close
Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုမြို့နယ် စစ်မျက်နှာကျယ်ပြန့်လာတယ်လို့ ဓနုတပ်ပြော၊ အနည်းဆုံးကျေးရွာ ခုနစ်ရွာမှာတိုက်ပွဲဖြစ်နေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ နေရာအနှံ့တိုက်ပွဲဖြစ်နေပြီး စစ်မျက်နှာကျယ်ပြန့်လာတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

TNLA နှင့် DPLA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-TNLA၊ DPLA

ဇွန်-၁၇၊ ၂၀၂၅။ People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်မှာ နေရာအနှံ့တိုက်ပွဲဖြစ်နေပြီး စစ်မျက်နှာကျယ်ပြန့်လာတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။

“တိုက်ပွဲကတော့တနေရာမဟုတ်၊တနေရာ ဆက်လက်ဖြစ်ပွားနေတာတော့ ရှိတယ်။ စစ်မျက်နှာပြင်ကလည်း အရမ်းကျယ်တယ်။ ကျယ်ပြန့်တာပေါ့နော်။ဒီနောင်ချိုကြီးကနေပြီးတော့ကံကြီး၊ပြီးတော့ ယာပြင်၊သရက်ချိုအထိပေါ့လေ။တိုက်ပွဲတွေ တောက်လျှောက်ဖြစ်နေတာတော့ ရှိတယ်”လို့ DPLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဓနုတပ် DPLAဟာမဟာမိတ်ဖြစ်တဲ့တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော် (TNLA)နဲ့အတူ နောင်ချိုဒေသမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာ နောင်ချိုမြို့တောင်ဘက်က ကျေးရွာအတော်များများမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေပြီး နောင်ချိုမြို့အနောက်မှာလည်း ကျေးရွာအချို့မှာ တိုက်ပွဲဖြစ်နေပါတယ်။ နောင်ချိုမြို့နယ်ကအနည်းဆုံး ကျေးရွာ ခုနစ်ရွာမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်ဟာနောင်ချိုမြို့ဆီကိုစစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်ဖို့ကြိုးစားနေပါတယ်။

တောင်းခမ်းက စစ်တပ်ဟာ နောင်ချိုမြို့ဆီကို စစ်ကြောင်း နှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေပါတယ်။ တောင်းခမ်း − ကံကြီး − နောင်ချိုလမ်းပိုင်းက စစ်ကြောင်းနဲ့ တောင်းခမ်း − မဲပုတ် − နောင်ချိုကြီး တောလမ်းပိုင်းကနေလည်း စစ်ကြောင်းထိုးနေပါတယ်။

တောင်းခမ်း − ကံကြီး − နောင်ချိုလမ်းပိုင်းက စစ်ကြောင်းဟာ လမ်းတကြောက ကျေးရွာတွေကို စစ်ကြောင်းထိုးဆက်တိုက်သိမ်းပိုက်လာပြီး ကံကြီးရွာအထိ ရောက်လာပါတယ်။ ကံကြီးကနေ တိုက်ခိုက်ခံရလို့ ချက်ချင်းနောက်ပြန်ဆုတ်ပြီး ရွှေမုဌောကျေးရွာအထိ ဆုတ်ပေးခဲ့ရပါတယ်။ လက်တလောမှာ ကံကြီးရွာအပြင် အဲဒီလမ်းပိုင်းက ယာပြင်နဲ့ သရက်ချိုကျေးရွာတွေမှာ တိုက်ပွဲဖြစ်နေတယ်လို့ DPLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

“၁၆ရက်နေ့မှာတော့ ကျနော်တို့တပ်တွေရှိတဲ့နေရာပေါ့လေ။ သရက်ချို၊ယာပြင်ဘက်မှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာရှိတယ်”လို့ ၎င်းကဆက်ပြောပါတယ်။

ဒါပေမယ့် ကံကြီးရွာရဲ့ အရှေ့ဘက်က လာနေတဲ့ တောင်းခမ်း − မဲပုတ် − နောင်ချိုကြီး တောလမ်းပိုင်းကစစ်ကြောင်းကတော့ ​ရှေ့ကိုပိုရောက်လာပါတယ်။

​နောက်ဆုံးစစ်​ကြောင်းဖြစ်တဲ့ပြင်ဦးလွင်မြို့နယ်က ဝက်ဝံကျေးရွာမှာအထိုင်ချ ခံစစ်ပြင်နေတဲ့ စစ်ကောင်စီတပ်ဟာ မန္တလေး−လားရှိုးလမ်းမကြီးကတဆင့် ဝက်ဝံ−ဘန်းဘွေး−နောင်ချိုဆိုပြီး စစ်ကြောင်းထိုးဖို့ကြိုးစား​နေတာပါ။

ဒါ့ကြောင့် မန္တလေး − မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်က အုမ္မသီးနဲ့ ရေမောင်းတန်းကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)ကဒီကနေ့(ဇွန်လ ၁၇)နံနက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပြည်ထောင်စုလမ်းမကြီးရဲ့ ပြင်ဦးလွင် − နောင်ချိုလမ်းပိုင်းက နောင်ချိုမြို့နဲ့ (၁၂)ခန့်ကွာဝေးတဲ့ လမ်းခွဲနေရာအနီးက အုမ္မသီးနဲ့ ရေမောင်းတန်းကျေးရွာတို့မှာ ပြင်ဦးလွင်ကနေ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်နဲ့ TNLAပူးပေါင်းတပ်တို့ ဇွန်လ ၁၅ရက်ကတည်းက တိုက်ပွဲဖြစ်နေတာပါ။

ဇွန်လ ၁၆ရက်မှာ အုမ္မသီးနဲ့ ရေမောင်းတန်းကျေးရွာမှာ စစ်တပ်နဲ့ TNLAတို့ ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ စစ်တပ်က လက်နက်ကြီး (၉)လုံးနဲ့ ဒရုန်းနဲ့ ဗုံး (၂၆)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLAက အသိပေးထားပါတယ်။

“အုမ္မသီးနဲ့ ရေမောင်းတန်းနဲ့ကလမ်းခွဲနေရာရဲ့ဟိုဘက်၊ဒီဘက်အခြမ်းပေါ့။အုမ္မသီးကလမ်းခွဲရဲ့ပြင်ဦးလွင်ဘက်အခြမ်းမှာ။ ရေမောင်းတန်းကလမ်းခွဲရဲ့ နောင်ချိုဘက်အခြမ်းမှာ။ အဲဒီနေရာတွေမှာ ဖြစ်နေတာ”လို့ နောင်ချိုမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင်လက်ပန်ကုန်းရွာဘက်ကိုလည်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်ကပြည်သူလူထုတွေကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီး(၃)လုံး ပစ်ခတ်ခဲ့တယ်လို့လည်းအသိပေးထားပါတယ်။

နောင်ချိုမြို့နယ်တောင်ဘက်က ကံကြီးရွာနားမှာ စစ်တပ်နဲ့ နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်က မနေ့က ဇွန်လ ၁၆ရက်မှာ လူထုနွေဦးကို ပြောပါတယ်။

ဇွန်လ၁၆ရက်မနက်ကလည်း ကံကြီးရွာနဲ့ ကံကြီးရွာအရှေ့ဘက်ကရွှေသွန်းရွာနားမှာတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်လို့ သူကဆက်ပြောပါတယ်။

ညီနောင်မဟာမိတ် (၃)ဖွဲ့က ငလျင်ဒဏ်သင့်ပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေကို ထိုးစစ်ဆင်ပြုလုပ်မှာမဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလကို ဇွန်လကုန်အထိ သက်တမ်းထပ်တိုးထားတုန်းမှာ စစ်

တပ်ကအခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေတာကြောင့် နောင်ချိုမြို့နယ်မှာတိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေတယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ် မန္တလေး−မူဆယ်ပြည်ထောင်စုလမ်းမကြီးပေါ်ကအုမ္မသီး နဲ့ ရေမောင်းတန်းကျေးရွာတို့မှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းတပ်မတော်(TNLA)က ဒီကနေ့(ဇွန်လ ၁၇ရက်)နံနက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းကျောက်မဲမြို့နယ်တွင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့် တအာင်းအမျိုးသားလွတ်​မြောက်​ရေးတပ်မတော်(TNLA)တို့ ဇွန် ၁၅ ရက်၌ တိုက်ပွဲဖြစ်ပွားခဲ့ဟု သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တောင်ဘက်က ကံကြီးရွာနားမှာစစ်ကောင်စီတပ်နဲ့ နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်ကလူထုနွေဦးကိုပြောပါတယ်။

မေးမြန်းခန်း

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ခေါင်းဆောင် ဦးထွန်းထွန်းနိုင်နဲ့မေးမြန်းခန်း