ဇူလိုင်-၆၊၂၀၂၅။ထားမြတ်/People’s Spring
ကချင်ပြည်နယ်ဖားကန့်မြို့နယ်သို့ စစ်ကူလာသည့် စစ်တပ်စစ်ကြောင်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ယမန်နေ့ညတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်တို့က ပြောသည်။
ဇူလိုင် ၅ ရက် ည ၇နာရီခန့်တွင် တနိုင်းဘက်မှ ဝင်လာသည့် စစ်ကောင်စီတပ်ကို ဖားကန့်လမ်း၊နမ့်ယား အနီး တွင် KIAက တိုက်ခိုက်ခဲ့ရာ အလောင်း၊ လက်နက်နှင့် စစ်သုံ့ပန်းများစွာရရှိခဲ့ကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကသုံးဦးတို့ထံမှသိရ သည်။
“တနိုင်းကနေ ဖားကန့်ဘက် ဦးတည်လာတာ ဟုတ်တယ်။ ဖားကန့် စစ်ကူ။ ဖားကန့် ပြန်ထိန်းချုပ်ဖို့ ရည်ရွယ်ချက်နဲ့ စစ်အင်အားဖြည့်နေကြတာ” ဟု KIA သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
စစ်ကောင်စီတပ် သေဆုံးမှုထိခိုက်မှုများပြီး၊စစ်သုံ့ပန်း၊ လက်နက်ခဲယမ်းရရှိမှုများ ရှိသော်လည်း အရေအတွက် မသိရသေးဟု ၎င်းက ဆိုသည်။
လက်ရှိတွင် ဖားကန့်မြို့အနီး မှော်မောင်းကုန်း၌ တိုက်ပွဲများ အဓိက ဖြစ်ပွားနေကြောင်းအခြားသတင်းရင်းမြစ်တဦးက ပြောသည်။
ဖားကန့်ဒေသ တိုက်ပွဲများအတွင်း စစ်ကောင်စီက ပြည်သူအချို့အား ဓါးစာခံ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့ကြောင်းသတင်းရင်းမြစ်တဦးကပြောသည်။
စစ်ကောင်စီသည် ဖားကန့်ဒေသ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ဧပြီလကတည်းက စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ၍ ဖားကန့်လမ်းပိုင်း၊ ဖားကန့်မြို့အနီး မှော်လုပ်ကွက်များရှိရာနေရာများ၌ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့သည်။
