close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ် ယာယီခေါင်းဆောင်ကို သုတ်သင်ခဲ့ကြောင်း စစ်ပွဲ ရက် ၆၀၀ ပြည့်မှာ အစ္စရေး ကြေညာ

ဟားမားစ် ပြောက်ကျားအဖွဲ့ရဲ့ ယာယီခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ အစ္စရေးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

Reuters

ဟားမားစ် ပြောက်ကျားအဖွဲ့ရဲ့ ယာယီခေါင်းဆောင်ကို သုတ်သင်နိုင်ခဲ့ပြီး ဖြစ်တယ်လို့ အစ္စရေးက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

အရိပ်လို့ နာမည်ပြောင် ရထားတဲ့ မိုဟာမက် ဆင်ဝါဟာ အစ္စရေးရဲ့ စစ်ဆင်ရေး တစ်ခုမှာ သေဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့ ဂါဇာ စစ်ပွဲ ရက်ပေါင်း ၆၀၀ ပြည့်တဲ့ မေလ ၂၈ ရက်နေ့မှာ အစ္စရေး သမ္မတ ဘင်ဂျမင် နေတန်ညာဟုက ဂုဏ်ယူစွာနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဆင်ဝါဟာ အစ်ကိုဖြစ်သူ ယာယာဆင်ဝါ သေဆုံးခဲ့ချိန်နောက်ပိုင်း ဟားမားစ်ရဲ့ စစ်ဆင်ရေးတွေကို လက်တွေ့ ဦးဆောင်နေသူလို့ ယုံကြည်ရပါတယ်။ ယာယာဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းက အစ္စရေး နယ်စပ်ကို ဟားမားစ်တပ်ဖွဲ့တွေ ဖြတ်ကျော်ဝင်ရောက် တိုက်ခိုက်ခဲ့မှုမှာ အဓိက ဦးဆောင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက အစ္စရေး စစ်တပ်က သူ့ကို ရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။

အစ်ကိုဖြစ်သူဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလတုန်းက အစ္စရေး လက်ချက်နဲ့ သေဆုံးခဲ့ပြီး ညီဖြစ်သူ ယာယီခေါင်းဆောင် ဆင်ဝါ၏ကလည်း အခုလ အစောပိုင်းက ဂါဇာတောင်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအတွင်း အသက်ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ညီဖြစ်တဲ့ ဆင်ဝါလည်း သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ အစ္စရေး မီဒီယာတွေက အစောပိုင်းမှာ ဖော်ပြခဲ့ပေမယ့် အစ္စရေး အစိုးရရဲ့ တရားဝင် ကြေညာချက်ကတော့ မေလ ၂၈ ရက်နေ့မှ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

စစ်ပွဲ ရက် ၆၀၀ ပြည့် ထုတ်ပြန်ချက်မှာတော့ နေတန်ညာဟုက ဆင်ဝါကို သုတ်သင်နိုင်ခဲ့တဲ့ ကိစ္စကို အတည်ပြုခဲ့ရုံသာ မကဘဲ ဂါဇာရဲ့ ဒေသ အသီးသီးကနေ အကြမ်းဖက်သမားတွေကို မောင်းထုတ်နေတဲ့အပြင် အကြမ်းဖက် အဖွဲ့ဝင် သောင်းဂဏန်းလောက်ကိုပါ ရှင်းလင်းထားပြီး ဖြစ်တယ်လို့ ထည့်သွင်း ကြေညာသွားခဲ့ပါတယ်။ အစ္စရေးဟာ ဟားမားစ်ကို အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ် ကြေညာထားပါတယ်။

အစ္စရေး မီဒီယာတွေရဲ့ ဖော်ပြချက် အရတော့ မေလ ၁၃ ရက်နေ့က ခန်ယူနစ်မြို့မှာရှိတဲ့ ဥရောပဆေးရုံနဲ့ အနီးတဝိုက် ဧရိယာကို အစ္စရေး လေတပ်က အလုံးအရင်း ဖြန့်ကျက် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးအတွင်း ဆင်ဝါ သေဆုံးခဲ့တာလို့ ယုံကြည်ရပါတယ်။ ဟားမားစ်တွေက အစ္စရေးဟာ ဂါဇာက ဆေးရုံတွေကို ပစ်မှတ်ထားခဲ့တယ်လို့ စွပ်စွဲပြီး အစ္စရေးစစ်တပ်ကတော့ အဲဒီ ဆေးရုံတွေရဲ့ မြေအောက်ဖက်မှာ အကြမ်းဖက်သမားတွေရဲ့ စစ်ဆင်ရေး ကွပ်ကဲမှု လျှို့ဝှက်ဌာနတွေ ရှိနေကြောင်း တုံ့ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တုန်းက အစ္စရေး နယ်စပ်ကို ဟားမားစ် တပ်ဖွဲ့ဝင်တွေ အလစ်အငိုက် ဝင်ရောက်စီးနင်းပြီး လူပေါင်း ၁၂၀၀ လောက်ကို သတ်ဖြတ်ခဲ့သလို ၂၅၀ ကျော်ကို ဂါဇာပိုင်နက်ထဲ ဓားစာခံတွေအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားရာကနေ ဂါဇာစစ်ပွဲ အစပြုလာခဲ့ပါတယ်။ ရက်ပေါင်း ၆၀၀ ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ ပဋိပက္ခအတွင်း အစ္စရေးရဲ့ စစ်ဆင်ရေးတွေကြောင့် ဂါဇာမှာ လူပေါင်း ၅ သောင်းခွဲ နီးပါးလောက်ထိ အသက်ဆုံးရှုံးခဲ့ပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထောက်ပံ့ရေး ပစ္စည်းတွေ တင်ဆောင်ထားတဲ့ ထရပ်ကားတချို့ကို အစ္စရေး ဂါဇာ ကမ်းမြှောင်ဒေသထဲ ပြန်လည် ဝင်ရောက်ခွင့် ပြုခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသက ပြည်သူတွေအတွက် အခြေခံ အကျဆုံး လိုအပ်လောက်မယ့် စားနပ်ရိက္ခာ ပမာဏမျိုးကို တင်သွင်းခွင့် ပြုသွားမယ်လို့ အစ္စရေး အစိုးရက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့ ဂျေရုဆလင်မှာ ကုလသမဂ္ဂ အစီအစဉ်နဲ့ ဖွင့်လှစ်ထားတဲ့ ကျောင်း ၃ ကျောင်းကို အစ္စရေးက အတင်းအကျပ် ဖိအားပေးပြီး ပိတ်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နဲ့ အပစ်အခတ် ရပ်စဲလိုက်တာဟာ အစ္စရေးကို တိုက်ခိုက်မှုတွေနဲ့တော့ ဆက်နွှယ်မှု မရှိကြောင်း ယီမင်အခြေစိုက် ဟိုသီ လက်နက်ကိုင် အင်အားစုတွေက ပြောပါတယ်။