close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တဟီရန် မြို့ခံ အီရန်ပြည်သူတွေ မြို့ကို စွန့်ခွာကြဖို့ ထရမ့် တိုက်တွန်း

အီရန်နိုင်ငံရဲ့ မြို့တော် တဟီရန်မှာ နေထိုင်တဲ့ ဒေသခံတွေ အနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းသင့်နေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

AP

အီရန်နိုင်ငံရဲ့ မြို့တော် တဟီရန်မှာ နေထိုင်တဲ့ ဒေသခံတွေ အနေနဲ့ ဘေးလွတ်ရာကို ရွှေ့ပြောင်းသင့်နေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ အစ္စရေးက အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အဆောက်အအုံတွေနဲ့ စစ်စခန်းတွေကို တိုက်ခိုက်ရာက နှစ်နိုင်ငံကြား စစ်ရေးပဋိပက္ခ အစပြုလာခဲ့တာ အခုဆိုရင် ပဉ္စမနေ့ကို ရောက်ရှိလာပါပြီ။ အဲဒီ အတောအတွင်း အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေခဲ့ပြီး အီရန်ကလည်း အစ္စရေး မြို့တွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေ အလုံးအရင်းနဲ့ လက်တုံ့ပြန် ပစ်ခတ်နေခဲ့ပါတယ်။

ထရမ့်ဟာ ကနေဒါ နိုင်ငံမှာ G7 ထိပ်သီးညီလာခံ တက်ရောက်နေရာက အရှေ့အလယ်ပိုင်း အရေးကြောင့် တစ်ရက်စောပြီး ဇွန်လ ၁၆ ရက်နေ့မှာ ပြန်လည် ထွက်ခွာခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

ထရမ့်က အီရန်အစိုးရ အနေနဲ့ နိုင်ငံရဲ့ နျူကလီးယား နည်းပညာပိုင်းကို ထိန်းချုပ်မယ့် သဘောတူညီမှုကို အမေရိကန်နဲ့ စောစောစီးစီး လက်မှတ် ရေးထိုးခဲ့သင့်ကြောင်းလည်း ဝေဖန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သဘောတူညီမှု တစ်ခုကို လက်မှတ် ရေးထိုးဖို့ အီရန်ကို သူပြောခဲ့ပေမယ့် ဖြစ်မြောက်မလာတာက စိတ်ပျက်စရာ ကောင်းကြောင်း၊ အဲဒီအတွက် လူ့အသက်တွေ ဆုံးရှုံးခဲ့ရကြောင်း၊ အရိုးရှင်းဆုံး အခြေခံ အချက်က အီရန်ဟာ နျူကလီးယားလက်နက် ပိုင်ဆိုင်လို့ လုံးဝ မရကြောင်း၊ ဒီအကြောင်းကို သူအကြိမ်ကြိမ် ပြောခဲ့ပြီးဖြစ်ကြောင်း၊ အခုတော့ လူတိုင်း တဟီရန်ကနေ အမြန်ဆုံး စွန့်ခွာဖို့ လိုအပ်နေပြီဖြစ်ကြောင်း သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ Truthမှာ ထရမ့်က ရေးသားထားခဲ့ပါတယ်။

ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ကတော့ G7 ညီလာခံကနေ ထရမ့် စောစော ထွက်ခွာသွားတာဟာ အပေါင်းလက္ခဏာဆန်တဲ့ ကိစ္စတစ်ခုလို့ ရှုမြင်ပြီး အမေရိကန် သမ္မတဟာ အီရန်နဲ့ အစ္စရေးအရေးကို အများကြီး အာရုံစိုက်နေတဲ့သဘော ပေါ်လွင်ကြောင်း ဆိုပါတယ်။ လောလောဆယ် အရေးအကြီးဆုံးက အမေရိကန် အဆိုပြုထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အီရန်ရော၊ အစ္စရေးကပါ ချက်ချင်း လက်ခံကြဖို့ ဖြစ်တယ်လိုပလည်း မာခရွန်က မှတ်ချက်ပေးသွားပါတယ်။

သူနားလည်ထားတာကတော့ နှစ်ဖက်စလုံးအတွက် ကမ်းလှမ်းချက်တစ်ခု ပေးပို့ထားပြီး အဲဒီထဲမှာ ချက်ချင်း အပစ်အခတ် ရပ်စဲရေးနဲ့ နောက်ဆက်တွဲ ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးမှုတွေအကြောင်း ပါဝင်ကြောင်း၊ ဒါက သိပ်ကောင်းတဲ့ အားထုတ်မှု တစ်ခုဖြစ်ပြီး ကာယကံရှင်တွေ ဘာဆုံးဖြတ်မလဲ ဆိုတာကိုပဲ စောင့်ကြည့်ရတော့မှာဖြစ်ကြောင်း မာခရွန်က ပြောကြားသွားပါတယ်။

လတ်တလောမှာတော့ အစ္စရေးနဲ့ အီရန်တို့ကြား လေကြောင်းကနေ အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်လက် ပြင်းထန်နေပြီး ဇွန်လ ၁၇ ရက်နေ့ မနက်အစောပိုင်းက တဟီရန် မြို့တော်ထဲမှာ ပေါက်ကွဲသံတွေ၊ လေကြောင်းကာကွယ်ရေးဒုံး ပစ်ခတ်တဲ့ အသံတွေ ဆူညံနေခဲ့ပါတယ်။

အစ္စရေးမှာတော့ တဲလ်အဗစ်ဗ် အပါအဝင် မြို့တချို့မှာ ဇွန်လ ၁၆ ရက်နေ့ည သန်းခေါင် ကျော်လွန်ပြီး ဇွန်လ ၁၇ ရက်နေ့ထဲ ချဉ်းနင်းဝင်ရောက်လာတဲ့ အချိန်ထိ လေကြောင်း အန္တရာယ် အချက်ပေး ဥဩသံတွေ မြည်ဟည်းနေခဲ့ပြီး အီရန် ဒုံးကျည်တွေကို အစ္စရေး ဒုံးခွင်းဒုံးတွေက တောက်လျှောက် ပစ်ချနေခဲ့ရပါတယ်။

အီရန်ကို အစ္စရေးက တိုက်ခိုက်ရာမှာ အမေရိကန်က ပံ့ပိုးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အိမ်ဖြူတော်က အခိုင်အမာ ထပ်မံ ငြင်းဆိုထားပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က သမ္မတ ထရမ့်ဟာ အီရန်ရဲ့ နျူကလီးယား ထိန်းချုပ်ရေးအတွက် သဘောတူညီမှုတစ်ခု ရယူနိုင်ဖို့ မျှော်လင့်နေဆဲလို့ ပြောကြားခဲ့ပါတယ်။ တစ်ဖက်မှာလည်း အမေရိကန်ဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းက စစ်စခန်းတွေနဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို အခိုင်အမာ ကာကွယ်သွားမှာ ဖြစ်ကြောင်း ဟက်ဂ်ဆက်သ်က သတိပေးသွားပါတယ်။

ဇွန်လ ၁၆ ရက်နေ့ ညပိုင်းထိ အခြေအနေတွေအရ ပဋိပက္ခတွေကြောင့် အီရန်ဖက်မှာ အရပ်သား အများစု အပါအဝင် ၂၂၄ ဦး သေဆုံးခဲ့ပြီး အစ္စရေးကတော့ အရပ်သားတွေချည်း ၂၄ ဦး သေဆုံးထားကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပစ်အခတ် ရပ်စဲရေးအတွက် ကြားဝင် ညှိပေးကြဖို့ ပင်လယ်ကွေ့ဒေသ အာရပ်နိုင်ငံတွေကို အီရန်က မေတ္တာရပ်ခံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အစ္စရေးဟာ အောင်ပွဲခံမယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ အမေရိကန်ဆီ ပြည်ဝင်ခွင့် ဗီဇာပိတ်မယ့် နိုင်ငံတွေ စာရင်းကို အရေအတွက် တော်တော်များများ ထပ်တိုးဖို့ စဉ်းစားနေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန် အဓိပတိကို လုပ်ကြံမယ့် အစ္စရေးရဲ့ အကြံအစည်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြားဝင် ဟန့်တားခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။