ပင့်ကူအိမ် စစ်ဆင်ရေး (Operation Spiderweb)အတွင်းမှာ ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ် စုစုပေါင်း သုံးပုံတစ်ပုံလောက်ကို ဖျက်ဆီးပစ်နိုင်ခဲ့ကြောင်း ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။
ဇွန်လ ၁ ရက်နေ့က ရုရှားနိုင်ငံ အတွင်းပိုင်းက လေတပ်စခန်း အနည်းဆုံး ၄ ခုလောက်ဟာ ယူကရိန်း ဒရုန်းတွေရဲ့ အုံနဲ့ကျင်းနဲ့ တိုက်ခိုက်မှုကို အလစ်အငိုက် ခံခဲ့ရပြီး Tu-22M3, Tu-95တို့လို ဗုံးကြဲလေယာဉ်ကြီးတွေ အကြီးအကျယ် ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီတစ်ကြိမ် တိုက်ခိုက်မှုဟာ ယူကရိန်းဟာ သမားရိုးကျ နည်းလမ်းအတိုင်း ဒရုန်းတွေကို နယ်စပ်ဖြတ်ကျော် စေလွှတ်တာမျိုး မဟုတ်တော့ဘဲ ရုရှားနိုင်ငံ ပိုင်နက် အတွင်းပိုင်း နက်နက်ရှိုင်းရှိုင်းထိ ရောက်နေတဲ့ လေတပ်စခန်းတွေနားထိ ဒရုန်းတွေ ဝှက်ယူသွားတဲ့ ကွန်တိန်နာ ထရပ်ကားကြီးတွေကို ကြိုတင် ပို့ဆောင်ထားတဲ့ နည်းလမ်းကို အသုံးပြုခဲ့တာပါ။
စစ်ဆင်ရေး အကောင်အထည်ဖော်ဖို့ မီးစိမ်းပြလိုက်တဲ့ အချိန်ကျမှ လေတပ်စခန်းတွေနဲ့ ကပ်လျက်မှာ ရှိနေတဲ့ ထရပ်ကားကြီးတွေရဲ့ ကွန်တိန်နာ အမိုးတွေ ပွင့်သွားပြီး ဒရုန်းတွေက အုံနဲ့ကျင်းနဲ့ ထွက်ပေါ်လာပြီး ရုရှားရဲ့ အကြီးစား စစ်လေယာဉ်တွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီမစ်ရှင်ဟာ ယူကရိန်း ထောက်လှမ်းရေး (SBU)အတွက် ဧရာမ အောင်မြင်ကြီး တစ်ခုလို့လည်း သတ်မှတ်နိုင်ပါတယ်။
SBUက ရုရှားရဲ့ ဗုံးကြဲလေယာဉ်ကြီးတွေ အပါအဝင် စစ်လေယာဉ် ၄၁ စီးထက် မနည်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ရုရှားအတွက်တော့ အဆုံးအရှုံးတန်ဖိုး ဒေါ်လာ ၆ ဘီလီယံလောက်ထိ များပြားမှာ ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ပင့်ကူအိမ် စစ်ဆင်ရေးဟာ အရမ်းထူးကဲတဲ့ ရလဒ်မျိုး ပိုင်ဆိုင်နိုင်စေခဲ့ပြီး ယူကရိန်း တစ်နိုင်ငံတည်းက အကောင်အထည်ဖော် စီစဉ်ခဲ့တာလို့ ကြွေးကြော်ခဲ့ပါတယ်။ ယူကရိန်း သမ္မတရဲ့ အဆိုအရ ဒီစစ်ဆင်ရေးကို တစ်နှစ်၊ ခြောက်လနဲ့ ကိုးရက်ကြာအောင် ကြိုတင် အချိန်ယူ ပြင်ဆင်ထားခဲ့တာလို့ သိရပါတယ်။ ပြီးတော့ ပိုင်းလော့ တစ်ဦးချင်းစီက အဝေးထိန်း စနစ်နဲ့ ထိန်းချုပ်တဲ့ ဒရုန်းပေါင်း ၁၁၇ စီးလောက်ကို စစ်ဆင်ရေးမှာ အသုံးပြုခဲ့တယ်လို့လည်း ဇီလန်စကီးက ဆိုပါတယ်။
SBUက ယူကရိန်း ဒရုန်းတွေဟာ ရုရှားရဲ့ နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ် အင်အား စုစုပေါင်း သုံးပုံတစ်ပုံလောက်ကို ဖျက်ဆီးပစ်လိုက်နိုင်ခဲ့တယ်လို့ ကြွေးကြော်ထားပြီး ရုရှားကတော့ အတည်မပြုသေးပါဘူး။ ဒါပေမဲ့ အဲဒီအချက်အလက်သာ မှန်တယ် ဆိုရင်တော့ ရုရှားရဲ့ နျူကလီးယား တိုက်ခိုက်ရေး စွမ်းရည်အပေါ် အကြီးအကျယ် ထိခိုက်သက်ရောက်စေမှာ ဖြစ်ပါတယ်။
ရုရှားဟာ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်းမှာ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ ဆက်လက် ထုတ်လုပ်ဖို့ကို ရုန်းကန်နေရပြီး ရှိရင်းစွဲ လေယာဉ်တွေကိုသာ ဆက်တိုက် အဆင့်မြှင့်တင်ပြီး သက်တမ်းချဲ့ထွင် အသုံးပြုနေရတာပါ။
SBUဟာ ရုရှားအတွက် အထိနာစေမယ့် မဟာဗျူဟာမြောက် စစ်ဆင်ရေးတွေကို အရင်ကလည်း လုပ်ဆောင်ခဲ့ဖူးပါတယ်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတုန်းက ရုရှားကုန်းမြေနဲ့ ရုရှားထိန်းချုပ်ထားရာ ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ဆက်သွယ်ဖို့ ရုရှားက တည်ဆောက်ထားတဲ့ ကာ့ချ်တံတားကြီးမှာလည်း အကြီးအကျယ် ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်အောင် SBUက တိုက်ခိုက်ခဲ့ပါတယ်။
အခုနောက်ဆုံး အကောင်အထည် ဖော်ခဲ့တဲ့ ပင့်ကူအိမ် စစ်ဆင်ရေးမှာလည်း ပစ်မှတ်ဖြစ်ခဲ့တဲ့ ရုရှား လေတပ်စခန်းတွေဟာ ယူကရိန်း နယ်စပ်နဲ့ ကီလိုမီတာ ၂၀၀၀ ကနေ ၄၀၀၀ လောက်ထိ ကွာဝေးတာတွေ ပါဝင်ခဲ့ပြီး ရုရှားအတွက် အကြီးအကျယ် အငိုက်မိစေခဲ့ပါတယ်။
ကိုးကား: Euro News
