အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မဟာမိတ် တစ်ဦးလည်းဖြစ်တဲ့ ကွန်ဆာဗေးတစ်ဝါဒီ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ချာလီကာ့ခ်ဟာ လူအများရှေ့မှောက် အခမ်းအနား တစ်ခုမှာ လုပ်ကြံပစ်ခတ် ခံရပြီး သေဆုံးခဲ့ပါတယ်။
ယူတား ကောလိပ်မှာ ကောလိပ်ကျောင်းသူကျောင်းသားတွေနဲ့ တွေ့ဆုံနေတဲ့ အခမ်းအနား တစ်ခုအတွင်း စက်တင်ဘာ ၁၀ ရက်နေ့တုန်းက ကာ့ခ်ကို သေနတ်သမား တစ်ဦးက ပစ်ခတ်ခဲ့တာပါ။ စက်တင်ဘာ ၁၀ ရက်နေ့တုန်းက အထပ်မြင့် တိုက်တစ်ခုရဲ့ အမိုးပေါ်ကနေ စနိုက်ပါ ရိုင်ဖယ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ယုံကြည်ရတဲ့ သေနတ်သမားကို ရဲတွေက လိုက်လံ ရှာဖွေနေဆဲ ဖြစ်ပါတယ်။
သေနတ်သံ တစ်ချက် ကြားလိုက်ရတဲ့နောက် ကွင်းပြင်ထဲမှာ စုဝေးနေတဲ့ ကျောင်းသူကျောင်းသားတွေ ထိတ်လန့်တကြား ထွက်ပြေးကုန်တာကို ဗီဒီယို မှတ်တမ်းတွေမှာ တွေ့ခဲ့ရပါတယ်။ အသက် ၃၁ နှစ်အရွယ် ကာ့ခ်ဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက လူငယ်လူရွယ် ကျောင်းသူကျောင်းသားတွေ ထရမ့်ကို ထောက်ခံ မဲပေးလာအောင် စည်းရုံးရေး ဆင်းရာမှာ အောင်မြင်အောင် အဓိက ဦးဆောင်ခဲ့သူလို့ သတ်မှတ် ခံထားရပါတယ်။
ယူတားပြည်နယ် အုပ်ချုပ်ရေးမှူး စပန်ဆာ ကော့စ်က သူ့ပြည်နယ် အတွက်ရော၊ နိုင်ငံအတွက်ပါ အမှောင်ဖုံးခဲ့တဲ့ တစ်နေ့လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ နိုင်ငံရေး လုပ်ကြံမှု တစ်ခုဆိုတာ သံသယရှိဖို့ မလိုကြောင်း သူက ဆိုပါတယ်။

Public Service Announcement
ပစ်ခတ်မှု ဖြစ်ပြီးပြီးချင်း အဲဒီနေရာမှာ ရဲတွေက လူနှစ်ဦးကို ထိန်းသိမ်းခဲ့ပေမယ့် ဖြစ်စဉ်နဲ့ ဘာပတ်သက်မှုမှ မရှိနိုင်ကြောင်း စစ်ဆေးတွေ့ရှိတဲ့အတွက် ပြန်လွှတ်ပေးခဲ့ပါတယ်။ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းထိတော့ သံသယရှိသူ တစ်ယောက်ယောက်ကို ဖမ်းဆီးထားတာမျိုး မရှိသေးဘူးလို့ ရဲတပ်ဖွဲ့ရဲ့ အမည်မဖော်လိုသူ အရာရှိ တစ်ဦးက ဆိုပါတယ်။
ထရမ့်က ကာ့ခ်သေဆုံးမှုနဲ့ ပတ်သက်ပြီး အမှန်တရားအတွက် ရပ်တည်တဲ့ အာဇာနည်တစ်ဦး ကျဆုံးမှုလို့ ရည်ညွှန်းခဲ့ပြီး ကျူးလွန်သူတွေဟာ အစွန်းရောက် လက်ဝဲယိမ်း ဝါဒီတွေဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ သူက အပြစ်ရှိသူတွေကို စုံစမ်းဖော်ထုတ်ပြီး ဖြိုခွင်းသွားမယ်လို့လည်း သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthမှာ ရေးသားထားခဲ့ပါတယ်။
စုံထောက်တွေက ကာ့ခ်ဟာ ကျည်တစ်ချက်တည်းနဲ့တင် သေဆုံးခဲ့ပြီး အနက်ရောင် ဝတ်စုံနဲ့ လုပ်ကြံရေးသမားက သူ့ကို ခေါင်မိုးပေါ်ကနေ လှမ်းပြီး ပစ်ခတ်ခဲ့တာလို့ ပြောကြားထားပါတယ်။ သံသယ တရားခံကတော့ လွတ်မြောက်နေဆဲ ဖြစ်ပါတယ်။
ကိုးကား: AP























































