လေပိုင်နက် ကျူးကျော် ဝင်ရောက်ခဲ့တဲ့ ဒရုန်းတွေကို ပစ်ချခဲ့ရတဲ့ အထိတ်တလန့် အခြေအနေမျိုး ကြုံခဲ့ရပေမယ့် ပိုလန်ဟာ စစ်ပွဲထဲ ဆွဲသွင်းခံရတော့မယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ကြောင်း ဝန်ကြီးချုပ် ဒေါ်နယ်လ် တက်စ်ခ်က ပြောကြားသွားပါတယ်။
စက်တင်ဘာ ၁၀ ရက်နေ့က အိမ်နီးချင်း ယူကရိန်း နိုင်ငံကို ရုရှားက ဒရုန်းတွေနဲ့ တိုက်ခိုက်ရင်း ပိုလန် လေပိုင်နက်ထဲကိုလည်း ရုရှား ဒရုန်းတွေ အတော်များများ ဝင်ရောက်ခဲ့ပါတယ်။ ပိုလန်ဟာ NATO စစ်မဟာမိတ် နိုင်ငံတစ်ခု ဖြစ်တာကြောင့် ပိုလန်လေတပ်ကသာ မကဘဲ NATOကပါ တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်စေပြီး ကျွံဝင်လာတဲ့ ဒရုန်းတွေကို ပစ်ချခဲ့ရပါတယ်။
ဒါဟာ ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲမှာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုက ပထမဆုံး ကိုယ်ထိလက်ရောက် ပစ်ရခတ်ရတဲ့ အခြေအနေလည်း ဖြစ်လာပါတယ်။ အဲဒီနောက်မှာတော့ ပိုလန် အစိုးရဟာ NATO အဖွဲ့ဝင် နိုင်ငံတွေဆီ အဖွဲ့ရဲ့ သဘောတူ စာချုပ်ပါ စာပိုဒ် ၄ ကို အသက်သွင်းပေးဖို့လည်း တောင်းဆိုခဲ့ပါတယ်။ စာပိုဒ် ၄ ဆိုတာဟာ အဖွဲ့ဝင် နိုင်ငံတစ်ခုခုက ခြိမ်းခြောက်ခံရတယ်ဆိုတဲ့ အခြေအနေ ကြုံလာရင် အဖွဲ့ဝင် အားလုံးကို စုစည်းပြီး ရှေ့ဆက် ဘာလုပ်ကြမလဲ ဆိုတာကို ဆွေးနွေးဖို့ဆိုတဲ့ ပြဋ္ဌာန်းချက်ပါ။
ဒါပေမဲ့ စာပိုဒ် ၄ ကို အသက်သွင်းရုံနဲ့ NATOရဲ့ နာမည်ကျော် စာပိုဒ် ၅ ပြဋ္ဌာန်းချက်တွေ ကျိန်းသေ အသက်ဝင်စေမယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ စာပိုဒ် ၅ ကတော့ အဖွဲ့ဝင် နိုင်ငံတစ်ခု တိုက်ခိုက်ခံရရင် NATO တစ်ဖွဲ့လုံး တိုက်ခိုက် ခံရတယ်လို့ သတ်မှတ်ပြီး ကျန်တဲ့နိုင်ငံတွေက ဝိုင်းဝန်း ကူညီကြရမှာ ဖြစ်ပါတယ်။ ဥပမာ ၂၀၀၁ ခုနှစ်တုန်းက အမေရိကန်ရဲ့ ကုန်သွယ်ရေးစင်တာ အမြွှာမျှော်စင် တိုက်ခိုက်ခံရတုန်းက NATOရဲ့ စာပိုဒ် ၅ အသက်ဝင်သွားခဲ့ဖူးပါတယ်။

Public Service Announcement
ရုရှားဒရုန်းတွေရဲ့ လေပိုင်နက် ကျူးကျော်မှုအပြီး ပိုလန်ဟာ စစ်ပွဲထဲ ဆွဲသွင်းခံရနိုင်တယ်ဆိုတဲ့ ထင်ကြေးတွေလည်း ထွက်ပေါ်လာပေမယ့် တက်စ်ခ်ကတော့ ပယ်ချသွားပါတယ်။ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ပိုလန်ဟာ စစ်ပွဲတစ်ခုနဲ့ အနီးကပ်ဆုံးထိ ဖြစ်သွားခဲ့တယ် ဆိုတာတော့ မှန်ကြောင်း၊ ဒါပေမဲ့လည်း အဲဒီအတွက် နိုင်ငံက စစ်ပွဲ နှုတ်ခမ်းဝ ရောက်နေပြီလို့ ယုံကြည်လက်ခံစရာတော့ မလိုကြောင်း သူက ဆိုပါတယ်။
ရုရှားဒရုန်းတွေ လေပိုင်နက် ကျူးကျော်လာတဲ့နောက် ပိုလန်ရဲ့ F-16တွေ၊ နယ်သာလန်ရဲ့ F-35တွေ၊ အီတလီရဲ့ AWACS လေကြောင်း ထောက်လှမ်းရေး လေယာဉ်တွေ၊ NATOရဲ့ ဝေဟင်ဆီဖြည့် လေယာဉ်တွေ ချက်ချင်း စုပေါင်းပြီး စစ်ဆင်ရေးအဆင့် တုံ့ပြန်ခဲ့ကြသလို ဒရုန်းတွေကို တက်ညီလက်ညီ ပစ်ချပြီး NATO လေပိုင်နက်ကို ကာကွယ်ခဲ့ကြပါတယ်။
ပစ်ချခံရတဲ့ ဒရုန်းတချို့ဟာ အရပ်သား နေအိမ်တွေပေါ် ကျရောက်တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။ ရုရှားကတော့ အဲဒီ ဒရုန်းတွေကို သူတို့လွှတ်တင်တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပြီး ဒရုန်းတွေရဲ့ မူလအစ လမ်းကြောင်းဟာ ယူကရိန်း ပိုင်နက်ထဲက ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ အခင်းဖြစ်တဲ့ အချိန်တုန်းကတော့ ရုရှားဟာ ယူကရိန်းကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့တယ် ဆိုတာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။
ကနဦး စစ်ဆေးမှုတွေ အရတော့ ပိုလန်မှာ ပစ်ချခံရတဲ့ ဒရုန်းတွေဟာ Gerbera အမျိုးအစားတွေဖြစ်ပြီး ဖော့၊ သုံးထပ်သားတို့လို ပေါ့ပါးတဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ပြီး ခရီးဝေး ပျံသန်းနိုင်တဲ့ စျေးပေါတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ အဲဒီ ဒရုန်းတွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းကို တရုတ် ကုမ္ပဏီ Skywalkerက ထောက်ပံ့ပြီး ရုရှားရဲ့ ကြီးမားတဲ့ Yelabuga စက်ရုံမှာ တည်ဆောက်တာ ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ရုရှားဟာ ပိုလန်လေပိုင်နက်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်တာကို သိရှိထားတဲ့အကြောင်း လူမှုကွန်ရက်မှာ ရေးသားခဲ့ပေမယ့် တိကျတဲ့ သဘောထား တစ်ခုခုတော့ မပေးခဲ့ပါဘူး။ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီနဲ့ ကနေဒါတို့ကတော့ ရုရှားရဲ့ လုပ်ရပ်ကို ရှုတ်ချထားပါတယ်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ပိုလန်ကို ရုရှားဒရုန်းတွေ အများအပြား ဝင်ရောက်ခဲ့တယ် ဆိုတာဟာ ရည်ရွယ်ချက်ရှိရှိ တမင်လုပ်တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ ဒီဖြစ်ရပ်က ဥရောပ တစ်တိုက်လုံးစာ ခြုံငုံနိုင်မယ့် လေကြောင်း ကာကွယ်ရေး ဒိုင်းစနစ်တစ်ခု လိုအပ်နေပြီ ဆိုတာကို ညွှန်ပြနေကြောင်း သူက ပြောပါတယ်။
ပိုလန်လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ဒရုန်းတွေဟာ ပစ်မှတ်တစ်ခုခုကို ဦးတည် တိုက်ခိုက်ဖို့ ရည်ရွယ်ထားတယ် ဆိုတာမျိုးတော့ လောလောဆယ် အထောက်အထား မတွေ့ရသေးပါဘူး။ အဲဒီဒရုန်းတွေ နယ်ကျော်ပြီး ဘာလာလုပ်ခဲ့သလဲ ဆိုတာနဲ့ ပတ်သက်လို့ ပိုလန်ရော၊ NATOကပါ ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ဒါပေမဲ့ ဒရုန်းတွေရဲ့ ပျံသန်းမှု လမ်းကြောင်းဟာ ပိုလန်ရဲ့ ဇက်စ်ဇောလေဆိပ်ဆီ ဦးတည်နေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အဲဒီလေဆိပ်ဟာ NATOက ယူကရိန်းနိုင်ငံအတွက် စစ်လက်နက်တွေကို ပိုလန်ကနေတဆင့် ထောက်ပံ့ ပေးပို့ရာမှာ အဓိကကျတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။
ရုရှားဒရုန်းတွေကို တိုက်လေယာဉ်တွေက ပစ်ချနေတဲ့ စစ်ဆင်ရေး အတောအတွင်း ပိုလန် စစ်တပ်ဟာ နိုင်ငံအရှေ့ပိုင်း ပြည်နယ် ၃ ခုထဲက ဒေသခံတွေကို တတ်နိုင်သမျှ အိမ်ထဲမှာ နေကြဖို့ ဆော်ဩ တိုက်တွန်းခဲ့ပြီး လေဆိပ်တချို့ကိုလည်း ပိတ်ထားခဲ့ရကြောင်း သိရပါတယ်။
ကိုးကား: Reuters

















































