close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရုရှားဖက်က ခြိမ်းခြောက်ရန်စလို့ နျူကလီးယား ရေငုပ်သင်္ဘောတွေကို ဖြန့်ကျက်ထားစေကြောင်း ထရမ့်ပြော

ရုရှားဖက်က သိသိသာသာ ခြိမ်းခြောက် ရန်စတဲ့ စကားမျိုး ပြောဆိုခဲ့တယ်လို့ စွပ်စွဲပြီးတဲ့နောက် အမေရိကန်ရဲ့ နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော နှစ်စီးကို ဖြန့်ကျက်ထားပြီး တုံ့ပြန်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

The New York Times

ရုရှားဖက်က သိသိသာသာ ခြိမ်းခြောက် ရန်စတဲ့ စကားမျိုး ပြောဆိုခဲ့တယ်လို့ စွပ်စွဲပြီးတဲ့နောက် အမေရိကန်ရဲ့ နျူကလီးယား တိုက်ခိုက်ရေး ရေငုပ်သင်္ဘော နှစ်စီးကို ဖြန့်ကျက်ထားပြီး တုံ့ပြန်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

ထရမ့်က သူဟာ အမေရိကန်ရဲ့ ရေငုပ်သင်္ဘောတွေကို သင့်တော်တဲ့ ရေပြင်ဇုန်နေရာတွေမှာ နေရာယူထားဖို့ ညွှန်ကြားထားကြောင်း ဆိုပါတယ်။ ရုရှား သမ္မတဟောင်း တစ်ဦးလည်းဖြစ်၊ လက်ရှိ ရုရှား သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အနီးကပ်ဆုံး လက်ရုံးတစ်ဦးလည်းဖြစ်တဲ့ ဒီမစ်ထရီ မက်ဗီဒက်ဗ်ဆီက မှတ်ချက်စကားကို အကြောင်းပြုပြီး ထရမ့်က အခုလို စီစဉ်ခဲ့တာလို့ ဆိုပါတယ်။ ထရမ့်က ရေငုပ်သင်္ဘောတွေ ဘယ်နေရာမှာ ရှိနေသလဲ ဆိုတာကိုတော့ ထုတ်မပြောခဲ့ပါဘူး။ အမေရိကန်ရဲ့ စစ်ရေး လုပ်ထုံးလုပ်နည်းတွေ အရလည်း ရေငုပ်သင်္ဘောတွေရဲ့ တည်နေရာကို အထူးလျှို့ဝှက်ထားလေ့ ရှိပါတယ်။

ထရမ့်က ရုရှား အစိုးရ အနေနဲ့ ယူကရိန်း စစ်ပွဲကို ရပ်တန့်စေဖို့ ထင်ရှားမြင်သာတဲ့ ခြေလှမ်းတစ်ခုခုကို ဩဂုတ်လ ၈ ရက်နေ့ မတိုင်ခင် မပြသဘူးဆိုရင် အမေရိကန်ဆီက ပြင်းထန်တဲ့ အခွန်စည်းကြပ် အရေးယူမှုတွေ ကြုံရမယ်လို့ သတိပေးထားပါတယ်။ အဲဒီ သတိပေးမှုနောက်ပိုင်း လူမှုကွန်ရက်မှာ ထရမ့်နဲ့ မက်ဗီဒက်ဗ်ကြား ပုဂ္ဂိုလ်ရေးဆန်ဆန် အပြန်အလှန် ထိုးနှက်တာတွေ ရှိလာပါတယ်။

လူမှုကွန်ရက် မီဒီယာ Xပေါ်မှာ ရေးသားထားတဲ့ ပို့စ်တစ်ခုမှာတော့ မက်ဗီဒက်ဗ်က ရုရှားအပေါ် အထက်စည်းကနေ ရာဇသံ လာပေးနေတာ မှန်သမျှဟာ စစ်ပွဲဆီ ဦးတည်တဲ့ ခြေတစ်လှမ်း ဖြစ်လာမယ်လို့ သတိပေးထားပါတယ်။ နောက်ပြီး ထရမ့်ရဲ့ ခြိမ်းခြောက်မှုဟာ ဟန်ပဲရှိပြီး ရုရှားက ဂရုစိုက်မှာ မဟုတ်ဘူးလို့လည်း သူက ဇူလိုင် လဆန်းပိုင်းတုန်းက ပြောခဲ့ဖူးပါတယ်။ ဇူလိုင် ၃၁ ရက်နေ့မှာတော့ လိုအပ်ရင် ရုရှားဟာ လက်တုံ့ပြန်ဖို့အတွက် နျူကလီးယား လက်နက်တွေကိုပါ အသုံးပြုနိုင်တယ်လို့ ယူဆရတဲ့ သတိပေးမှုမျိုးကို မက်ဗီဒက်ဗ်က Telegramမှာ ဖော်ပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ဩဂုတ် ၁ ရက်နေ့မှာ ထရမ့်က နျူကလီးယား ရေငုပ်သင်္ဘောတွေ ဖြန့်ကျက်ထားမယ့် ကိစ္စကို ကြေညာခဲ့တာပါ။ မက်ဗီဒက်ဗ်ဟာ အင်မတန် အန္တရာယ်များတဲ့ နယ်ကျွံမှုမျိုး ဖြစ်နေပြီး စကားလုံးတိုင်းကို ပြန်ဆင်ခြင်သင့်တယ်လို့လည်း ထရမ့်က ဆိုပါတယ်။

ရုရှားနိုင်ငံရဲ့ သမ္မတဟောင်း၊ လက်ရှိ ရုရှား လုံခြုံရေးကောင်စီ ဒုတိယ အကြီးအကဲဖြစ်သူ မက်ဗီဒက်ဗ်ဆီက အရမ်း လွန်ကဲ လှုံ့ဆော်တဲ့ ရန်စမှုတွေအဖြစ် ယူဆရတဲ့ ကြေညာချက်တွေ အပြီးမှာတော့ သူဟာ အမေရိကန်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘော နှစ်စီးကို သင့်တော်တဲ့ ရေပြင်ဇုန်နေရာတွေမှာ ဖြန့်ကျက်ထားစေခဲ့ကြောင်း ထရမ့်က သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

ဒါ့အပြင် ဒီထက် ပိုလွန်လာတဲ့ ရူးမိုက်တဲ့၊ ရန်လိုပြီး ရန်စတဲ့ ကြေညာချက်တွေ ရုရှားဖက်က ထပ်လုပ်လာနိုင်တာကြောင့် သူက ဖြစ်သင့်တဲ့အတိုင်း တုံ့ပြန်ခဲ့တာလို့လည်း ထရမ့်က ပြောပါတယ်။ စကားလုံးတွေ ဆိုတာက သိပ်အရေးကြီးကြောင်း၊ စကားတွေကပဲ မရည်ရွယ်တဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်လာစေနိုင်ကြောင်း၊ အခုကိစ္စမှာတော့ ဒါမျိုးတွေ ကြုံမလာဖို့ မျှော်လင့်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။

ထရမ့်ရဲ့ သတိပေး တုံ့ပြန်ချက်အပေါ် ရုရှားကတော့ ဘာမှ မှတ်ချက်မပေးသေးဘဲ နှုတ်ဆိတ်နေဆဲပါ။ ရုရှားနဲ့ အမေရိကန်တို့ဟာ ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အများဆုံး ပိုင်ဆိုင်တဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားရဲ့ ဟိုက်ပါဆောနစ် ဒုံးကျည် လက်နက် အသစ်တွေကို မဟာမိတ် ဘီလားရုစ် နိုင်ငံမှာ ဖြန့်ကျက်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ထပ်လောင်း အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းဟာ ရုရှားဆီက ဒရုန်းနဲ့ ဒုံးကျည်တွေ စံချိန်တင် အများဆုံး အသုံးပြု တိုက်ခိုက်တဲ့ လတစ်လကို ဖြတ်သန်း ကြုံတွေ့ခဲ့ရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို အထူးမြှောက်ပင့် ချီးကျူးခဲ့ပေမယ့်လည်း အမေရိကန် အစိုးရကတော့ မြန်မာအပေါ် သွင်းကုန် အခွန်တွေ အမြောက်အမြား တိုးမြှင့် သတ်မှတ်မယ့် ဆုံးဖြတ်ချက်ကို မပြင်ဆင်ခဲ့ပါဘူး။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ နိုဘယ်လ် ငြိမ်းချမ်းရေးဆု ရသင့်တယ်လို့ ပြောကြားခဲ့တဲ့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီးဟာ လူမှုကွန်ရက်ပေါ်မှာ လှောင်ပြောင် သရော်တာတွေ ခံနေရပါတယ်။