ဗြိတိန်၊ ဩစတြေးလျနဲ့ ကနေဒါ အစိုးရတွေဟာ ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုအဖြစ် တရားဝင် အသိအမှတ်ပြုကြောင်း တစ်နေ့တည်းမှာတင် ကြေညာခဲ့ကြပါတယ်။
ပထမ ကမ္ဘာစစ်အတွင်းတုန်းက ဂျူးပြည်သူတွေကို ပါလက်စတိုင်း နယ်မြေထဲမှာ နိုင်ငံထူထောင် နေထိုင်ခွင့်ကို ဗြိတိန်က ထောက်ခံမှာဖြစ်ကြောင်း ဆုံးဖြတ်ခဲ့တဲ့ ဘဲလ်ဖော ကြေညာချက်အပြီး ၁၀၈ နှစ် အကြာမှာတော့ ဗြိတိန်ဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် လက်ခံတဲ့ သဘောထားကို တရားဝင် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ ကနေဒါနဲ့ ဩစတြေးလျ တို့ဟာလည်း ပါလက်စတိုင်းကို နိုင်ငံအဆင့် အသိအမှတ်ပြုမယ့် သဘောထားကို ဗြိတိန်နဲ့အတူ အသီးသီး အတည်ပြုခဲ့ကြပါတယ်။
ဗြိတိန် ဝန်ကြီးချုပ် ဆာ ကီရာ စတာမာက ပါလက်စတိုင်းနိုင်ငံ အသိအမှတ်ပြုမှု ဆုံးဖြတ်ချက်ကို စက်တင်ဘာ ၂၁ ရက်နေ့က ကြေညာခဲ့တာပါ။ အရှေ့အလယ်ပိုင်း ဒေသမှာ ဆိုးရွားတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပိုမို ကြီးထွားလာချိန်မှာ ဗြိတိန် အနေနဲ့ ငြိမ်းချမ်းရေး၊ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ယှဉ်တွဲရပ်တည်ရေး ဖြေရှင်းမှုတွေအတွက် အကိုက်ညီဆုံး ဖြစ်နိုင်မယ့် နည်းလမ်းအတိုင်း လုပ်ဆောင်ခြင်းလို့ စတာမာက ပြောကြားခဲ့ပါတယ်။
ဇူလိုင်လတုန်းက ဗြိတိန် အစိုးရဟာ ဂါဇာမှာ အစ္စရေးစစ်တပ်က အပစ်အခတ် မရပ်စဲဘူးဆိုရင် ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် ပြုဖို့ ရွေးချယ်ရလိမ့်မယ်လို့ သတိပေးခဲ့ဖူးပါတယ်။ ဗြိတိန်ရဲ့ မဟာမိတ် ပြင်သစ် အစိုးရကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုဖို့ ဆုံးဖြတ် ကြေညာပြီး ဖြစ်ပါတယ်။ အခုလိုမျိုး အနောက်ဥရောပ အင်အားကြီး နိုင်ငံတွေရဲ့ သဘောထား ပြောင်းလဲလာခြင်းဟာ အစ္စရေး အတွက်တော့ သံတမန်ရေးရာ ထိုးနှက်ချက်တွေလို့ ဆိုနိုင်ပါတယ်။ အစ္စရေးရဲ့ လက်ယာစွန်း အမျိုးသားရေးဝါဒီ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ ပါလက်စတိုင်း နိုင်ငံ ပေါ်ထွန်းလာရေး ဆိုတာကို တူးတူးခါးခါး ဆန့်ကျင်သူပါ။ သူက ပါလက်စတိုင်း နိုင်ငံဆိုတာ ဘယ်တော့မှ ရှိမလာစေရဘူးလို့လည်း ပြောပါတယ်။

Public Service Announcement
အစ္စရေးရဲ့ အမာခံ မဟာမိတ် အမေရိကန်ကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ် မပြုဖို့ မဟာမိတ် အနောက်နိုင်ငံတွေကို ဖိအားပေး တောင်းဆိုခဲ့ပေမယ့်လည်း ဂါဇာမှာ အစ္စရေးစစ်တပ်ရဲ့ လွန်ကဲတဲ့ အပြုအမူတွေက ပြင်သစ်နဲ့ ဗြိတိန်လို နိုင်ငံတွေရဲ့ သဘောထားကို ပြောင်းလဲလာစေခဲ့ပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့မှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာခဲ့ကြတဲ့ ဗြိတိန်၊ ကနေဒါနဲ့ ဩစတြေးလျတို့ဆိုတာ အစ္စရေးရဲ့ နှစ်ရှည်လများ မဟာမိတ်တွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ယှဉ်တွဲ ရပ်တည်ရေး ဖြေရှင်းချက်ကို အစ္စရေးက ကာလရှည်ကြာ မျက်ကွယ်ပြုနေခဲ့တဲ့အပေါ် အဲဒီနိုင်ငံတွေက အတိအလင်း ဝေဖန်လာကြပါတယ်။ အခုတော့ ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံအနေနဲ့ သဘောထား ဆက်ဆံဖို့ဆိုတဲ့ လမ်းကြောင်းကိုပါ အသီးသီး ရွေးချယ်ကုန်ကြတာ ဖြစ်ပါတယ်။
အဲဒီ သုံးနိုင်ငံရဲ့ သဘောထား ကြေညာချက် ထွက်ပေါ်အပြီး နောက်ထပ် နာရီပိုင်း အကြာမှာတော့ ပေါ်တူဂီ အစိုးရကလည်း ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုပြီး အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ပူးတွဲရပ်တည်ရေး ဖြေရှင်းမှုကသာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး အာမခံချက် ဖြစ်မယ်ဆိုတဲ့ အယူအဆကို ထောက်ခံမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြန်ပါတယ်။
လောလောဆယ်မှာတော့ အစ္စရေးဟာ ဂါဇာရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ဂါဇာစီးတီးကို အပြီးသတ် တိုက်ခိုက် သိမ်းယူဖို့ စစ်ဆင်ရေးတွေ လုပ်ဆောင်နေပါတယ်။
နယူးယောက်မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံ မတိုင်ခင်မှာ စတာမာဟာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ့် ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်ကို တရားဝင် ထုတ်ပြန်ခဲ့တာပါ။ အဲဒီ အစည်းအဝေးမှာ ဗြိတိန်၊ ပြင်သစ်၊ ဩစတြေးလျ၊ ကနေဒါတို့ အပါအဝင် နိုင်ငံတချို့ဟာ ပါလက်စတိုင်းရဲ့ အချုပ်အခြာ အာဏာပိုင် ရပ်တည်မှုကို နိုင်ငံတကာ အသိုက်အဝန်း ရှေ့မှောက်မှာ ကတိပြု ကြေညာကြဖွယ် ရှိပါတယ်။
စတာမာက ပါလက်စတိုင်းရဲ့ တရားဝင်မှုကို အသိအမှတ် ပြုတာဟာ ဟားမားစ် ပြောက်ကျားတွေကို ထောက်ခံတာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပါတယ်။ သူက ဗြိတိန် အစိုးရဟာ ဟားမားစ်တွေအပေါ် ပိတ်ဆို့ အရေးယူမှု အသစ်တွေကိုလည်း လာမယ့် သီတင်းပတ်တွေမှာ သတ်မှတ် ကြေညာသွားမယ်လို့ ပြောပါတယ်။ ဒါ့အပြင် ပါလက်စတိုင်းရဲ့ အနာဂတ်မှာ ဟားမားစ်ရဲ့ အခန်းကဏ္ဍ လုံးဝ ပါဝင်ပတ်သက်ခွင့် မရှိဘူးလို့ ဗြိတိန်က ခံယူထားကြောင်းလည်း သူက ဆိုပါတယ်။
သူက ဟားမားစ်ဟာ ပါလက်စတိုင်းကို ကိုယ်စားမပြုသလို အစ္စရေးကို ပျက်စီးရာ ပျက်စီးကြောင်း ကြံနေတဲ့ အကြမ်းဖက် အဖွဲ့အစည်း သက်သက်သာ ဖြစ်တယ်လို့လည်း ရှုတ်ချခဲ့ပါတယ်။ ဗြိတိန်က လိုလား ထောက်ခံတဲ့ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ ယှဉ်တွဲ ရပ်တည်ရေး ဖြေရှင်းမှု ဆိုတာက ဟားမားစ်ရဲ့ အမုန်းတရား အခြေပြု အတွေးအခေါ်နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့လည်း စတာမာက ပြောကြားသွားပါတယ်။
အစ္စရေးကတော့ ဗြိတိန် အပါအဝင် ပါလက်စတိုင်းကို အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခုလို့ သတ်မှတ်ထားတဲ့ နိုင်ငံ အားလုံးကို ဝေဖန်ခဲ့ပါတယ်။ အဲဒီ နိုင်ငံ အရေအတွက်ကလည်း ကုလသမဂ္ဂ စုစုပေါင်း အဖွဲ့ဝင် အရေအတွက်ရဲ့ လေးပုံသုံးပုံကျော်၊ တစ်နည်းအားဖြင့် ၁၄၀ ကျော်ထိ များပြားပါတယ်။ အစ္စရေးကတော့ အဲဒီနိုင်ငံတွေရဲ့ လုပ်ရပ်ဟာ အကြမ်းဖက်မှုကို ဆုချီးမြှင့်နေတာလို့ စွပ်စွဲထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဗြိတိန်ကို တရားဝင် အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ရာမှာ ပါလက်စတိုင်းကို နိုင်ငံအဖြစ် အသိအမှတ်ပြုမယ့် ဗြိတိန် အစိုးရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး သူနဲ့ စတာမာကြား သဘောထား ကွဲလွဲခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြောခဲ့ပါတယ်။
ကိုးကား: NBC

















































