အစ္စရေးက စစ်ရေးအရ ထဲထဲဝင်ဝင် စွက်ဖက်လာတဲ့နောက် ဆီးရီးယား အစိုးရဟာ တိုင်းရင်းသား မျိုးနွယ်စု တပ်ဖွဲ့တစ်ခုနဲ့ စစ်ခင်းနေရာကနေ တပ်တွေကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစလို့ ဆီးရီးယား တောင်ပိုင်းမှာ အစိုးရ စစ်တပ်နဲ့ ဒေသခံ ဒရူဇီ မျိုးနွယ်စုတွေရဲ့ လက်နက်ကိုင် အင်အားစုတွေကြား စစ်ရေး ပဋိပက္ခတွေ စတင်ခဲ့ပြီး လူ ၃၀၀ ကျော်လောက် သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဆီးရီးယား စစ်တပ်ဟာ ဒရူဇီ အများစု နေထိုင်ရာ ကွန်နစ်ထရာ၊ ဒါရားနဲ့ ဆူဝေဒါ ဒေသတွေထဲကို ခြေလျင်တပ်တွေ စေလွှတ်ခဲ့ပြီး နှစ်ဖက် ထိတွေ့ တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ ဒရူဇီတွေဟာ ဆီးရီးယားမှာ လူနည်းစု အာရပ်အနွယ် တိုင်းရင်းသားတွေဖြစ်ပြီး ဆီးရီးယား အစိုးရအပေါ် မယုံကြည်တဲ့ သဘောထားမျိုး ရှိနေပါတယ်။ ပြီးတော့ အစ္စရေးနဲ့လည်း နီးစပ်တဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ထားပါတယ်။
ဒရူဇီတွေကို တိုက်ခိုက်တဲ့ ဆီးရီးယား အစိုးရကို အစ္စရေးက တင်းတင်းမာမာ သတိပေးမှုတွေ ရှိခဲ့သလို ချီတက်လာတဲ့ ဆီးရီးယား တင့်ကားတွေကိုလည်း သတိပေးမှုသဘော ပစ်ခတ် ဖျက်ဆီးခဲ့ပါတယ်။ ဇူလိုင် ၁၆ ရက်နေ့မှာတော့ အစ္စရေးဟာ ဒမတ်စကက် မြို့တော်မှာရှိတဲ့ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ တခြား အစိုးရ ရုံးတွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို လက်ရှိ စစ်ဖြစ်နေတဲ့ နေရာမှာလည်း ဆီးရီးယား အစိုးရ တပ်တွေအပေါ် ဗုံးကြဲခဲ့ပါတယ်။

Public Service Announcement
ဒီတော့ အခြေအနေတွေက ပိုဆိုးလာပြီး ဆီးရီးယားနဲ့ အစ္စရေးကြား စစ်ပွဲကြီး တစ်ခုအဆင့် ရောက်ရှိသွားမှာကို ဒေသတွင်း နိုင်ငံတွေက စိုးရိမ်လာကြပါတယ်။ အမေရိကန်ကလည်း ပြဿနာတွေ ပိုကြီးမလာအောင် ကြားဝင် စေ့စပ်ပေးမယ့် ကိုယ်စားလှယ် အဖွဲ့တွေ စေလွှတ်ခဲ့တဲ့နောက် ဆီးရီးယားက ဆူဝေဒါထိ ရောက်နေတဲ့ တပ်တွေ ပြန်ရုပ်သိမ်းပေးဖို့ သဘောတူခဲ့ပါတယ်။
အဲဒီနောက် ဆီးရီးယား အစိုးရက ဒရူဇီတွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုတစ်ခု ရရှိအောင် ညှိနှိုင်းသွားမယ်လို့လည်း ပြောပါတယ်။
ဇူလိုင် ၁၇ ရက်နေ့မှာ ဆီးရီးယား သမ္မတ အာမက် အယ်လ်ရှာရားက ရုပ်မြင်သံကြားကနေတဆင့် နိုင်ငံကို မိန့်ခွန်းပြောခဲ့ရာမှာ ဆီးရီးယားအတွက် ရွေးစရာ နှစ်ခုရှိခဲ့ကြောင်း၊ ပထမ တစ်ခုက ဒရူဇီမျိုးနွယ် နိုင်ငံသားတွေရဲ့ အသက်ကိုပါ ရင်းပြီး အစ္စရေးနဲ့ အတိအလင်း စစ်ဖြစ်တာ၊ ဒုတိယ တစ်ခုက ဒရူဇီ ခေါင်းဆောင်တွေကို အကျိုးသင့် အကြောင်းသင့် နားချပြီး နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားကို ဦးစားပေးဖို့ ညှိနှိုင်းယူတာတွေ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။
သူက စစ်ဖြစ်ရမှာကို မကြောက်ကြောင်း၊ ဆီးရီးယားရဲ့ သမိုင်းကြောင်းဟာ ပြည်သူတွေကို ကာကွယ်ဖို့ ဆင်နွှဲခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပြည့်နှက်နေခဲ့ကြောင်း၊ ဒါပေမဲ့လည်း အဆုံးမှာတော့ အရှုပ်အထွေးတွေ၊ ပျက်စီးမှုတွေအစား ဆီးရီးယား ပြည်သူတွေရဲ့ ကောင်းကျိုးကိုပဲ ရွေးချယ်ခဲ့ကြောင်းလည်း ဆိုပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရဟာ အဲဒီပဋိပက္ခကို ကြားဝင် စေ့စပ်ပေးခဲ့ပြီး အစုအဖွဲ့ အသီးသီးနဲ့ပါ ဆွေးနွေးခဲ့ကြောင်း၊ တိုက်ပွဲတွေကို အမြန်ဆုံး ရပ်တန့်စေဖို့ ကနဦး သဘောတူညီမှုကိုလည်း ရရှိခဲ့ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
အစ္စရေးကတော့ ဆီးရီးယား ပိုင်နက်ထဲမှာ စစ်ဆင်ရေးအဆင့် ပါဝင်တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။ အစ္စ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သူဟာ ဒရူဇီ ညီအစ်ကို မောင်နှမတွေကို အကာအကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ ကြုံးဝါးခဲ့ပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီး အစ္စရေး ကတ်ဇ်ကတော့ ဒမတ်စကက်မြို့တော် တောင်ပိုင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့ပြီး နာကျင်စရာ ထိုးနှက်ချက်တွေ အစပြုလာပြီလို့ ရေးသားထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အစ္စရေးမှာ အာဏာရှင် ဘာရှာအယ်လ်အာဆတ်ရဲ့ အစိုးရ ပြုတ်ကျသွားပြီး တော်လှန်ရေး ညွန့်ပေါင်း အင်အားစုတွေရဲ့ အစိုးရ တက်လာချိန် နောက်ပိုင်း အစ္စရေးဟာ ဆီးရီးယား ပိုင်နက်ထဲက လက်နက်စက်ရုံတွေ၊ စစ်စခန်းတွေနဲ့ တခြားစစ်ရေး ပစ်မှတ်တွေကို လုံခြုံရေးအတွက် လက်ဦးမှု ယူတယ်လို့ အကြောင်းပြပြီး တိုက်ခိုက် ဖျက်ဆီးတာတွေလည်း ရှိခဲ့ဖူးပါတယ်။
ကိုးကား: CNN
