ရှမ်း – ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့တိုက်ပွဲအတွင်း စစ်ကောင်စီက မီးလောင်ဗုံးများဖြင့် အသုံးပြုတိုက်ခိုက်နေကြောင်း မြေပြင်ရဲဘော်အချို့က ပြောသည်။
ကရင်နီပူးပေါင်းတပ်၏ခံစစ် ကျော်လွန်နိုင်ရန် ကြိုးပမ်းရာတွင် စစ်ကောင်စီတပ်သည် ပုံမှန် တိုက်ပွဲထက် လက်နက်၊ခဲယမ်းများထက် ပို၍ အသုံးပြုနေသည်ဟု ၎င်းတို့က ဆိုသည်။
“တစ်နေ့ အိမ်နှစ်လုံးနဲ့ သုံးလုံးလောက်လောင်နေတာ။စခ တွေဘက်ကတော့ ရသလောက်ကို ဒရုန်းနဲ့ ကြဲလိုက်။လေယာဥ်နဲ့ ကြဲလိုက်ပဲ” ဟု မိုးဗြဲ တိုက်ပွဲအတွင်း ရှိနေသည့် ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement
မီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်မှုကြောင့် မတ်လအတွင်း မိုးဗြဲမြို့ပေါ်၌ နေအိမ် ၁၅လုံးအထက် မီးလောင်ပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ (မတ်လ ၁၅ရက်) အသိပေးသည်။
“၄၂၂တပ်ကနေ အခု မိုးဗြဲမြို့ထဲဝင်မယ်ဆိုရင် သစ်ယာကုန်းဘက်က အိမ်တွေ။အကုန်နီးပါး ကုန်သွားပြီ။နောက်ပြီး သူတို့ တိုးဝင်မယ့် နေရာမှာရှိတဲ့အိမ်တွေပါ မီးလောင်ဗုံးအသုံးပြု ရှို့နေတာ”ဟု ကရင်နီတပ်ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီ၏ မီးလောင်ဗုံးများအသုံးပြုနေသည်ကို ရှင်းပြသည်။
စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၀ရက်ကစ၍ မိုးဗြဲမြို့ကို မီးလောင်ဗုံးနှင့် အဆိပ်ငွေ့လက်နက် များ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းဟု KNDF မိုးဗြဲ ဇုန်တပ်ရင်းမှူး သိန်းထွန်းက လူထုနွေဦးသို့ ပြောထားသည်။
လက်ရှိ စစ်ကောင်စီတပ်၏ မြေပြင်ထိုးစစ်တွင် မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းနှင့် သစ်ယာကုန်းရပ်ကွက်မှတဆင့် မိုးဗြဲမြို့အတွင်းပိုင်း ဝင်နိုင်ရန်ကြိုးပမ်းနေခြင်း ဖြစ်သည်။
ထိုးစစ်အတွင်း စစ်ကောင်စီတပ်သည် မိုးဗြဲမြို့နှင့် နှစ်မိုင် ကျော်သာကွာဝေးသည် ခမရ(၄၂၂) တပ်ရင်းကို အင်အား ၇၀၀ခန့်ဖြင့် အခြေပြုကာ စစ်ကြောင်း ငါးခုအသုံးပြုထားကြောင်း မိုးဗြဲမြို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အသိပေးသည်။
“မိုးဗြဲအခြေအနေက စစ်ရေးအရ ပြောဖို့ထက် ဘယ်လောက်ထိ သူတို့ထိုးစစ်ကိုခုခံမယ်။ပြီးရင် ပြန်ပြီး ထိုးစစ်ဆင်နိုင်မလဲဆိုတာ အရေးကြီးတယ်။သူတို့(စစ်ကောင်စီ)ဘက်ကတော့ ဒီလမကုန်ခင် မိုးဗြဲကို ပြန်ရချင်တယ်လို့ ကြားရတယ်”ဟု ၎င်းက ပြောသည်။
မတ်လ ၁၃ ရက်တွင် စစ်ကောင်စီ၏ ဒရုန်း၊ လက် နက်ကြီးများစွာ အသုံးပြုထိုးစစ်ဆင်တိုက်ခိုက်မူကြောင့် စွန့်လွှတ်ခဲ့ရသည့် ရှေ့တန်းကင်းနေရာအချို့ကို ယမန်နေ့တွင် ကရင်နီတပ်ပူးပေါင်းတပ်များ ပြန်လည်ထိုးစစ်ဆင်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက် မနည်းသေဆုံးပြီး လက်နက် ၉လက်နှင့် ခဲယမ်းများ ရရှိခဲ့သည်။
မိုးဗြဲမြို့ကို ကရင်နီတပ်ပေါင်းစုက ၂၀၂၃က ၁၁၁၁ စစ်ဆင်ရေးနှင့်အတူ စစ်ကောင်စီတပ်စွဲရာ ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင်ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း နှင့် စည်ကား၂နှင့် စက်တော်ရာတောင် ကုန်း(ခ)ဘဗျူဟာကုန်းကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။
သို့သော် မြို့စောင့်တပ် ခမရ -၄၂၂တပ်ရင်း (လက်ရှိ မိုးဗြဲထိုးစစ်တွင် စစ်ကောင်စီအထိုင်ချ တပ်စွဲထားသည့်နေရာ)ကို မရခဲ့၍ စစ်ကောင်စီက ၂၀၂၄ ဒီဇင် ဘာကစ၍ ပြန်လည်ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
