စက်တင်ဘာ-၂၃၊ ၂၀၂၅။မိုမို/People’s Spring
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ကြံသာကျေးရွာကနေ တော်လှန်ရေးတပ်တွေ ဆုတ်ခွာလိုက်ရတယ်လို့ ဒေသခံနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။
အခု စက်တင်ဘာ၂၀ ရက်က စစ်ကောင်စီတပ် ထိုးစစ်ကြောင့် တော်လှန်ရေးအင်အားစုတွေဟာ ငါးလကျော်ကြာ ထိန်းချုပ်ခဲ့တဲ့ ကြံသာကျေးရွာကနေ ဆုတ်ခွာခဲ့ရတာလို့ ဆိုပါတယ်။
စစ်တပ်ကစစ်သားသစ်တွေကို ရှေ့ကတက်ခိုင်းပြီးထိုးစစ်ဆင်ခဲ့တာကြောင့် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့တယ်လို့ တော်လှန်ရေးရေဘော်အချို့ကပြောပါတယ် ။ မနက်အစော ၅ နာရီ ကျော် ၆ နာရီမှစ၍ နေ့ခင်းပိုင်းအထိ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က အင်အားအများအပြားသုံးထိုးစစ်ဆင်လာသဖြင့် တော်လှန်ရေးတပ်များဆုတ်ခွာပေးခဲ့ရတာဖြစ်တယ်လို့ ရဲဘော်အချို့ကပြောပါတယ် ။

Public Service Announcement
စက်တင်ဘာ ၂၀ ရက်မတိုင်မီအထိ ကြံသာရွာပြန်လည်ရရှိဖို့ စစ်ကောင်စီတပ်က ထိုးစစ် ၁၀ ကြိမ်ထက်မနည်းလုပ်ခဲ့ပြီး တော်လှန်ရေးရဲဘော်တွေ ခုခံခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က ကြံသာရွာမှာပြန်တပ်စွဲနိုင် တယ်ဆိုတာမှာ မှန်ကန်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက အတည်ပြုပါတယ်။
“ ကြံသာကနေတော့ ဆက်မတိုးသေးဘူး။မှန်တော၊ တင်သား ၊ရှားဖိုဘက်မဝင်နိုင်အောင် ကာနေတယ်” လို့ စစ်ကောင်စီတပ် ထိုးစစ်နဲ့ပတ်သက်ပြီး ကဘော်အထူးဒရုန်းတပ်ဖွဲ့ တာဝန်ခံက ပြောပါတယ်။
ကလေးမြို့နယ် ကြံသာကျေးရွာဟာ မကွေးတိုင်း ဂန့်ဂေါ မြို့နယ်အထက်ပိုင်း ပျူစောထီး၊ပြည်သူ့စစ်တွေအားကောင်းရာ ဟံသာဝတီရွာ အနီးမှာရှိပါတယ်။ဟံသာဝတီရွာကနေတဆင့် စစ်ကောင်စီတပ်က အခြေပြုပြီး ထိုးစစ်ဆင်ခဲ့တာဖြစ်ပါတယ်။
“ ဟံသာဝတီမှာက ပျူစောထီးရော ပေါ်တာ(အဓမ္မစစ်မှုထမ်း)တွေ အပါအဝင်ဆို အင်အား ၃၀၀လောက်ရှိတယ်။စက်တပ်လေထီးတချို့ပါ အားဖြည့်ထားတယ်” လို့ ကလေးမြို့နယ်ကာကွယ်ရေးရဲဘော် တဦးက ပြောပါတယ်။
ဖေဖော်ဝါရီ ဒုတိယပတ်က ကလေးနဲ့ ဂန့်ဂေါလမ်းပိုင်းက စစ်ကောင်စီတပ်အခြေစိုက်စခန်းတွေ ဖြစ်တဲ့ ကမ်းပါးနီစခန်း၊ မှန်တောနဲ့ အောင်သာယာ (အရှေ့၊ အနောက်)တို့ကို CDF KKG ပူးပေါင်းတပ်တွေက Major Operation အဖြစ် စစ်ဆင်ရေးပြုလုပ်သိမ်းပိုက်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၅ ဧပြီ ၁၁ ရက်မှာ ပျူစောထီးစိုးမိုးတဲ့ ကြံသာကျေးရွာကို တော်လှန်အင်အားစုတွေပူးပေါင်းပြီး အပြီးသတ် သိမ်းပိုက်ခဲ့တယ်လို့ CDF KKGက ဆိုပါတယ်။
လက်ရှိ ကြံသာရွာကနေ ဆုတ်ခွာခဲ့ရမှုနဲ့ ပတ်သက်ပြီး CDF KKG တပ်ရင်း ပြောရေးဆိုခွင့်ရှိသူထံ လူထုနွေဦးက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တပတ်ကစလို့ စစ်ကောင်စီတပ်က ကလေးမြို့နယ်ကို အင်တာနက် အသုံးပြုခွင့်အလုံးစုံပိတ်ထားပြီး မြို့မြောက်ဘက်ခြမ်းမှာ စစ်ရေးတင်းမာမှုတွေရှိနေပါတယ်။
●အမှားပြင်ဆင်ချက်
ကနဦးသတင်းမှာ စစ်ရေးရင်းမြစ်တဦးပြောတာကို ကိုးကား ပြီး ကြံသာရွာကနေ တော်လှန်ရေးတပ်တွေက ကျည် ၁ ချက်မဖောက်ရပဲဆုတ်ခွာပေးခဲ့ရတယ်လို့မှားယွင်းဖော်ပြမိခဲ့ပါတယ်။သတင်းအမှန်မှာ နာရီပေါင်းများစွာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီးမှ ဆုတ်ခွာပေးခဲ့ရတာဖြစ်တယ်လို့ ပြင်ဆင်ဖတ်ချက်ပေးပါရန်။ အချက်အလက်မှားယွင်းဖော်ပြမှုအတွက် သက်ဆိုင်ရာအဖွဲ့တွေ နဲ့ စာဖတ်သူကိုတောင်းပန်းအပ်ပါတယ် ။
