့ချီပြီး အသတ်ခံခဲ့ရပါတယ်။ ဖြစ်စဉ် အများစုမှာ တိတိကျကျ တရားစီရင် စစ်ဆေးတာမျိုးလည်း မရှိခဲ့ပါဘူး။

ICCရဲ့ စွဲချက်တွေဟာ ဇူလိုင်လ ကတည်းက တင်ထားပြီးသား ဖြစ်ပေမယ့် စက်တင်ဘာ ၂၂ ရက်နေ့မှ တရားဝင် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ICCရဲ့ လက်ထောက် ဆွဲချရှေ့နေ တစ်ဦးဖြစ်တဲ့ မိမ်းမန်ဒီရာယီ နီယန်က ဒူတာတေးဟာ အဲဒီ သတ်ဖြတ်မှုတွေမှာ သွယ်ဝိုက် ပါဝင်ကျူးလွန်သူ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ စွဲချက်ထဲမှာတော့ သတ်ဖြတ်မှုတွေကို အဓိက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သူတွေဟာ ရဲတွေနဲ့ ဒူတာတေးရဲ့ လက်မရွံ့တွေ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ပြီးတော့ ၂၀၁၃ ကနေ ၂၀၁၆ ခုနှစ်ထိ အတောအတွင်း ဒူတာတေးက ဒါဗာအို မြို့တော်ဝန်အဖြစ် တာဝန်ယူနေချိန် အတောအတွင်းမှာလည်း မြို့ထဲက လူ ၁၉ ဦး အသတ်ခံရမှုမှာ ပါဝင် ပတ်သက်ခဲ့တယ်လို့ ထည့်သွင်း စွပ်စွဲထားပါတယ်။ ကျန်တဲ့ အဓိက စွဲချက်နှစ်ခုကတော့ ၂၀၁၆ ကနေ ၂၀၂၂ ခုနှစ် အတောအတွင်း သမ္မတအဖြစ် ဒူတာတေး တာဝန်ယူရင်း မူးယစ်ဆေးဝါး တိုက်ဖျက်မှု စစ်ပွဲလို့ ကြွေးကြော်ပြီး အကောင်အထည် ဖော်ခဲ့တဲ့ အလွန်အကျွံ အင်အားသုံး ဖြိုခွင်း အရေးယူမှုတွေနဲ့ တိုက်ရိုက် ဆက်နွှယ်နေပါတယ်။

Public Service Announcement

Public Service Announcement

ဒုတိယ စွဲချက်ဟာ အရေးပါတဲ့ ပစ်မှတ် ၁၄ ခုလို့ သတ်မှတ်ထားသူတွေကို နိုင်ငံအနှံ့ ရှင်းလင်းခဲ့တဲ့ မစ်ရှင်တွေ၊ တတိယ စွဲချက်ကတော့ ကျေးရွာအဆင့် ရှင်းလင်းမှု စစ်ဆင်ရေးတွေမှာ လူ ၄၅ ဦးလောက်ကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေနဲ့ အကျုံးဝင်နေပါတယ်။

ဒူတာတေးနဲ့ ကြံရာပါတွေဟာ မူးယစ်ဆေး ရောင်းဝယ်သူ၊ ပိုင်ဆိုင်သူ၊ သုံးစွဲသူတွေကို ရာဇဝတ်သားတွေအဖြစ် တံဆိပ်ကပ်ပြီး ဖြိုခွင်း ရှင်းလင်းခဲ့ရာမှာ လူသတ်မှု အပါအဝင် ရာဇဝတ်မှု လုပ်ရပ်တွေကို ကျူးလွန်ခဲ့တယ်လို့ စွဲချက်မှာ ဖော်ပြထားပါတယ်။

ဒူတာတေးကတော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ ဘယ်တုန်းကမှ မတောင်းပန်ခဲ့ပါဘူး။ လူပေါင်း ၆၀၀၀ ကျော်ကို သတ်ဖြတ်ပစ်ခဲ့တဲ့ အဲဒီ စစ်ဆင်ရေးတွေဟာ နိုင်ငံအတွက် အမှန်တကယ် လိုအပ်လို့ လုပ်ခဲ့တာ ဖြစ်တယ်လို့ သူက ပြောထားဖူးပါတယ်။ တချို့ လေ့လာ စောင့်ကြည့်သူတွေကတော့ ဒူတာတေးရဲ့ မူးယစ်ဆေးဝါး ဖြိုခွင်းမှု စစ်ဆင်ရေး ကာလအတွင်း အမှန်တကယ် သေဆုံးခဲ့သူက သောင်းဂဏန်းတွေထိ များပြားနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

ဒူတာတေးက မူးယစ်ဂိုဏ်းတွေကို သူက ပြတ်ပြတ်သားသား ကိုင်တွယ် ရှင်းလင်းခဲ့လို့လည်း နိုင်ငံရဲ့ လမ်းပေါ် ဒုစရိုက်မှုတွေ ပျောက်ကွယ်သွားတာ ဖြစ်တယ်လို့ ပြောပါတယ်။ အခုတော့ သူဟာ အကျိုးဆက်တွေကို ကိုင်တွယ်ပြီး ICCမှာ တရားရင်ဆိုင်ရတော့မှာပါ။

သူဟာ မတ်လကတည်းက နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ICCရဲ့ အကျဉ်းထောင် တစ်ခုမှာ ထိန်းသိမ်း ခံထားရတာ ဖြစ်ပါတယ်။ ဒူတာတေးဟာ ICCရဲ့ သမိုင်းမှာတော့ တရားဝင် စွဲချက်တင်ပြီး ရုံးတင်စစ်ဆေးမှုတွေ ခံရမယ့် ပထမဆုံး အာရှနိုင်ငံတစ်ခုရဲ့ ခေါင်းဆောင် အနေနဲ့ မှတ်တမ်းဝင်လာကြောင်းလည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စူပါ တိုင်ဖွန်းမုန်တိုင်းကြီး ချဉ်းကပ်လာမှုကြောင့် ဖိလစ်ပိုင်မှာ လူပေါင်း သောင်းဂဏန်းလောက် အရေးပေါ် ကြိုတင် ပြောင်းရွှေ့ထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

သမ္မတဖြစ်မနေရင် သူလည်း လမ်းပေါ်ထွက် ဆန္ဒပြမှာလို့ပြော

နိုင်ငံတကာ

အမေရိကန်ဆီက တိုက်လေယာဉ်တွေ ဝယ်ယူမယ့် အစီအစဉ်ဟာ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ဆိုင်းငံ့ထားရဖွယ် ရှိတယ်လို့ ဖိလစ်ပိုင်က အတည်ပြု ဝန်ခံခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ် ပဋိပက္ခကို အကြောင်းပြုပြီး ကမ္ဘောဒီးယား ခေါင်းဆောင်တွေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)မှာ တရားစွဲဆိုမယ့် အစီအစဉ်ကို ထိုင်းယာယီ ဝန်ကြီးချုပ်က ထောက်ခံသွားခဲ့ပါတယ်။

Facebook