သြဂုတ် ၁၊၂၀၂၅။ သုည/People’s Spring
စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (သြဂုတ် ၁)မှာ စစ်အာဏာရှင်ဆန့်ကျင်ကြဖို့နဲ့ လေကြောင်းအန္တရာယ်ကာကွယ်ဖို့ အသိပညာပေးလှုံ့ဆော်မှုတွေ အသီးသီး ပြုလုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာ သပိတ်အင်အားစုက စစ်တပ်ရဲ့ လေကြောင်းအန္တရာယ် ကြိုတင်ကာကွယ်ဖို့ ဗုံးခိုကျင်းတူးနည်း အကြံပြုချက်တွေနဲ့ လေကြောင်းတိုက်ခိုက်ခံရချိန် အရေးပေါ်နေထိုင်နည်းတွေကို မျှဝေခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရချိန် အရေးပေါ်နေထိုင်နည်းတွေ စပ်တပ်လေထီး(paramotor)နဲ့ ဂျိုင်ရိုကော်ပတာ၊ အကြောင်းသိသင့်သိထိုက်တာတွေနဲ့ ဗုံးခိုကျင်းတူးနည်း အကြံပြုချက်တွေပါတဲ့ လက်ကမ်းစာစောင်တွေလည်း ဖြန့်ဝေခဲ့ပါတယ်။

Public Service Announcement
ယင်းလှုပ်ရှားမှုတွေကို အရာတော်လူထုသပိတ်နဲ့ မြင်းမူမြို့နယ် သပိတ်အင်အားစုတို့က ဦးဆောင်ပြီး ဒေသခံကျေးလက်ပြည်သူလူထုနဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာလည်း ပြည်သူလူထုနဲ့ ပြည်သူ့အားမာန်သပိတ်မှရဲဘော်တွေ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းက မတရားတဲ့စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင်ကို တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်။
စစ်ကိုင်းတိုင်းမှာ တော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကို နေ့စဉ်ပြုလုပ်နေပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ အရာတော်သပိတ်















































