အမေရိကန် နိုင်ငံမှာ အစ္စရေးကို ထောက်ခံတဲ့ စုဝေး အင်အားပြမှု တစ်ခုမှာ မီးလောင်ဗုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ကို အကြမ်းဖက်မှုအဖြစ် သတ်မှတ်ပြီး ဖက်ဒရယ် ထောက်လှမ်းရေးဌာန (FBI)က ကိုင်တွယ် စုံစမ်းနေပါတယ်။
ဇွန်လ ၁ ရက်နေ့တုန်းက ကော်လိုရာဒိုမှာ အစ္စရေးကို ထောက်ခံသူတွေ စုဝေးနေချိန်မှာ အသက် ၄၅ နှစ်အရွယ် အမျိုးသား တစ်ဦးက လူအုပ်ထဲကို လက်လုပ် မီးမှုတ်ကိရိယာတစ်ခု၊ ဓာတ်ဆီထည့်ထားတဲ့ ပုလင်းဗုံးတွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ရဲ့ ဖမ်းဆီးမှုကို ခံထားရဆဲ အစ္စရေး ဓားစာခံတွေ လွတ်မြောက်ရေးအတွက် လမ်းလျှောက် ချီတက်လာတဲ့ လူစုကို မိုဟာမက် ဆိုလီမန်ဆိုတဲ့ အမျိုးသားက တိုက်ခိုက်ခဲ့တာပါ။

အပေါ်ပိုင်း ဗလာကျင်းလျက်နဲ့ ဂျင်းဘောင်းဘီဝတ်၊ နေကာမျက်မှန် တပ်ထားတဲ့ အမျိုးသားဟာ လက်ထဲမှာ ပုလင်းတချို့ကို ကိုင်ထားခဲ့ကြောင်း၊ အဲဒီနောက် ပါလက်စတိုင်း လွတ်လပ်ရေးလို့ အော်ဟစ်ပြီး လမ်းမတလျှောက် ချီတက်လာသူတွေကို စတင် တိုက်ခိုက်ခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

Public Service Announcement
အဲဒီဖြစ်ရပ်မှာ အသက် ၆၇ နှစ်နဲ့ ၈၈ နှစ်ကြား လူ ၆ ဦး ဒဏ်ရာရခဲ့ပြီး တချို့ကို ဆေးရုံဆီ ရဟတ်ယာဉ်တွေနဲ့ အမြန် ပို့ဆောင်ခဲ့ရပါတယ်။
မီးလောင်ဒဏ်ရာတွေ ရရှိထားတဲ့သူ တချို့ကို တခြားသူတွေက ကူညီ မီးငြှိမ်းပေးခဲ့ရပြီး ရဲတွေကတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ ဆိုလီမန်ကို ဖမ်းဆီးခဲ့ပါတယ်။ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေ ဆက်လုပ်နေပေမယ့် ဒီဖြစ်ရပ်မှာ ကြံရာပါတွေ မရှိနိုင်ဘူးလို့ ရဲတွေက ကနဦး ယူဆထားပါတယ်။
ဘိုလ်ဒါ ရဲတပ်ဖွဲ့ အကြီးအကဲ စတိဗ်ရက်ဖင်းက အစောဆုံး တိုင်ချက်က လူတွေ မီးရှို့တာ ခံနေရတယ်ဆိုပြီး သတင်းရောက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒဏ်ရာရခဲ့သူတွေထဲမှာ အခြေအနေ အရမ်းစိုးရိမ်ရတဲ့သူတွေလည်း ပါဝင်ခဲ့ကြောင်း သူက ဆိုပါတယ်။
ဒီကိစ္စမှာ FBIက ပါဝင်လာပြီး သံသယ တရားခံကို လက်လွှဲယူခဲ့သလို အကြမ်းဖက်မှု ဆက်နွှယ်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ ရက်ဖင်းကတော့ အစ္စရေးကို ထောက်ခံသူတွေဟာ အုပ်စုဖွဲ့ပြီး ငြိမ်းငြိမ်းချမ်းချမ်း ချီတက် ဆန္ဒပြနေခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
ဘိုလ်ဒါမြို့ ဂျူးလူ့အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်မှာတော့ ချီတက်လာသူတွေဟာ မီးလောင်စေတဲ့ ပစ္စည်းတစ်ခုနဲ့ ပစ်ပေါက် တိုက်ခိုက်တာ ခံခဲ့ရခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
တက္ကသိုလ် တစ်ခုကို အခြေပြုထားတဲ့ ဘိုလ်ဒါဟာ ဒန်ဗာမြို့ရဲ့ အနောက်မြောက်ဖက်စွန်းမှာ တည်ရှိပြီး လူဦးရေ ၁၀၅၀၀၀ လောက် နေထိုင်တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ ပတ်လောက်ကလည်း အမေရိကန်ရဲ့ ဝါရှင်တန်ဒီစီ မြို့တော်မှာ အစ္စရေး သံရုံးဝန်ထမ်း နှစ်ဦးကို ပစ်သတ်ခဲ့တဲ့ အမျိုးသား တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
ကိုးကား: Sky
